Border News Agency ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၇။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာကိုခံရတဲ့ စစ်မှုထမ်းတပ်သား ၉ ဦးဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ဆီမှာ အလင်းဝင်လာတယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၁၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီတပ်သား ၉ ဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက KNU နယ်မြေထဲကို ရောက်ရှိလာတာဖြစ်ပြီး သူတို့ဟာဆန္ဒမပါဘဲ အတင်းအဓမ္မစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီခိုလှုံလာသူတွေထဲမှာ အသက် ၂၃ နှစ်ကနေ ၄၁ နှစ်အရွယ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဲဒီတပ်သားတွေကို KNU ဘက်က ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသလို စစ်ကော်မရှင်တပ်ထဲမှာ အဓမ္မခိုင်းစေခံနေရသူတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ KNU က တိုက်တွန်းထားပါတယ်။
Read moreBorder News Agency နယူးဇီလန်၊ ဖေဖော်ဝါရီ ၁၇။ နယူးဇီလန်နိုင်ငံ၊ မြောက်ကျွန်းစုမှာ ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းကတိုက်ခတ်နေတဲ့ ပြင်းထန်တဲ့မုန်တိုင်းကြောင့် မြို့တော်ဝယ်လင်တန်အပါအဝင် ဒေသအများအပြားမှာ အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာ Manawatū - Whanganui ဒေသတခုလုံးအပြင် Waikato ဒေသအတွင်းရှိ Waipā နဲ့ Ōtorohanga မြို့နယ်တွေကို အရေးပေါ်အခြေအနေသတ်မှတ်ထားရတာ ဖြစ်ပါတယ်။ Tararua၊ Manawatū နဲ့ Masterton မြို့တွေမှာလည်း ရေကြီးမှုနဲ့သစ်ပင်ပြိုလဲတဲ့အန္တရာယ်တွေကြောင့် ပြည်သူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရတယ်လို့ ဆိုပါတယ်။ အဲဒီ မုန်တိုင်းဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်းပြတ်တောက်နေပြီး ဝယ်လင်တန်၊ Palmerston North နဲ့ Napier လေဆိပ်တွေမှာ လေကြောင်းခရီးစဉ် ၁၀၀ နီးပါး ဖျက်သိမ်းထားရသလို ကူးတို့သင်္ဘောနဲ့ ရထားခရီးစဉ်တွေကိုလည်း ရပ်နားထားရတာ ဖြစ်ပါတယ်။ အဲဒီအပြင် ဘေးကင်းလုံခြုံရေးအတွက် ဝယ်လင်တန်အထက်တန်းကျောင်းနဲ့ Rongotai ကောလိပ်အပါအဝင် စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ အဲဒီ Powerco လျှပ်စစ်ဌာနရဲ့ထုတ်ပြန်ချက်အရ တနိုင်ငံလုံးရှိအိမ်ခြေ ၃၃,၀၀၀ ခန့်မှာ လျှပ်စစ်မီးပြတ်တောက်နေပြီး Plimmerton မြို့ရှိ စားသောက်ဆိုင်နဲ့ အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းဟာ တောင်ကျွန်း (South Island) ဘက်သို့ ဆက်လက်ရွေ့လျားမှာဖြစ်လို့ အာဏာပိုင်တွေက ပြည်သူတွေကိုနေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့သတိပေးထားပါတယ်။
Read moreBorder News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၇။ ကမ္ဘောဒီးယားနိုင်ငံ၊ မာလိုင်မြို့မှာရှိတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ကျားဖြန့် (Scam) စခန်းတခုအတွင်း အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုတွေ ရိုက်နှိပ်ထုတ်လုပ်နေတဲ့ ဗီဒီယိုမှတ်တမ်းတွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။ အဲဒီ ဒေါ်လာတုစက်ရုံဟာ ပွိုင်ပက်မြို့ကနေ ၅၀ ကီလိုမီတာအကွာ ထိုင်းနယ်စပ်နဲ့ ၅ ကီလိုမီတာသာဝေးတဲ့ မာလိုင်မြို့နယ်အတွင်းမှာတည်ရှိပြီး ကမ္ဘောဒီးယားအလုပ်သမားတွေကို အသုံးပြုကာဒေါ်လာအတုတွေကို စနစ်တကျထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်လို့ အမေရိကန် FBI၊ CIA၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ သံရုံးတွေအပြင် Reuters၊ CNN နဲ့ Fox News စတဲ့ နိုင်ငံတကာသတင်းဌာနတွေထံသို့လည်း တိုက်ရိုက်သတင်းပေး တိုင်ကြားထားပြီးပြီလို့ ဆိုပါတယ်။ အခုပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်ဟာ AI နဲ့ ဖန်တီးထားတာမဟုတ်ဘဲ အလုပ်သမားတွေရဲ့ ရုပ်သံမှတ်တမ်းတွေ ပါဝင်နေတာကြောင့် အတွင်းသတင်းရင်းမြစ်ကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ယူဆရပါတယ်။ လက်ရှိမှာတော့ ငွေကြေးအတု ဖြန့်ဖြူးမှုအန္တရာယ်ကို ကာကွယ်ဖို့အတွက် နိုင်ငံတကာနဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေက အဆိုပါစခန်းရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခရေပိုင်နက်ထဲ တရားမဝင်ကျူးကျော်ဝင်ရောက် ငါးဖမ်းလို့ ဖမ်းဆီးအရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ် ရေလုပ်သား ၇၃ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ အာရက္ခတပ်တော် (AA) က ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီရေလုပ်သားတွေကို AA ဘက်က အထောက်အထားစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် ဒီကနေ့ ညနေ ၄ နာရီခွဲခန့်မှာ ဘင်္ဂလားဒေ့ချ်တာဝန်ရှိသူတွေဆီစနစ်တကျ ပြန်အပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေလုပ်သားတွေဟာ နောက်နောင်မှာ အာရက္ခရေပိုင်နက်ထဲ ကျူးကျော်ငါးဖမ်းတာမျိုး လုံးဝမလုပ်တော့ပါဘူးလို့ ခံဝန်ကတိလက်မှတ်ထိုးခဲ့ကြသလို ကုရ်အာန်ကျမ်းစာကိုကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်တာတွေကို အချိန်ပြည့်စောင့်ကြည့်နေပြီး ဖမ်းမိသူတွေကိုလည်း အာရက္ခဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ပလက်ဝ၊ ဖေဖော်ဝါရီ ၁၆။ ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဘက်ကို ကုန်ပစ္စည်းလာပို့တဲ့ မီဇိုးအမျိုးသားတဦး သေဆုံးသွားတာကြောင့် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ယာယီပိတ်ထားတယ်လို့ ဗဟိုလိုင်လူငယ်အသင်း (CYLA) က ထုတ်ပြန်ပါတယ်။ အဲဒီမီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့က အသက် ၃၇ နှစ်အရွယ် ဦးလာလ်ရမ်ဆန်းနာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်က ရှင်းလက်ဝဘက်ကို ကုန်ပစ္စည်းသွားပို့ရင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒိီလိုပျောက်ဆုံးပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်မှာတော့ ရှင်းလက်ဝက မြန်မာနိုင်ငံသားတဦးက သေဆုံးသူရဲ့ ကားသော့နဲ့လိုင်စင်တွေကို လာရောက်ပေးအပ်ခဲ့ပေမယ့် လူပျောက်ဆုံးမှုနဲ့ပတ်သက်လို့ တစုံတရာမသိဘူးလို့ ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ အဲဒါကြောင့် CYLA နဲ့ MTP အဖွဲ့ခေါင်းဆောင်တွေဟာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ဖေဖော်ဝါရီလ၁၅ ရက် ညနေပိုင်းအထိ သတင်းမရပါက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ပင်သွားမယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီနောက် ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းမှာတော့ မြန်မာနဲ့မီဇိုရမ်နယ်စပ်ချောင်းအတွင်း ဦးလာလ်ရမ်ဆန်းနာရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးလာလ်ရမ်ဆန်းနာ ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးတာကြောင့် ဒါကိုတိတိကျကျ မသိရခင်အထိ လောင်တလိုင်ခရိုင်နဲ့ ရှာဟာခရိုင်အတွင်းက နယ်စပ်ကုန်သွယ်ရေးလမ်းအားလုံးကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၁၆။ ကျောက်ဖြူမြို့နယ်ရှိကျေးရွာနှစ်ရွာကို စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၇ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီ ကျောက်ဖြူမြို့နယ်၊ ငအုပ်ကျေးရွာကိုဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းက စစ်ကော်မရှင်တပ်ကဆူဆိုဒ်ဒရုန်းနှစ်စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံးနဲ့ ဈေးဆိုင် ၂ ဆိုင် မီးလောင်ပြာကျခဲ့ပါတယ်။ အဲဒီအပြင် ဓညဝတီရေတပ်ဌာနချုပ်ကနေ ဝမျှောင်ရွာနဲ့ငအုပ်ရွာတွေကို လက်နက်ကြီး ၂၂ လုံးပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဝမျှောင်ရွာက အသက် ၇ နှစ်အရွယ် မခင်ထက်ထက်စိုးနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆန်းဝေတို့ သေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီအပြင်ဝမျှောင်ရွာက ၅ ဦးနဲ့ ငအုပ်ရွာက စစ်ဘေးရှောင် ၂ ဦးအပါအဝင် စုစုပေါင်း ၈ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပြီး နေအိမ်တချို့လည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကိုဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်ရေတပ်ကလက်နက်ကြီးပစ်ခတ်လို့ အသက် ၈၀ အရွယ် အဘွားအိုတဦး သေဆုံးခဲ့ပါသေးတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာအဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ Transparency International (TI) အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (TI) ရဲ့ အညွှန်းကိန်း (CPI) အရ မြန်မာနိုင်ငံဟာ ရမှတ် ၁၆ မှတ်သာရရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာနဲ့အတူ အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေဟာ နယ်ပယ်အသီးသီးမှာ ပိုမိုဆိုးရွားလာနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ကမ္ဘာ့အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းမှာ မြန်မာနိုင်ငံရဲ့ အောက်မှာ နိုင်ငံပေါင်း ၁၁ နိုင်ငံသာကျန်ရှိတော့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံထက် နှစ်ဆနီးပါးအခြေအနေပိုမိုဆိုးရွားနေတာကို တွေ့ရပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံကရမှတ် ၈၄ မှတ်နဲ့ အဂတိလိုက်စားမှုအနည်းဆုံး ကမ္ဘာ့အဆင့် ၃ မှာ ရပ်တည်နေပြီး မြန်မာနိုင်ငံကတော့ ဒေသတွင်းမှာအကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံအဖြစ် တောက်လျှောက် သတ်မှတ်ခံနေရတာပါ။ စစ်ကော်မရှင်တပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတယ်လို့ဆိုနေပေမယ့် လက်တွေ့မှာတော့ စစ်တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေကြားအဂတိလိုက်စားမှုတွေဟာ ပိုမိုကျယ်ပြန့်လာနေပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝအပေါ်များစွာ ထိခိုက်နေတယ်လို့ စီးပွားရေးလေ့လာသူတွေက ဆိုကြပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၆။ ရှေ့တန်းနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်က တောမီးရှို့နေတာဟာ သာမန်တောမီးမဟုတ်ဘဲ ထိုင်းစစ်တပ်ရဲ့အမြင်အာရုံကို ပိတ်ဆို့ဖို့လုပ်ဆောင်နေတဲ့ စစ်ဗျူဟာမြောက်လုပ်ရပ်ဖြစ်တယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ကမ္ဘောဒီးယားစစ်တပ်ဟာ သူတို့ရဲ့စစ်လက်နက်နဲ့ အင်အားရွှေ့ပြောင်းမှုတွေကို ထိုင်းဘက်ကမမြင်ရစေဖို့အတွက် မီးခိုးမြူတွေကို အကာအကွယ်အဖြစ် အသုံးချနေတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီတောမီးရှို့မှုဟာမြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့မဟုတ်ဘဲ ကမ္ဘောဒီးယားစစ်တပ်က သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကွင်းမြေပုံတွေရှိပြီးသားဖြစ်ပြီး အဲဒီမိုင်းကွင်းမြေပုံတချို့ကိုလည်း ထိုင်းဘက်ကသက်သေအဖြစ် သိမ်းဆည်းရမိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားဘက်ကမိုင်းတွေကို နယ်စပ်တောဧရိယာအတွင်း စည်းကမ်းမဲ့ထောင်ထားတာမျိုးမဟုတ်ဘဲ ထိုင်းတပ်ဖွဲ့ဝင်တွေ ကင်းလှည့်တဲ့လမ်းကြောင်းတွေနဲ့ သူတို့စခန်းပတ်လည်မှာ ရည်ရွယ်ချက်ရှိရှိ လာရောက်ထောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကမ္ဘောဒီးယားဘက်ကထိုင်းနယ်စပ်မြို့တွေကို ကျူးကျော်သိမ်းပိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် လက်ရှိစစ်အင်အားအရ မဖြစ်နိုင်ဘူးလို့ Army Military Force က အတည်ပြုပါတယ်။ ထိုင်းတော်ဝင်တပ်မတော်အနေနဲ့ နယ်စပ်တလျှောက် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး စစ်ရေးအရ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၆။ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်တလျှောက် စစ်ရေးတင်းမာမှုမြင့်တက်လာနေတာကြောင့် နယ်စပ်ရှိကမ္ဘောဒီးယားရွာသားတွေကို ဘေးလွတ်ရာသို့ ဒုတိယအကြိမ်မြောက် အရေးပေါ်ရွှေ့ပြောင်းဖို့ ကမ္ဘောဒီးယားစစ်တပ်က အမိန့်ပေးထားတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၆ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီနယ်စပ်ရှိ ကျေးရွာသားတွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်ကစပြီး သူတို့ရဲ့အဖိုးတန်ပစ္စည်းတွေကို ကား၊ ဆိုင်ကယ်တွေနဲ့ တင်ဆောင်ကာဘေးကင်းရာသို့ စတင်ရွှေ့ပြောင်းနေကြတာ ဖြစ်ပါတယ်။ အခုလို ရွာသားတွေကိုရွှေ့ပြောင်းခိုင်းတာဟာ ကမ္ဘောဒီးယားစစ်တပ်ဘက်က ရှေ့တန်းမှာတောမီးရှို့ကာ မီးခိုးမြူအကာအကွယ်ယူပြီး စစ်အင်အားနဲ့လက်နက်ဖြည့်တင်းတာ၊ မြေမြှုပ်မိုင်းသစ်တွေချထားတာတွေ လုပ်ဆောင်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ စစ်ရေးလေ့လာသူတွေကတော့ ဒီလုပ်ရပ်ဟာတိုက်ပွဲဖြစ်လာရင် အရပ်သားထိခိုက်မှုကိုလျှော့ချဖို့ ဒါမှမဟုတ် စစ်ရေးလှုပ်ရှားမှုတွေကို လျှို့ဝှက်လုပ်ဆောင်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ထိုင်းတော်ဝင်တပ်မတော်ဘက်ကတော့ နယ်စပ်အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး ဒေသခံပြည်သူတွေအနေနဲ့ ကောလာဟလတွေကိုမယုံကြည်ဖို့နဲ့ စိုးရိမ်စရာမရှိဘူးလို့ Army Military Force က ဆိုထားပါတယ်။ လက်ရှိမှာ ထိုင်းရှေ့တန်းကင်းစခန်းတွေကနေ နယ်စပ်ဖြတ်ကျော်သွားလာမှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ၂၄ နာရီပတ်လုံး အထူးသတိထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Read moreကရင်နီပြည်အတွင်းရှိ တော်လှန်ရေးပူပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ဖားဆောင်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ဟာ ရန်နိုင်မင်း စစ်ဆင်ရေးအမည်နဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာယလကတည်းက ဘောလခဲ-ထူးချောင်း-ဖားဆောင်း လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီ စစ်ဆင်ရေးကာလအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီး၊တိုက်ပွဲငယ် ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖားဆောင်းမြို့ကို မထိန်းချုပ်နိုင်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြို့အဝင်ရှိ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီးနောက် မနေ့က မြို့ထဲကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မြို့ပေါ်တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရသလို၊ လက်ရှိမှာတော့ မြို့အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဖားဆောင်းမြို့ကို ပြန်လည်ရရှိပြီဖြစ်လို့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းမကြီးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှငိတပ်ကဆိုထားပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Read moreHey! Don't Copy my content.