သတင်း

​ဖေဖော်ဝါရီလကုန်ပိုင်း အာရက္ခဒေသမှာမိုးထစ်ချုန်းရွာနိုင်ပြီး မြူထူတွေဆိုင်းမယ်

Border News Agency ​စစ်တွေ၊ ဖေဖော်ဝါရီ ၂၁။ ​ဖေဖော်ဝါရီလရဲ့တတိယ ၁၀ ရက်ပတ်အတွင်းမှာ အာရက္ခဒေသအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ​အာရက္ခဒေသအတွင်းမှာ မိုးထစ်ချုန်းရွာသွန်းနိုင်တဲ့အပြင် မနက်ပိုင်းအချိန်တွေမှာ ၄ ရက်ကနေ ၆ ရက်ခန့်အထိ မြူထူတွေဆိုင်းနိုင်တယ်လို့ သိရပါတယ်။ အဲဒီအပြင် ညအပူချိန်တွေအနေနဲ့လည်း ဖေဖော်ဝါရီလရဲ့ပျမ်းမျှအပူချိန်လောက်မှာပဲ ရှိနေမှာဖြစ်ပါတယ်။ ​လက်ရှိ ဂြိုဟ်တုဓာတ်ပုံတွေအရလည်း ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အာရက္ခပြည်သူတွေအနေနဲ့ မိုးဦးကျကာလလိုမျိုး မိုးထစ်ချုန်းရွာတာနဲ့ မြူထူဆိုင်းတဲ့အန္တရာယ်ကို သတိပြုနိုင်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

Read more

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ကောလ်စင်တာသုံးပစ္စည်းသေတ္တာ ၃၆ လုံး သိမ်းဆည်းရမိ

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၂၁ ။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်၊ စရကဲခရိုင်အတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ကောလ်စင်တာလုပ်ငန်းသုံးစက်ပစ္စည်းအမြောက်အမြားကို ထိုင်းအရှေ့ပိုင်းစစ်ဌာနချုပ် (Burapha Force) လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို နယ်စပ်မှောင်ခိုလမ်းကြောင်းအတိုင်း တရားမဝင်သယ်ဆောင်လာစဉ်မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ အဲဒီ​အရမ်ယပရာသက် မြို့နယ်၊ ဖန်ဆစ် ကျေးရွာအုပ်စုရှိနယ်စပ် မှောင်ခိုလမ်းကြောင်းမှာ အမှတ် ၁၂၀၄ ခြေလျင်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၉ ရက်ကနေ ၂၀ ရက်အတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတားဆီးရေး လှည့်ကင်းဆောင်ရွက်နေချိန်မှာ ခုလိုတွေ့ရှိခဲ့တာပါ။ ကမ္ဘောဒီးယားဘက်ကနေ ထိုင်းနိုင်ငံထဲကို သေတ္တာတွေသယ်လာတဲ့ လူ ၁၀ ဦးခန့်ကို စစ်ဆေးဖို့ကြိုးပမ်းချိန်မှာ အဲဒီလူအုပ်စုကပစ္စည်းတွေကိုပစ်ချပြီး ကမ္ဘောဒီးယားဘက်ကို ပြန်လည်ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ​နယ်မြေအတွင်း အသေးစိတ်ရှာဖွေမှုတွေအရ ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းမှာသေတ္တာ ၁၈ လုံးနဲ့ ဖေဖော်ဝါရီလ၂၀ ရက် မနက်ပိုင်းမှာနောက်ထပ် ၁၈ လုံး၊ စုစုပေါင်းသေတ္တာ ၃၆ လုံးကို သိမ်းဆည်းရမိခဲ့တာပါ။ အဲဒီသေတ္တာတွေကို ဖွင့်ဖောက်စစ်ဆေးရာမှာတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အသုံးပြုတဲ့ဆက်သွယ်ရေးကိရိယာတွေ၊ ကွန်ပျူတာအစုံလိုက်၊ ကီးဘုတ်တွေနဲ့ ဝိုင်ယာကြိုးအပါအဝင် ဆက်စပ်ပစ္စည်းအများအပြားကို တွေ့ရှိခဲ့ပါတယ်။ ​အွန်လိုင်းကနေငွေလိမ်ရာမှာ တာဝန်ရှိသူတွေအဖြစ် ဟန်ဆောင်နိုင်ဖို့အတွက် CIB (ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့) တံဆိပ်ပါရဲဦးထုပ်နှစ်လုံးအပြင် အဝတ်အထည်၊ ဖိနပ်နဲ့ကိုယ်ရေးကိုယ်တာသုံး ပစ္စည်းတွေကိုပါ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပစ္စည်းတွေဟာ ကမ္ဘောဒီးယားအခြေစိုက် ငွေလိမ်ဂိုဏ်းတွေကနေ ထိုင်းနိုင်ငံအတွင်းက သူတို့ရဲ့အဖွဲ့ဝင်တွေဆီ ပို့ဆောင်တာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ယူဆထားကြပါတယ်။ ​အဲဒီသိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းအားလုံးကို သက်ဆိုင်ရာဌာနအသီးသီးသို့ လွှဲပြောင်းပေးအပ်ထားပြီး ဒီဂိုဏ်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Read more

မူးယစ်ဆေးကြောင့် စိတ်ဖောက်ပြန်သူတွေနဲ့တိုင်ကြားမှု ၁ သောင်းကျော်ကို ONCB ဖြေရှင်း 

​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၁။ ​ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ဟာ ပြည်သူတွေဆီကတိုင်ကြားလာတဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အမှုပေါင်း ၁၁,၀၀၀ ကျော်ကို ကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီးနောက် လူထုအတွင်းမူးယစ်ဆေးကြောင့် စိတ်ဖောက်ပြန်ကာ အကြမ်းဖက်နေသူတွေကိုဖယ်ရှားနိုင်ဖို့ အရှိန်အဟုန်နဲ့ဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ​၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကနေ ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီလ ၁၈ ရက်အထိ ကာလအတွင်းမှာ ONCB ရဲ့ ၁၃၈၆ အရေးပေါ်ဖုန်းလိုင်းကို မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ တိုင်ကြားမှုပေါင်း ၁၁,၉၃၂ ခုအထိ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီ တိုင်ကြားမှုတွေကိုစိစစ်တဲ့အခါမှာ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်နေတဲ့ မူးယစ်ဆေးစွဲသူ ၂၃၁ ဦးကို တွေ့ရှိခဲ့ရပြီး အဲဒီထဲက ၈၆ ဦးဟာ လူသတ်ဖို့ကြိုးပမ်းတာ၊ လူထုအတွင်းသောင်းကျန်းတာနဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အုပ်စုဖြစ်တယ်လို့ ဆိုပါတယ်။ အဲ​ဒါကြောင့် ONCB က သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး အကြမ်းဖက်မှုဖြစ်စဉ် ၈၆ ခုအနက် ၈၃ ခုကို ချက်ချင်းဝင်ရောက် ထိန်းချုပ်နိုင်ခဲ့သလို ကျန်ရှိနေတဲ့ ၃ ခုကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ​ဆေးကုသဖို့လိုအပ်တဲ့ ၄၄ ဦးကို ဆေးရုံပို့ပြီး စနစ်တကျဆေးဖြတ်ကုသမှုခံယူစေခဲ့သလို ကျန် ၂၃ ဦးကိုတော့ ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီးကျန်နေသေးတဲ့ ၈ ဦးကိုတော့ ဒေသအတွင်းကနေဖယ်ရှားခဲ့ပြီး တခြားပတ်သက်သူတွေကိုလည်း စစ်ဆေးမှုတွေပြုလုပ်ကာ ကတိခံဝန်ချက်တွေရယူခဲ့တယ်လို့ ဆိုပါတယ်။ ​ONCB အတွင်းရေးမှူးချုပ် Pol. Maj. Suriya Singhakamol က "၁၃၈၆ ဖုန်းလိုင်းဆိုတာ မူးယစ်ဆေးရောင်းသူတွေကို ဖမ်းဖို့တင်မဟုတ်ဘဲ မူးယစ်ဆေးကြောင့် စိတ်ဖောက်ပြန်နေသူတွေရဲ့အန္တရာယ်ကနေ မိသားစုနဲ့လူ့အဖွဲ့အစည်းကို ကာကွယ်ပေးဖို့လည်း ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ ​ပြည်သူတွေအနေနဲ့ မိမိတို့ပတ်ဝန်းကျင်မှာ မူးယစ်ဆေးကြောင့်စိတ်ဖောက်ပြန်ကာ အန္တရာယ်ပြုနိုင်သူတွေရှိရင် "၁၃၈၆" ဖုန်းလိုင်းကို ၂၄ နာရီပတ်လုံးဆက်သွယ်နိုင်ပြီး သတင်းပေးသူတွေရဲ့ အချက်အလက်ကိုလည်း လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းပေးသွားမယ်လို့ အသိပေးထားပါတယ်။

Read more

လယ်ဒိုမှာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းရတဲ့ တပ်သား ၁၀ ဦးအလင်းဝင်

Border News Agency  လယ်ဒို၊ ​ဖေဖော်ဝါရီ ၂၁။ ​ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ထဲမှာ စစ်ကော်မရှင်တပ်ဆီအတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာခံရတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သား ၁၀ ဦးလက်နက်ချအလင်းဝင်လာတယ်လို့ ကေအဲန်ယူ - ဗဟိုက ဖေဖော်ဝါရီလ ၂၁ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ အလင်းဝင်လာသူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၃၊ ၁၅ နဲ့ ၁၆ က သင်တန်းဆင်းတွေဖြစ်ပြီး တပ်ရင်းအသီးသီးမှာ တာဝန်ကျနေရင်းကနေ ထွက်ပြေးလာကြတာလို့ဆိုပါတယ်။ ​ပထမအသုတ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ခမရ - ၄၃၉ တပ်ရင်းက တပ်သား ၄ ဦးဖြစ်တဲ့ မောင်သက်လွင်စိုး၊ မောင်သက်လွင်ဦး၊ မောင်ချစ်မောင်မောင်နဲ့ မောင်ချစ်ဝေဖြိုးတို့ဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ဆီကို အရင်ဆုံးရောက်ရှိလာခဲ့တာပါ။ သူတို့ဟာ စစ်သင်တန်းဆင်းပြီးနောက် ရှေ့တန်းတပ်ရင်းတွေမှာ အတင်းအဓမ္မတာဝန်ပေးခိုင်းစေခံရတာကြောင့် အခွင့်သာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေဆီကို ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီအပြင် ဖေဖော်ဝါရီလ၂၀ ရက်နေ့မှာတော့ ခမရ - ၅၉၈ တပ်ရင်းကတပ်သား ၆ ဦးဖြစ်တဲ့ မောင်မျိုးဝင်းဇော်၊ သန်းဌေးအောင်၊ ကျော်လင်းထက်၊ ရဲကျော်သူဝင်း၊ တင်မောင်မြင့်နဲ့ ဖိုးသားတို့ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ဆီ ထပ်မံအလင်းဝင်လာတယ်လို့ဆိုပါတယ်။ အဲဒီ အသက် ၂၄ နှစ်ကနေ ၄၈ နှစ်အထိ ပါဝင်တဲ့တပ်သားတွေဟာ စစ်ကော်မရှင်တပ်ရဲ့ ဖိအားပေးစေခိုင်းမှုတွေအောက်မှာ ဆက်လက်မနေလိုတော့တာကြောင့် အခုလိုဆုံးဖြတ်ချက်ချခဲ့ကြတယ်လို့ ဆိုပါတယ်။ ​အခုလို အလင်းဝင်လာသူတွေနဲ့ပတ်သက်ပြီး ဒီတပ်သားတွေအားလုံးဟာ သူတို့ဆန္ဒမပါဘဲအတင်းအဓမ္မ ဖမ်းဆီးစစ်မှုထမ်းခိုင်းခံရသူတွေဖြစ်လို့ ကေအဲန်ယူအနေနဲ့ လူသားဆန်စွာ ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်လို့ ကေအဲန်ယူဘက်က ပြောဆိုထားပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်ထဲမှာ အဲဒီလိုအခက်အခဲကြုံနေရတဲ့ တခြားသူတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ် အလင်းဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Read more

ထိုင်းမှာ ကားအစိတ်အပိုင်းဖြုတ်ရောင်းတဲ့ဂိုဏ်းကိုစီးနင်းရာ ပိုင်ရှင်မဲ့ကားတွေ သိမ်းဆည်းရမိ

​ထိုင်းနိုင်ငံ၊ မုဒ္ဒါဟန်ခရိုင် (Mukdahan) ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်း ၂၃၄ နဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဒွန်တန်မြို့နယ်အတွင်းရှိကားအစိတ်အပိုင်းဖြုတ်ရောင်းနေတဲ့နေရာတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ပိုင်ရှင်မဲ့ကားတွေနဲ့အတူ အပိုပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ​ဒီစီးနင်းမှုအတွင်းမှာ သက်သေခံပစ္စည်းတွေအဖြစ် ယသောသွန်လိုင်စင်နံပါတ် ບບ-၃၂၉၁ ပါ Toyota Revo အဖြူရောင် နဲ့ ဘန်ကောက်လိုင်စင်နံပါတ် ၂ခသ-၄၁၈၂ ပါ Toyota Revo မီးခိုးရောင်ကားအကြွင်းအကျန်တွေအပြင် ကားသော့တွေကိုပါ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ ​အဲဒီအပြင် ကားကိုယ်ထည်အကြွင်းအကျန် ၂ ခုနဲ့ အိတ်ဇောပိုက် ၂ ခုတို့ကိုပါ ရှာဖွေတွေ့ရှိခဲ့ပြီး ကားကိုယ်ထည်နံပါတ်တွေဖြစ်တဲ့MR0JBBCC90182582 နဲ့ MR0CBBCD70041738 တို့ ဖြစ်ကြပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်၊မနက် ၁၁ နာရီခန့်မှာ ဒွန်တန်မြို့နယ်၊ ဖိုးဆိုင်းတိုက်နယ်၊ ဘန်နာဖိုးကျေးရွာရှိ ရော်ဘာခြံတခုအတွင်း မသင်္ကာဖွယ်ရာ လူတစုက ကားကိုယ်ထည်တွေဖြုတ်ရောင်းနေတယ်ဆိုတဲ့ သတင်းပေးချက်အရ တာဝန်ရှိသူတွေက ပူးပေါင်းစစ်ဆေးခဲ့တာလို့ သိရပါတယ်။ ​အဲဒီနေရာကို သွားရောက်စစ်ဆေးချိန်မှာတော့ ကားတွေကိုအစိတ်အပိုင်းဖြုတ်ထားတဲ့ အကြွင်းအကျန်တွေကိုသာ တွေ့ရှိခဲ့ရပြီး၊ ရော်ဘာခြံပိုင်ရှင်အပါအဝင် ဘယ်သူ့ကိုမှ မတွေ့ရှိခဲ့ရပါဘူး။ အဲ​ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက သက်သေခံပစ္စည်းအားလုံးကို သိမ်းဆည်းကာ ဒွန်တန်ရဲစခန်းဆီကို ပို့ဆောင်ခဲ့ပါတယ်။ ​အဲဒီ ရဲတပ်ဖွဲ့အနေနဲ့ ရော်ဘာခြံပိုင်ရှင်ကို ခေါ်ယူစစ်ဆေးဖို့ စုံစမ်းနေပြီး ခိုးယူလာတဲ့ကားတွေ ဟုတ်၊မဟုတ်နဲ့ ကားပိုင်ရှင်အစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။

Read more

စင်ကာပူနိုင်ငံ့ဝန်ထမ်း ၂၂,၀၀၀ ကျော် လစာ ၉ ရာခိုင်နှုန်းအထိ တိုးမည်

​စင်ကာပူအစိုးရက နိုင်ငံအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပေါင်း ၂၂,၀၀၀ ကျော်ရဲ့ လုပ်ခလစာတွေကို လာမယ့် လာမယ့်ဩဂုတ်လ ၁ ရက်နေ့ကစပြီး ၂ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားမယ်လို့ ပြည်သူ့ဝန်ဆောင်မှုဌာန (Public Service Division - PSD) က ဖေဖော်ဝါရီလ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲ​ဒီလစာတိုးမြှင့်မှုဟာ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ထမ်းအမျိုးအစားအလိုက် ပြန်လည်သုံးသပ်ပြင်ဆင်တာဖြစ်ပြီး ပြင်ပစျေးကွက်ပေါက်စျေးနဲ့ လစာကွာဟချက်ကြီးမားတဲ့ အဆင့်တွေကို ပိုမိုတိုးမြှင့်ပေးသွားမှာလို့ သိရပါတယ်။ ​လစာတိုးမြှင့်မယ့် နှုန်းထားတွေကတော့ နည်းပညာဝန်ထမ်းတွေက ၄ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်း၊စီမံခန့်ခွဲမှုနဲ့ ကော်ပိုရိတ်အကူဝန်ထမ်းတွေက ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကူဝန်ထမ်းတွေက ၄ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိအသီးသီး တိုးမြင့်သွားမှာဖြစ်ပါတယ်။ ​ပြင်ပစျေးကွက်ရဲ့ လစာနှုန်းထားတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့နဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အခုလို တိုးမြှင့်တာဖြစ်တယ်လို့ PSD က ပြောကြားခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများသမဂ္ဂ (AUPE) နဲ့ အနီးကပ်ညှိနှိုင်းဆွေးနွေးပြီးမှ ချမှတ်ခဲ့တာပါ။ ​AUPE အထွေထွေအတွင်းရေးမှူးချုပ် Sanjeev Kumar Tiwari က အခုလစာတိုးမြှင့်မှုဟာ သင့်လျော်တဲ့ အချိန်အခါဖြစ်ပြီး အထူးသဖြင့် အခြေခံနဲ့ အလယ်အလတ်လစာရရှိတဲ့ ဝန်ထမ်းတွေရဲ့ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရာရောက်ပါတယ်" လို့ ကြိုဆိုစကား ပြောကြားခဲ့ပါတယ်။ ​ဒါ့အပြင် လုပ်ငန်းတာဝန်တွေ ပိုမိုဖိစီးလာချိန်မှာ အခုလိုလစာတိုးမြှင့်ပေးတာဟာ ဝန်ထမ်းတွေအတွက် လက်တွေ့ကျတဲ့ အသိအမှတ်ပြုမှုတခုဖြစ်တယ်လို့လည်းသူက ဆိုပါတယ်။ ​စင်ကာပူအစိုးရဟာ နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ဝန်ထမ်းပေါင်း ၂၃,၀၀၀ ကျော်ကို ၅ ရာခိုင်နှုန်းကနေ ၁၄ ရာခိုင်နှုန်းအထိ လစာတိုးမြှင့်ပေးခဲ့ဖူးတယ်လို့သိရပါတယ်။

Read more

မင်းပြားမှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ULA/AA က ငွေကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ဂုဏ်ပြု

​၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မင်းပြားခရိုင်အတွင်းမှာဖေဖော်ဝါရီလ၂၀ ရက်၊မနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ပွဲကျင်းပရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တာပါ။ အဲဒီ ​အတွင်းမှာ ချင်း၊သက္ကမ တိုင်းရင်းသားတွေနဲ့အတူ အာရက္ခစစ်သည်တော်တွေက ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး စုပေါင်းစည်းလုံးမှုကို ပြသခဲ့ကြပါတယ်။ ​ULA/AA ဘက်ကလည်း ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့ သဝဏ်လွှာဖတ်ကြားခဲ့သလို နောင်နှစ်တွေမှာလည်း ဒီထက်မက ပိုမိုပံ့ပိုးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ​ပလက်ဝအပါအဝင် အာရက္ခဒေသအတွင်းက ခရိုင်အသီးသီးမှာချင်းအမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

Read more

ရယောင်မြို့ဈေးမှာ မူးယစ်ဆေးဖြန့်ဖြူးသူတဦးဆေးပြား ၂,၇၀၀ ကျော်နဲ့ဖမ်းခံရ

​ထိုင်းနိုင်ငံ၊ ရယောင်မြို့နယ်၊ ကချတ်ဈေးအတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတဦးကို မူးယစ်ဆေးပြား၂,၇၃၀ ပြားနဲ့အတူ ဖေဖော်ဝါရီလ ၂၀ ရက်၊ မနေ့က အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ​အဲဒီ ရယောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် "Re-X Ray" စစ်ဆင်ရေးကို လုပ်ဆောင်နေစဉ်အတွင်း အခုလို ဈေးထဲမှာ ဆေးပြားတွေ ရောင်းချနေတဲ့ သတင်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် တရားခံ ဂျင်ဝစ် (Jenwit) ဆိုသူဟာ လူမှုကွန်ရက်ကနေတဆင့် ဒေသတွင်းကလူငယ်တွေနဲ့ အလုပ်သမားတွေဆီကို ဆေးပြားတွေ ဖြန့်ဖြူးနေတာကြောင့် အာဏာပိုင်တွေက အရပ်ဝတ်နဲ့ ဝယ်ယူဟန်ဆောင်ပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာပါ။ ​အဲဒီ တရားခံရဲ့ ထွက်ဆိုချက်အရ သူဟာ မူးယစ်ကွန်ရက်တွေဆီကနေ ဆေးပြားတွေကို လက်ခံရယူပြီး အမြတ်အစွန်းအတွက် အကြိမ်ကြိမ် ပြန်လည်ရောင်းချနေတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ အဲဒီ တရားခံကို စမ်နပ်ထောင်ရဲစခန်းဆီ လွှဲပြောင်းပေးထားပြီး သူနဲ့ ဆက်နွှယ်နေတဲ့ မူးယစ်ကွန်ရက်တွေကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Read more

​မောင်တောဒေသမှာ စားဝတ်နေရေး အခက်အခဲကြောင့် တောင်းရမ်းစားသောက်သူ များပြားလာ

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာအလုပ်အကိုင် ရှားပါးမှုတွေကြောင့် ကလေးသူငယ်တွေကိုပါခေါ်ပြီး တောင်းရမ်းစားသောက်နေနေသူတွေ များပြားလာနေတယ်လို့ မောင်တောမြို့ခံတွေကဆိုကြပါတယ်။  မောင်တောမြို့သိမ်းတိုက်ပွဲ ကာလအတွင်းမှာ ဒေသတွင်းရှိ ရခိုင်၊မွတ်ဆလင်နဲ့ ဟိန္ဒူ အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်တွေပြတ်တောက်သွားပြီး ဝင်ငွေမရှိတော့တာကြောင့် အခုလို တောင်းရမ်းစားသောက်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။ ​“အဓိကကစားဝတ်နေရေး ခက်ခဲလို့ပါ။ ကလေးတွေကိုပါခေါ်ပြီး တောင်းရမ်းနေတာ မြင်ရတာအတော်လေး အရုပ်ဆိုးပေမဲ့လည်း မိသားစုထမင်းတနပ် စားနိုင်ဖို့က သူတို့အတွက်အဓိက ဖြစ်နေပါတယ်။" လို့မောင်တောမြို့ရှိမွတ်ဆလင်လူကြီးတဦးက Border News Agency ကိုပြောပါတယ်။  မောင်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ကလေးငယ်တွေကို ချီပိုးပြီးတောင်းရမ်းနေတာတွေကို နေ့စဉ်တွေ့မြင်နေရတာဖြစ်လို့ ဒါဟာ ဒေသတွင်းက ဆင်းရဲနွမ်းပါးမှု ပြဿနာကိုဖော်ပြနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အာရက္ခဒေသမှာ ​အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးတာကြောင့် အခြေခံလူတန်းစားတွေဟာ စားနပ်ရိက္ခာအတွက် အခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရပြီး အဲဒီအခြေအနေတွေကိုအမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။ 

Read more

​ပုလောစခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ၁၇ ရက်၊မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီပုလောမြို့နယ်၊တောင်ခေါင်းလောင်းရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီခန့်အကြာမှာပဲ စခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သလို တခြား ၃ ဦးကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ထားပါတယ်။  ​အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဆီကနေ ၆၀ မမ ဗုံးသီး ၁၀ လုံး၊အီနာဂါ ၂ လုံးနဲ့ တခြားစစ်အသုံးအဆောင် ဆက်စပ်ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီ တပ်စခန်းကိုဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ အထူးတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT) နဲ့ သရက်ချောင်းပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (TPDGF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Read more
Page 45 of 275 1 44 45 46 275

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here