သတင်း

​မောင်တောဒေသမှာနွေစပါး စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်နေ

​အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ အနောက်ဘက်နယ်စပ် မောင်တောဒေသမှာ ဒီနှစ်နွေစပါးစိုက်ပျိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုမိုဖြစ်ထွန်း အောင်မြင်နေတယ်လို့ သိရပါတယ်။ ​အာရက္ခဒေသရဲ့ အနာဂတ် စားနပ်ရိက္ခာဖူလုံရေးအတွက် မောင်တောဒေသအတွင်းမှာရှိတဲ့ ဆည်တွေနဲ့ ရေချိုတောင်ကျချောင်းတွေရှိရာ နေရာတွေကို အဓိကထားပြီး ဒီ ၂၀၂၆ ခုနှစ်အတွင်းမှာ အားတက်သရော စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။ ​အခုလို နွေစပါးတွေအောင်မြင်ဖြစ်ထွန်းနေတာကြောင့် လာမယ့်ရာသီမှာဒေသတွင်း ဆန်စပါးလိုအပ်ချက်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက်လည်းရိက္ခာအခက်အခဲကို ပြေလည်စေမှာပါ။ ​အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဒေသခံတောင်သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်လာနိုင်သလို စိုက်ပျိုးရေရရှိဖို့ကိုလည်း တာဝန်ရှိသူတွေဘက်က ပံ့ပိုးပေးနေတာကြောင့် ပိုမိုဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်ဦးမော့လာအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လမ်းညွှန်မှုနဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သစ်အဖြစ် တာရစ်ရာမန် ကျမ်းသစ္စာကျိန်ဆို

Border News Agency ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၇။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ BNP ပါတီဥက္ကဌ မစ္စတာတာရစ်ရာမန်ဟာ ဒီနေ့မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ ​ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဒါကာမြို့ရှိ လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပါတယ်။ ​အဲဒီအခမ်းအနားမှာ ဝန်ကြီးချုပ်သစ်နဲ့အတူ BNP ပါတီကနေရွေးချယ်ထားတဲ့ ဝန်ကြီးအဖွဲ့ဝင်သစ်တွေကလည်း နိုင်ငံ့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အသီးသီးကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

Read more

​သံတောင်မှာ စစ်ကော်မရှင်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ နေအိမ် ၆ လုံးပျက်စီး

Border News Agency သံတောင်၊​ ဖေဖော်ဝါရီ ၁၇။ ​ကေအဲန်ယူ တောအူးခရိုင်၊ ဒေါ်ဖားခို (သံတောင်) မြို့နယ်ထဲက ကွင်းချောင်းကျေးရွာအတွင်းကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ကွင်းချောင်းကျေးရွာအတွင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် ဒရုန်းဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။ ​အဲဒီဗုံးသီးကြောင့် ကျေးရွာအတွင်းရှိနေအိမ်တွေအမိုးနဲ့ နံရံတွေပျက်စီးသွားခဲ့ရသလို အနီးအနားကပြည်သူပိုင်ပစ္စည်းတချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။ ​အဲဒီတောအူးခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဒရုန်းတွေအပြင်လက်နက်ကြီးတွေနဲ့ပါ မကြာခဏပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ​အဲဒီလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်ပြီး နေထိုင်နေကြရပါတယ်။

Read more

ဘန်ကောက်မှာ အမေရိကန်အမျိုးသားတဦးသတ်ဖြတ်ခံရမှု မြန်မာအလုပ်သမား ၄ ဦး ဖမ်းဆီးခံရ

Border News Agency ဘန်ကောက်၊​ ဖေဖော်ဝါရီ ၁၇။ ​ဘန်ကောက်မြို့၊ Jom Thong ခရိုင်မှာ အသက် ၅၅ နှစ်အရွယ် အမေရိကန်အမျိုးသားတဦးကိုသတ်ဖြတ်မှုနဲ့ မြန်မာအလုပ်သမား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေကတော့ ကိုဇော်ငြိမ်းဦး၊ ကိုဇော်သက်၊ ကိုဇော်မင်းသူနဲ့ ကိုသီရို တို့ဖြစ်ပြီး သူတို့နဲ့အတူ သက်သေခံဓားတချောင်းနဲ့ သံတုတ်တချောင်းကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ ​အဲဒီအသတ်ခံရသူ အမေရိကန်နိုင်ငံသား Cole Stein Heath ဟာ ဓားဒဏ်ရာ ၅ ချက်၊ ခြေထောက်ကျိုးဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့တာပါ။ သူတို့အားလုံးဟာ ပလတ်စတစ်စက်ရုံတခုမှာ အတူအလုပ်လုပ်ကြပြီး အလုပ်သမားအဆောင်မှာလည်း အတူနေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီသေဆုံးသူ အမေရိကန်အမျိုးသားဟာ ဖမ်းဆီးခံရသူတဦးရဲ့ ညီမဖြစ်သူ မနမ့်ဖိုင်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြရာကနေ ပြီးခဲ့တဲ့တလလောက်က လမ်းခွဲဖို့ကြိုးစားရာမှာ အမေရိကန်အမျိုးသားဘက်က လက်မခံဘဲဆက်တိုက်နှောင့်ယှက်နေခဲ့တာကနေ စတင်ခဲ့တာပါ။ ​အခင်းမဖြစ်ခင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း အမေရိကန်အမျိုးသားဟာ ဓားတချောင်းကိုင်ပြီး မိန်းကလေးရဲ့အခန်းကိုရောက်လာကာ အထဲမှာရှိနေတဲ့မြန်မာအလုပ်သမားတွေကို ထိုးဖို့ကြိုးစားခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်ကြောင့် အလုပ်ရှင်ဖြစ်သူက မြန်မာအလုပ်သမားတွေကိုခေါ်ပြီး ရဲစခန်းမှာ အမှုသွားဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။ ​ဒါပေမယ့် ဖေဖော်ဝါရီလ ၁၆ ရက်မှာတော့ အမေရိကန်အမျိုးသားဟာ စက်ရုံကိုဓားကိုင်ပြီး ထပ်ရောက်လာပြန်တာကြောင့် မြန်မာအမျိုးသား ၄ ဦးနဲ့ ဝိုင်းဝန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ မြန်မာအလုပ်သမားတွေဘက်ကတော့ ဒါဟာကိုယ့်ကိုယ်ကိုယ်ကာကွယ်ရင်း ဖြစ်သွားတာဖြစ်ပြီး သေစေလိုတဲ့ရည်ရွယ်ချက်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ ​လက်ရှိမှာတော့ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၄ ဦးကို ဘယ်လိုပုဒ်မတွေနဲ့ အရေးယူမလဲဆိုတာကိုတော့ အပြီးသတ်ဆုံးဖြတ်တာ မရှိသေးဘူးလို့ သိရပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲအနိုင်ရ BNP ပါတီကို အာဏာလွှဲပြောင်းပေးအပ်

Border News Agency  ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၇။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအနိုင်ရထားတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ပါမောက္ခယူနွတ်စ်ဦးဆောင်တဲ့ ယာယီအစိုးရအဖွဲ့ကနေ နိုင်ငံ့အာဏာကို တရားဝင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ယာယီအစိုးရအကြီးအကဲ ယူနွတ်စ်ဟာ မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ရာထူးကနေနှုတ်ထွက်သွားခဲ့ပြီး အာဏာရလာမယ့် BNP ပါတီနဲ့ လွှတ်တော်အမတ်တွေကို တရားမျှတပြီးဒီမိုကရေစီဆန်တဲ့ နိုင်ငံသစ်တခု တည်ဆောက်ကြဖို့လည်း မှာကြားခဲ့ပါတယ်။ ​ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာတော့ ရွေးကောက်ခံလွှတ်တော်အမတ်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ပြုလုပ်ခဲ့ကြပြီး ဒါဟာ ၂၀၂၄ ခုနှစ် ကျောင်းသားလူထုအုံကြွမှုအတွင်း သေဆုံးခဲ့သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ အခုလိုနေရာပြောင်းလဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ​အခုအကြိမ် ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲမှာတော့ လွှတ်တော်အမတ် ၂၉၇ ဦး ရွေးကောက်ခံခဲ့ရပြီး အဲဒီအထဲက ၂၀၉ ဦးဟာ BNP ပါတီကဖြစ်တာကြောင့် အစိုးရဖွဲ့စည်းခွင့်ကို ရရှိမှာဖြစ်သလိုပါတီဥက္ကဌ တာရစ်ရာမန်ကိုလည်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ​ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တာရစ်ရာမန်အပါအဝင် အမတ်အားလုံးကျိန်ဆိုပြီးသွားရင်တော့ လွှတ်တော်ဥက္ကဌကို ရွေးချယ်ပြီးလွှတ်တော်ကို တရားဝင်ဖွဲ့စည်းမှာဖြစ်သလို ဝန်ကြီးချုပ်သစ်ခန့်အပ်ရေးအတွက် သမ္မတဆီကိုဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ ​နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကနေ ဝန်ကြီးချုပ်သစ်နဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို ခန့်အပ်ပြီးရင်တော့ ကျမ်းသစ္စာကျိန်ဆိုပွဲတွေဆက်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသစ်ဟာ နိုင်ငံ့တာဝန်တွေကို တရားဝင်စတင်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။

Read more

အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း နှစ်လကြာပိတ်ပင်

Border News Agency  ပလက်ဝ၊ ဖေဖော်ဝါရီ ၁၇။ ​ချင်းပြည်၊ ပလက်ဝမြို့နယ်ထဲကို ကုန်ပစ္စည်းလာပို့တဲ့ မီဇိုရမ်ပြည်နယ်သား ယာဉ်မောင်းတဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကိုနှစ်လကြာပိတ်ထားဖို့ လောင်တလိုင်ခရိုင်တရားသူကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလောင်တလိုင်ခရိုင်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နောက်ထပ်အမိန့်မရမချင်း ပိတ်ထားမှာဖြစ်သလို နိုင်ငံခြားသားတွေခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်တာနဲ့ ကုန်ပစ္စည်းသယ်တာတွေကိုလည်း လုံးဝခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ အဲဒီ လောင်တလိုင်မြို့ AOC ရပ်ကွက်မှာနေတဲ့ အသက် ၃၇ နှစ်အရွယ် Pu Lalremsanga ဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Pickup ကားတစီးနဲ့ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာဘက်ကို ကုန်ပစ္စည်းသွားပို့ရင်း ပျောက်ဆုံးသွားခဲ့တာပါ။ ​သူပျောက်ဆုံးနေတုန်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရှင်းလက်ဝဘက်ရှိ မြန်မာနိုင်ငံသားတဦးက သေဆုံးသူရဲ့ ကားသော့နဲ့ လိုင်စင်တွေကိုလာပေးခဲ့ပေမယ့် လူပျောက်တာနဲ့ပတ်သက်လို့တော့ ဘာမှမသိဘူးလို့ ပြောဆိုခဲ့တာကြောင့် CYLA အဖွဲ့က အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ ​အဲဒီနောက် ရှာဖွေမှုတွေလုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းမှာတော့ မြန်မာ - မီဇိုရမ် နယ်စပ်ချောင်းထဲမှာ Pu Lalremsanga ရဲ့ ရုပ်အလောင်းကိုပြန်တွေ့ခဲ့ရပြီး ဒီဖြစ်စဉ်ကြောင့် ဗဟိုလိုင်လူငယ်အသင်းနဲ့ Pickup အသင်းတို့ကလည်း နယ်စပ်လမ်းတွေကို ပိတ်ထားဖို့ကြေညာခဲ့ကြပါတယ်။ အခုလို ယာဉ်မောင်းသေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးခင်အထိ လောင်တလိုင်နဲ့ ရှာဟာခရိုင်အတွင်းက နယ်စပ်ကုန်သွယ်ရေးလမ်းအားလုံးကို ပိတ်ထားမှာဖြစ်လို့ ပလက်ဝနဲ့ရခိုင်ဘက်ကိုကုန်စည်စီးဆင်းမှုတွေ အခက်အခဲရှိလာနိုင်တယ်လို့ သိရပါတယ်။

Read more

သံတွဲမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်

Border News Agency သံတွဲ၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်သွားခဲ့ပါတယ်။ အဲဒီသံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုစိုးလွင် (ခ) ကိုကို ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တာပါ။ ကိုစိုးလွင်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေ ၄ နာရီအချိန်ခန့်ကသူရဲ့စိုက်ခင်းကိုသွားကြည့်ရာ အရင်ကစစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ အဲဒီမိုင်းပေါက်ကွဲလို့ ကိုစိုးလွင်မှာညာဘက်ခြေထောက်အောက်ပိုင်းမှာ ပြတ်ထွက်သွားခဲ့ပြီး ဘယ်ဖက်ခြေထောက်မှာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ အမ်းမြို့နယ်၊ ပြောင်းချောင်းရပ်ရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ အသက် ၅၇ နှစ်အရွယ် ဦးမောင်လုံးနဲ့ဇနီးဖြစ်သူ ၄၈ နှစ်အရွယ် ဒေါ်ကေးကေး တို့ဒဏ်ရာရသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more

စစ်ကော်မရှင်တပ်ရဲ့ပြည်သူ့စစ်နှစ်ဦး လက်နက်နဲ့အတူအလင်းဝင်

​Border News Agency မန္တလေး၊ ဖေဖော်ဝါရီ ၁၆။ ​စစ်ကော်မရှင်တပ်ရဲ့ ခမရ ၄၁၆ မှ အပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကထုတ်ပြန်ပါတယ်။ ​အဲဒီပြည်သူ့စစ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အလင်းဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး အထူးလှုပ်ရှားတပ်မဆီမှာ ခိုလှုံခဲ့တာဖြစ်ပါတယ်။ ​အလင်းဝင်လာတဲ့တပ်သားနှစ်ဦးကို အထူးလှုပ်ရှားတပ်မကနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပြင် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ကာဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ​ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးအနေနဲ့ အလင်းဝင်လာသူတွေကို သူတို့ရဲ့မူဝါဒအတိုင်း ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ဆက်လက်ခိုလှုံလိုသူတွေကိုလည်း အမြဲတမ်းဖိတ်ခေါ်နေတယ်လို့ ဆိုပါတယ်။ ​လက်ရှိအချိန်မှာ စစ်ကော်မရှင်တပ်အတွင်းကနေစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ပိုမိုများပြားလာနေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Read more

ထိုင်း – ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်ဖက်စစ်ရေးတင်းမာနေ

​Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၇။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ရှိ ရှေ့တန်းနယ်မြေတချို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် တင်းမာမှုအချို့ ဖြစ်ပေါ်နေတယ်လို့ Army Military Force က ထုတ်ပြန်ပါတယ်။ အဲဒီ​ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဆူးကြိုးခြံစည်းရိုးအနီးကို ဝင်ရောက်လာတာကြောင့် အဲဒီနေရာမှာ လုံခြုံရေးယူနေတဲ့ ထိုင်းစစ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး နှစ်ဖက်အချေအတင် စကားများမှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီလို ထိတွေ့မှုဖြစ်ပြီးနောက်မှာ ကမ္ဘောဒီးယားရှေ့တန်းတပ်ဖွဲ့ဝင်တွေက နယ်စပ်အနီးမှာဘန်ကာဆောက်ဖို့ မြေကျင်းတွေအပြင်းအထန်တူးဖော်နေပြီး စစ်ရေးအရပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။ ​လက်ရှိမှာတော့ နယ်စပ်တလျှောက် စစ်ရေးပြင်ဆင်မှုတွေရှိနေပေမယ့် လက်နက်ကိုင်ပဋိပက္ခနဲ့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ အခြေအနေပိုမိုဆိုးရွားမသွားအောင် အတတ်နိုင်ဆုံးထိန်းသိမ်းနေကြပြီး နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။

Read more

​တီမောသံအမတ်ကိုနှင်ထုတ်တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် NUG ကန့်ကွက်ရှုတ်ချ

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။ ​မြန်မာနိုင်ငံရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို တပတ်အတွင်းထွက်ခွာဖို့ ဖိအားပေးနှင်ထုတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ ​စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုင်ကြားမှုကို တီမောတရားရုံးက လက်ခံအမှုဖွင့်ခဲ့ပြီးနောက်မှာ စစ်ကော်မရှင်တပ်က အခုလိုတီမောသံတမန်ကို နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ​စစ်ကော်မရှင်တပ်ရဲ့ခုလိုလုပ်ရပ်ဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention) ကို ချိုးဖောက်တာဖြစ်ပြီး သံတမန်ရေးအရ ခြိမ်းခြောက်အကျပ်ကိုင်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ တီမောနိုင်ငံကို သီးသန့်ရွေးချယ်အရေးယူတာဟာ နိုင်ငံတကာစံနှုန်းတွေကို မလေးစားတာဖြစ်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးတဲ့တီမောနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ကျေးဇူးတင်တယ်လို့လည်း NUG ကဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီမှုတွေတိုးမြှင့်ပေးဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။

Read more
Page 51 of 275 1 50 51 52 275

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here