နိုင်ငံတကာ

ထိုင်းမှာပစ္စည်းအမည်လွှဲကာ တရားမဝင်ထိုးဆေးရောင်းချနေတဲ့ဂိုဏ်းကို ဘတ် ၁၇ သန်းကျော်ဖိုးနဲ့အတူဖမ်းမိ 

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင်ထိုးဆေးတွေကို အခြားပစ္စည်းအမည်တွေနဲ့လွှဲပြောင်းပြီး အွန်လိုင်းကနေလှည့်ဖြားရောင်းချနေတဲ့ ဂိုဏ်းကြီးတခုကို အာဏာပိုင်တွေက ဖော်ထုတ်အရေးယူလိုက်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့ (CPPD) နဲ့ FDA တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ​အာဏာပိုင်တွေဟာ ဇန်နဝါရီလကုန်ပိုင်းကစပြီး ရာ့ချ်ဘူရီ၊ ဘန်ကောက်နဲ့ နခွန်ပထုံရှိ နေရာတွေကို အဆင့်ဆင့်ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် ၂၄ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီစီးနင်းမှုအတွင်း စုစုပေါင်းကာလတန်ဖိုး ဘတ် ၁၇ သန်းကျော်ရှိတဲ့ သက်သေခံပစ္စည်းပေါင်း ၁ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ​ဒီဂိုဏ်းဟာ စစ်ဆေးမှုတွေကို ရှောင်ရှားဖို့အတွက် Shopee နဲ့ Lazada လို အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတွေမှာ ဆေးဝါးတွေကို ရောင်စုံခဲတံ၊ အရုပ်တွေနဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းဆိုတဲ့ အမည်လွှဲတွေနဲ့ရောင်းချခဲ့တာပါ။ အဲဒိီအပြင် ပါဆယ်ပို့ရာမှာလည်း တရားမဝင်ထိုးဆေးပုလင်းတွေကို လစဉ်သုံးဂွမ်းထုပ်တွေကြားထဲ ထည့်သွင်းဖုံးကွယ်ပြီး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒိီဆေးတွေဟာ မှတ်ပုံတင်ထားတာမရှိတဲ့ အဆီကျဆေးနဲ့ အသားဖြူဆေးတွေဖြစ်ပြီး အသုံးပြုမိပါက အသက်ဆုံးရှုံးနိုင်တဲ့အပြင် ကျောက်ကပ်ပျက်စီးတာ၊ သိုင်းရွိုက်ကင်ဆာဖြစ်တာနဲ့ စိတ်ကျရောဂါခံစားရတာမျိုးတွေအထိ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်း FDA က သတိပေးထားပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဆေးဝါးအက်ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

Read more

မဲခေါင်မြစ်ကမ်းဘေးမှာ စိတ်ကြွဆေးပြား ၉ သန်းခန့် ထိုင်းရေတပ်သိမ်းဆည်းရမိ

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆဲန်မြို့နယ်ရှိ မဲခေါင်မြစ်ကမ်းစပ်မှာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေ စွန့်ပစ်ထားခဲ့တဲ့ စိတ်ကြွဆေးပြား ၉ သန်းခန့်ကို ဖေဖော်ဝါရီလ ၁၈ ရက်၊ ညပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရေတပ်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ​မြစ်တွင်းလုံခြုံရေးတပ်ဖွဲ့ (နရခ) မှ တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဖြတ်ကျော်မှုခင်းကာကွယ်ရေးအတွက် ကင်းလှည့်နေစဉ်အတွင်း ဘန်ဆဲဝ်ကျေးရွာအုပ်စုရှိ မြစ်ကမ်းဘေးမှာရပ်တန့်ထားတဲ့ သံသယဖြစ်ဖွယ်မော်တော်ယာဉ်တစီးကို စစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီယာဉ်ပေါ်မှာ အနက်ရောင်အိတ်တွေနဲ့ စနစ်တကျထည့်သွင်းထားတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၉ သန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ဒီမူးယစ်ဆေးဝါးတွေဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းတွေက မဲခေါင်မြစ်ကြောင်းကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို သယ်ဆောင်ဖို့ကြိုးပမ်းတာဖြစ်တယ်လို့ သိရပါတယ်။ ​လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မော်တော်ယာဉ်ကို ချင်းဆဲန်ရှိ နရခအခြေစိုက်စခန်းဆီ သယ်ဆောင်သွားပြီဖြစ်ပြီး ဥပဒေအရအရေးယူနိုင်ဖို့နဲ့ ဆက်စပ်တရားခံတွေကိုဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်လက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Read more

​ဖိလစ်ပိုင်သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၆၄ ဦးအထိရှိလာ

​ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ဘာစီလန်ရှိ ကမ်းလွန်ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားတဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကို ရှာဖွေရေးလုပ်ငန်းတွေအဆက်မပြတ် လုပ်ဆောင်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၈ ရက်၊မနေ့က ရုပ်အလောင်းနှစ်လောင်းကို ထပ်ပြီးရှာတွေ့ခဲ့ပါတယ်။ အဲ​ဒါကြောင့် လက်ရှိမှာ သေဆုံးသူအရေအတွက်ဟာ ၆၄ ဦးအထိ ရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ထုတ်ပြန်ထားပါတယ်။ အဲဒီ​ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ရေငုပ်သမားတွေဟာ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ဖို့အတွက် ရေအောက်ပေ ၁၀၀ ကျော် (မီတာ ၃၀ ခန့်) အနက်အထိ သွားရောက်ရှာဖွေခဲ့တာပါ။ ​အခုအချိန်အထိ အသက်ရှင်လွတ်မြောက်သူ ၂၉၃ ဦး ရှိနေပေမယ့် ပျောက်ဆုံးနေသူ ၁၅ ဦး ကျန်ရှိနေသေးတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Read more

WHO ကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ့ဆုံ

​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အဲဒီလို တွေ့ဆုံရာမှာမြန်မာနိုင်ငံအတွင်း ဆက်လက်ဆောင်ရွက်မယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အဲ​ဒီတွေ့ဆုံမှုအတွင်းမှာတော့ Dr. Thushara Fernando ရဲ့ မြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း WHO နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင်ရှေ့ဆက်ပြီးဆောင်ရွက်သွားမယ့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ​WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ဟာ အခုအခါမှာတော့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မှု သက်တမ်းပြီးဆုံးပြီဖြစ်တာကြောင့် ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Read more

​ချောင်ပူရီရှိ ဆေးစပ်စက်ရုံ အပြင်းအထန် မီးလောင်

​ထိုင်းနိုင်ငံ၊ ချောင်ပူရီခရိုင်၊ ဖန်ထောင်မြို့နယ်အတွင်းရှိ ဆေးစပ်စက်ရုံတခုမှာ ဖေဖော်ဝါရီလ ၁၈ ရက်၊နေ့လည်ပိုင်းက အပြင်းအထန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ အရှေ့ပိုင်းဒေသ မီးသတ်စေတနာ့ဝန်ထမ်းအသင်းက ထုတ်ပြန်ထားပါတယ်။ ​အဲဒီ ဆေးစပ်စက်ရုံမှာ နေ့လည် ၃ နာရီ ၁၀ မိနစ်လောက်ကစပြီး မီးတင်လောင်ခဲ့တာဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်တွေ ချက်ချင်းရောက်ရှိ ငြှိမ်းသတ်ခဲ့ပေမယ့်လည်း စက်ရုံအတွင်းမှာရှိတဲ့ ဆေးနဲ့ ဓာတုပစ္စည်းတွေကြောင့် မီးအရှိန်ဟာ ထိန်းမနိုင်သိမ်းမရ ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ညနေ ၄ နာရီခွဲအထိ တစ်နာရီခွဲကျော်ကြာတဲ့တိုင် မီးကိုမထိန်းချုပ်နိုင်သေးဘဲ အနက်ရောင် မီးခိုးလုံးကြီးတွေ ကောင်းကင်ယံအထိ တက်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ​အဲဒါကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ စေတနာ့ဝန်ထမ်းတွေနဲ့ အင်အားဖြည့်တင်းကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ ညနေ ၆ နာရီခွဲမှာတော့ မီးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီမီးလောင်မှုကြောင့် အသက်ဆုံးရှုံးသူ မရှိပေမယ့် မီးခိုးမွှန်တာနဲ့ ဒဏ်ရာအနည်းငယ် ရရှိခဲ့တဲ့ အလုပ်သမားနှစ်ဦးကိုတော့ ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ ​မီးဟာ စက်ရုံရဲ့ထုတ်လုပ်မှုလိုင်းကနေ စတင်ခဲ့တာဖြစ်ပြီး ဆေးနဲ့ သီနာဂိုဒေါင်တခုလုံး ပြာကျသွားခဲ့ရာ ပဏာမခန့်မှန်းချက်အရ ဆုံးရှုံးမှုတန်ဖိုးဟာ ဘတ် ၁၀ သန်းကျော် ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆေးစပ်စက်ရုံဖြစ်တဲ့အတွက် မီးခိုးငွေ့တွေမှာ အဆိပ်သင့်ဓာတုပစ္စည်းတွေ ပါဝင်နိုင်တာကြောင့် အနီးအနားရှိ ပြည်သူတွေအနေနဲ့ လေအောက်အရပ်မှာ မနေကြဖို့နဲ့ နှာခေါင်းစည်း (Mask) များ တပ်ဆင်ထားကြဖို့ကိုလည်း အသိပေးထားပါတယ်။ ​ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ ဒီမီးလောင်မှုဟာ ဆေးစပ်စက်အတွင်း ဓာတုပစ္စည်းတွေ ပေါက်ကွဲရာကနေတစ်ဆင့် စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Read more

​မုဒါဟန်မှာ လာအိုမှခိုးသွင်းတဲ့ဆန်နက် ၁၅ တန်နဲ့ ၁၀ ဘီးကားတစီး ဖမ်းဆီးရမိ

Border News Agency ထိုင်း၊​ ဖေဖော်ဝါရီ ၁၈။ ​ထိုင်း - လာအိုနယ်စပ်၊ မုဒါဟန်ခရိုင်အတွင်း တရားမဝင်တင်သွင်းလာတဲ့ ဆန်နက် (Riceberry) ၁၅ တန် (အိတ် ၃၀၀) နဲ့ ၁၀ ဘီးကုန်တင်ကားတစီးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၂ အကောက်ခွန်ဒေသရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။ ​အဲဒီမုဒါဟန်မြို့နယ်၊ ဘန်ကန်းကျေးရွာရှိ ဘုရားကျောင်းရှေ့မှာ သတင်းအရစောင့်ဆိုင်းစစ်ဆေးခဲ့ရာ ရွိုင်အက်လိုင်စင်ပါ ISUZU ၁၀ ဘီးကားပေါ်ကနေ အထောက်အထားမဲ့ ဆန်နက်အိတ်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ​ယာဉ်မောင်းဖြစ်သူ နိုင်ချမ်နန်ဖွန်းကို စစ်ဆေးရာမှတဆင့် ကုန်ပစ္စည်းပိုင်ရှင်နိုင်စူရချိုင်ကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီ ပိုင်ရှင်ဖြစ်သူရဲ့ ဝန်ခံချက်အရ ပါဆန်တွေကို လာအိုနိုင်ငံသားတဦးထံကနေ ဈေးပေါပေါနဲ့ဝယ်ယူကာ သုရင် (Surin) ခရိုင်သို့ပို့ဆောင်ရောင်းချဖို့ ခိုးယူတင်သွင်းလာတာ ဖြစ်ပါတယ်။ ​အဲဒီ သိမ်းဆည်းရမိတဲ့ ဆန်နဲ့ကုန်တင်ကား စုစုပေါင်းအလေးချိန် ၂၄.၇ တန်ကို ၂၀၁၇ အကောက်ခွန်အက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး ကုန်ပစ္စည်းအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းဖို့ပိုင်ရှင်က သဘောတူညီခဲ့ပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့သက်သေခံပစ္စည်းတွေကို လိုအပ်တဲ့ဒဏ်ငွေပေးဆောင်မှုနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်ဖို့ မုဒါဟန်အကောက်ခွန်ဌာနဆီ လွှဲပြောင်းပေးအပ်ထားပါတယ်။

Read more

ကျောင်းဆရာအပါအဝင် ကလေးလူကုန်ကူးသူတွေကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

Border News Agency ထိုင်း၊ ​ဖေဖော်ဝါရီ ၁၈။ ​ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာန (ATPD) ဟာဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာအွန်လိုင်းကလေး လူကုန်ကူးမှုကွန်ရက်ဖြတ်တောက်ခြင်း အထူးစစ်ဆင်ရေး ၃ ခုကို တပြိုင်နက်ဖော်ဆောင်ခဲ့ပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ​အဲဒီစစ်ဆင်ရေးမှာ အသက် ၂၈ နှစ်အရွယ် အထက်တန်းကျောင်း ကွန်ပျူတာဆရာနွန်ထဝပ်ကိုဖမ်းဆီးခဲ့ပြီး သူဟာဆိုရှယ်မီဒီယာမှာ အကောင့်တုတွေနဲ့ ကလေးငယ်တွေကို ချဉ်းကပ်ကာ ၅ နှစ်တိုင်တိုင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ ငွေညှစ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒေတာဖိုင်တွေထဲမှာ ကလေးညစ်ညမ်းဖိုင် ၁,၅၀၀ ကျော်တွေ့ရှိခဲ့ရပြီး သားကောင်ဖြစ်ရသူ ကလေး ၁၀၀ ကျော် ရှိနေပါတယ်။ ​ယသောထုံခရိုင်မှာတော့ အသက် ၂၃ နှစ်အရွယ်လိင်ပြောင်းအမျိုးသမီးဂျေဒါကို ဖမ်းဆီးခဲ့ပါတယ်။ သူမဟာ Line အပလီကေးရှင်းကနေ ကလေးညစ်ညမ်းဗီဒီယိုတွေ ရောင်းချနေသူဖြစ်ပြီး အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေးတွေကိုပစ်မှတ်ထားကာ အခပေးဂရုတွေမှာ ဗီဒီယိုတွေပြန်လည်ရောင်းချခဲ့တာပါ။ ​ယဲလားခရိုင်မှာလည်း အသက် ၁၉ နှစ်အရွယ် ဟတ်ဆန်ဆိုသူကို ထပ်မံဖမ်းဆီးခဲ့ပြီး သူဟာ Instagram မှာ အမျိုးသမီးပုံစံ အကောင့်တုနဲ့ကလေးတွေကို ရည်စားဟန်ဆောင် ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီနောက် Video Call ကနေတဆင့် ညစ်ညမ်းတဲ့အပြုအမူတွေလုပ်ခိုင်းပြီး ခိုးယူမှတ်တမ်းတင်ကာ ခြိမ်းခြောက်ငွေညှစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ​လက်ရှိမှာ CIB ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူအားလုံးကို လူကုန်ကူးမှု၊ ကလေးသူငယ်ညစ်ညမ်းရုပ်ပုံတွေ ဖြန့်ဖြူးမှု၊ အဓမ္မပြုကျင့်မှုနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာပုဒ်မတွေနဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ စစ်ဆေးနေပါတယ်။ ​ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အခုလိုအွန်လိုင်းကတဆင့် ကလေးငယ်တွေကိုလှည့်ဖျားပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နေတဲ့ ကွန်ရက်တွေကို အမြစ်ပြတ်အောင်ဆက်လက်နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။

Read more

ဝန်ကြီးချုပ်သစ်တာရက်ခ်ရာမန်နဲ့ အစိုးရအဖွဲ့ အာဇာနည်ဗိမာန်မှာ ဂါရဝပြု

Border News Agency  ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၈။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သစ် မစ္စတာတာရက်ခ်ရာမန်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာ အမျိုးသားအာဇာနည်ဗိမာန်ကို သွားရောက်ခဲ့ပါတယ်။ ​ဒါကာမြို့၊ ဆာဗာရှိ အာဇာနည်ဗိမာန်မှာ တိုင်းပြည်အတွက်အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ပန်းခွေချပြီး အလေးအမြတ်ပြု ဂါရဝပြုခဲ့ကြတာပါ။ ​နိုင်ငံ့တာဝန်တွေကို စတင်ထမ်းဆောင်ချိန်မှာ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလိုပထမဆုံးလာရောက်ခဲ့တာ ဖြစ်ပါတယ်။ ​ဒီအခမ်းအနားကို ဝန်ကြီးချုပ်သစ်နဲ့အတူ ဝန်ကြီးအဖွဲ့ဝင်တွေ၊ ပါတီတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် သန္နိဋ္ဌာန်ပြုခဲ့ကြတယ်လို့သိရပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ၁၈ လတာတာဝန်ပြီးဆုံး ဝန်ကြီးချုပ်သစ်နဲ့ တာဝန်လွှဲပြောင်းနှုတ်ဆက်

Border News Agency ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၈။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၈ လကြာ တာဝန်ယူခဲ့တဲ့ ကြားဖြတ်အစိုးရအဖွဲ့ဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာ တရားဝင်အသိပေးလာပါတယ်။ ကြားဖြတ်အစိုးရ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်ရဲ့ ပြန်ကြားရေးအဖွဲ့ကတော့ ၁၈ လတာ ခရီးစဉ်အတွင်း ဝန်းရံကူညီပေးခဲ့ကြတဲ့ပြည်သူတစ်ရပ်လုံးကို အထူးပဲကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ​အခုအခါမှာတော့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံထားရတဲ့ မစ္စတာတာရက်ခ်ရာမန်က ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ​ကျမ်းသစ္စာဆိုပွဲအပြီးမှာတော့ ဝန်ကြီးချုပ်သစ် မစ္စတာတာရက်ခ်ရာမန်နဲ့ နှုတ်ထွက်တော့မယ့် အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်တို့ဟာ အပြန်အလှန်နှုတ်ဆက်ဂါရဝပြုခဲ့ကြပြီး နိုင်ငံ့တာဝန်တွေကို ချောမွေ့စွာ လွှဲပြောင်းပေးခဲ့ကြပါတယ်။ ​ကြားဖြတ်အစိုးရရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေဟာလည်း အခုဆိုရင်ဝန်ဆောင်မှုတွေ ရပ်နားတော့မှာဖြစ်ပြီး နောက်ထပ်လှုပ်ရှားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ​ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အပြောင်းအလဲသစ်တခုဖြစ်ပြီး ကြားဖြတ်အစိုးရလက်ထက်ကနေ ရွေးကောက်ခံအစိုးရသစ်လက်ထက်ကို ကူးပြောင်းနိုင်ခဲ့တဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

Read more

နယ်စပ်ခံစစ်စခန်းတွေကို ကမ္ဘောဒီးယားစစ်တပ်နဲ့လုပ်ငန်းရှင်တွေပူးပေါင်းအဆင့်မြှင့်

ကမ္ဘောဒီးယားနိုင်ငံရဲ့ နယ်စပ်ရှေ့တန်းစစ်မျက်နှာပြင်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပိုမိုခိုင်မာလာစေဖို့အတွက် ကမ္ဘောဒီးယားတော်ဝင်တပ်မတော် (RCAF) က ခံစစ်ဘန်ကာတွေကို အရှိန်အဟုန်နဲ့ အဆင့်မြှင့်တင် တည်ဆောက်နေတယ်လို့ သိရပါတယ်။  ​အဲဒီလိုတည်ဆောက်ရာမှာ ဖနွမ်းပင်မြို့က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကလည်း နိုင်ငံတော်လုံခြုံရေးအတွက် ရှေ့တန်းစစ်သည်တွေကို အားပေးကူညီတဲ့အနေနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြပါတယ်။ ​အဲဒီ ပုဂ္ဂလိကကဏ္ဍကနေ ဘန်ကာတည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် မော်တော်ကားတာယာ ၁,၃၀၀ ကျော်နဲ့ ဆာလာအိတ်ခွံ ၂၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ ​အဲဒီ တည်ဆောက်ရေးပစ္စည်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နယ်စပ်ကို သယ်ယူခဲ့တာဖြစ်ကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ စစ်သည်တွေဟာ ကွန်ကရစ်တိုင်တွေကို ကိုယ်တိုင်ထမ်းပိုးပြီး တောင်ကုန်းပေါ်က ခံစစ်စခန်းတွေကို အင်တိုက်အားတိုက် တည်ဆောက်နေကြပါတယ်။ ​အဲဒီလို ခံစစ်စခန်းတွေ အဆင့်မြှင့်တင်တာဟာ ရှေ့တန်းရောက်စစ်သည်တွေရဲ့ ဘေးကင်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ ​ဒီလုပ်ဆောင်ချက်တွေကြောင့် နယ်စပ်တလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်မယ်လို့ ကမ္ဘောဒီးယားစစ်ဘက် သတင်းရင်းမြစ်တွေအရ သိရပါတယ်။

Read more
Page 22 of 33 1 21 22 23 33

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here