Border News Agency
စမ်းချောင်း၊စက်တင်ဘာ ၂၂။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်မုန့်ဈေးတန်းမှာ ကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ဓားနဲ့ထိုးခဲ့သူတွေထဲက လူငယ်ရှစ်ဦးကို ဖမ်းဆီးရမိထားတယ်။
အဲဒီစမ်းချောင်းလင့်မုန့်စျေးတန်းမှာ စက်တင်ဘာလ ၁၇ ရက်၊ညနေပိုင်းက သူရိန်ထွန်းအပါအဝင်လူငယ်အုပ်စုဟာ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးတာ၊ကျောက်ခဲနဲ့ ဦးခေါင်းကိုထုတာ၊ဝိုင်းဝန်းထိုးကြိတ်တာတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
စီစီတီဗီ (CCTV) မှတ်တမ်းတွေကိုစစ်ဆေးပြီး စက်တင်ဘာလ ၂၁ ရက်မှာ အသက်ဆယ့်လေးနှစ်မှနှစ်ဆယ့်တနှစ်ကြား အမျိုးသားခုနစ်ဦးနဲ့အမျိုးသမီးတဦး၊စုစုပေါင်းရှစ်ဦးကိုဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူတဦးမှာ လွတ်မြောက်နေဆဲဖြစ်ပါတယ်။
ရည်းစားဖြစ်သူကို တယ်လီဂရမ်မှတဆင့် နောက်ပြောင်မှုအပေါ်မကျေနပ်တာကြောင့် အခင်းဖြစ်နေရာသို့ ဖုန်းဆက်ချိန်းဆိုကာ ခုလိုအုပ်စုဖွဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပါဝင်သူတွေကို စမ်းချောင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မတွေနဲ့ အရေးယူထားပါတယ်။







