အင်တာဗျူး
Border News Agency
မြေပုံ၊စက်တင်ဘာ ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ်မှာ အသက်မပြည့်သေးသူတွေအပါအဝင် ဒေသခံပြည်သူတွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေတယ်လို့ မိဘတွေ၊မိသားစုဝင်တွေနဲ့ဒေသခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီမြေပုံမြို့နယ်၊ ကမ်းသာယာကျေးရွာအုပ်စု၊ ငပသုန်ကျေးရွာရှိ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေအပါအဝင်ကျေးရွာရှိ လူငယ်လူရွယ်တရာကျော်ထဲကအများစုကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူသွားတာလို့ မိသားစုဝင်တွေကဆိုကြပါတယ်။
အဲဒီအထဲမှာ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေအပါအဝင် မိန်းကလေးငယ်တွေ၊အမျိုးသမီးတွေလည်းပါဝင်သွားကြတယ်လို့ မိဘတွေကဆိုကြပါတယ်။
အဲဒီမြေပုံမြို့နယ်၊ကမ်းသာယာကျေးရွာအုပ်စု၊ငပသုန်ကျေးရွာမှစစ်မှုထမ်းပါသွားသူအမျိုးသမီးတဦးရဲ့မိခင်ကို Border News Agency က ဆက်သွယ်မေးထားပါတယ်။
“ကျမတို့ဆီက စုစုပေါင်းလူတရာ့ငါးဆယ်ကောက်ထားတဲ့ စာရင်းထဲကပါသွားတာ ခုနှစ်ဆယ်နဲ့ရှစ်ယောက်ပါသွားပါတယ်။”
“ခုနှစ်ဆယ်နဲ့ရှစ်ယောက်ပါသွားတဲ့ထဲက ကျမရဲ့ကျန်းမာရေးမကောင်းတဲ့သမီးတယောက်ပါသွားပါတယ်။ နေမကောင်းဘူးဆိုပြီး ဆေးခန်းသွားပြမယ်လို့လုပ်နေတဲ့အထဲက ပါသွားပါတယ်။ ဆေးလက်မှတ်တွေလည်းရှိပါတယ်။”
“မျက်လုံးကနေမကောင်းလို့ မြောက်ဦးမှာဆေးခန်းပြပြီး ရောက်တာပဲရှိပါသေးတယ်။ပြန်ပြီးနေမကောင်းဘူးပြောလို့ ဆေးခန်းသွားပြမယ်လုပ်နေတဲ့ထဲကပါသွားပါတယ်။ချန်ထားခဲ့လို့ပြောတာကိုမရဘူးဆိုပြီး ခေါ်သွားပါတယ်။”
“အိမ်မှာသူဦးဆောင်ပြီးလုပ်ပေးနေတာပါ။သူ…မလုပ်ရင်အိမ်မှာလုပ်မယ့်သူကမရှိပါဘူး။”
“ကျမကလည်းဘယ်မှမသွားတတ်ပါဘူး။လဲကျသွားတာကြောင့် ခြေတဖက်လည်းမသန်ပါဘူး။သူ့အဖေဆိုလည်းဘာမှမလုပ်နိုင်တော့ပါဘူး။အိမ်မှာအကြားအာရုံမသန်စွမ်းတဲ့အစ်မတယောက်လည်းရှိပါတယ်။”
“ဒါကြောင့်မလို့ မလိုက်စေဖို့ဆိုပြီးတင် ပြလို့လည်းမရပါဘူး။ ပါသွားပါတယ်။ ခေါ်သွားတာက မိဘတွေနဲ့လည်းတိုင်ပင်ညှိနှိုင်းချိန်လည်းမရလိုက်ပါဘူး။”
“သူတို့က အစည်းအဝေးလုပ်တယ်ဆိုပြီး စာရင်းမှာပါတဲ့သူတွေ၊ရတဲ့သူတွေကိုအကုန်လုံးခေါ်သွားပါတယ်။ ခေါ်ယူသွားတာကိုလည်း အကုန်လုံးမြင်လိုက်ပါတယ်။”
“သမီးသာမရှိရင် ကျမတို့မှာနစ်နာတာတွေကတော့အများကြီးရှိပါတယ်။ လုပ်ကျွေးမယ့်လူကမရှိရင် ကျမတို့မှာဘာတခုမှအဆင်မပြေပါဘူး။”
“သူစက်ချုပ်လို့ရတဲ့ပိုက်ဆံနဲ့ပဲစားသောက်နေကြရတာပါ။ယောကျ်ားလေးရော၊မိန်းကလေးရောအကုန်ရောပြီး ခုနှစ်ဆယ်နဲ့ရှစ်ယောက်ပါသွားတယ်။”
“သူတို့ကတော့ ကျွန်းသာယာမှာထားပါတယ်။ကျွန်းသာယာက လူကိုတော့ရမလား၊မရဘူးလားမသိပါဘူး။”
“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာကခေါ်နေလားမသိပါဘူး။”
“သူတို့ဘက်က ဘာတခုမှအကြောင်း ပြန်မလာပါဘူး။ကျမတို့က သူနေမကောင်းတာကိုတင်ပြတော့ အဲဒီမှာဆေးခန်းနဲ့ဆရာဝန်တွေရှိတယ်ဆိုပြီးပြောသွားပါတယ်။”









