ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းရှိလူနေရပ်ကွက်တွေထဲသို့ ဖေဖော်ဝါရီလ ၁၄ ရက်၊ မနေ့ကလက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ လုံးခင်းရပ်ကွက် ၅၊ ပြည့်စုံကောင်းလမ်းကြားရှိ နေအိမ်တလုံးပေါ်သို့ အဲဒီနေ့ ညနေအချိန်ကလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာအသက် ၂ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သားအမိ ၃ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီဒဏ်ရာရရှိသူတွေထဲကမိခင်ဖြစ်သူမှာ သတိလစ်မေ့မြောနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ အဲဒီအပြင် လုံးခင်းရပ်ကွက် ၂ အတွင်းသို့လည်း လက်နက်ကြီးကျည်ထပ်မံကျရောက်ခဲ့တာကြောင့် နောက်ထပ်ကလေးငယ် ၂ ဦး ဒဏ်ရာရသွားခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။ အဲဒီလုံးခင်းတိုက်နယ်ပြည်သူ့ဆေးရုံမှာ အရင်က KIA နဲ PDF အဖွဲ့တွေတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီး အုတ်ပုံသာကျန်ရှိတော့တာကြောင့် ဒေသခံတွေမှာ အရေးပေါ်ဆေးကုသမှုခံယူဖို့အလွန်ခက်ခဲနေကြတယ်လို့ သိရပါတယ်။ အဲဒီ လုံးခင်းမှာ ပုဂ္ဂလိကဆေးရုံအသေးစားအချို့သာရှိတာကြောင့် ဒဏ်ရာပြင်းထန်သူတွေအတွက် လုံလောက်တဲ့ ကုသမှုရရှိဖို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
Read moreဘန်ကောက်မြို့လယ်ရှိနာမည်ကြီး ပရာတူနမ် (Pratunam) ဈေးအတွင်း ကမ္ဘာလှည့်ခရီးသွားတွေကို အမှတ်တံဆိပ်အတု (Brand Name) ပစ္စည်းတွေလိမ်လည်ရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ထိုင်းနိုင်ငံသားတဦးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီလုပ်ငန်းဟာ တရုတ်လုပ်ငန်းရှင်တွေရဲ့ အရင်းအနှီးနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး တိုင်ကြားချက်အရစီးပွားရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ (ECD) က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီစီးနင်းမှုအတွင်း Louis Vuitton၊ Dior၊ Gucci နဲ့ Valentino စတဲ့ကမ္ဘာကျော်တံဆိပ်တွေကို တုပထားတဲ့အင်္ကျီ၊ မျက်မှန်နဲ့ အသုံးအဆောင်ပစ္စည်း စုစုပေါင်း ၂၄၁ မျိုးကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲမှာ မနီမာယာနဲ့ မသူဇာဝင်းဆိုတဲ့ မြန်မာအမျိုးသမီးနှစ်ဦးဟာ ဖောက်သည်တွေကို ပစ္စည်းရောင်းချနေစဉ် လက်ရဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိုင်းနိုင်ငံသား မစ္စတာ ထဝပ်ချိုင်းကတော့ ပြစ်မှုကို ဝန်ခံထားတယ်လို့ သိရပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေကိုကုန်အမှတ်တံဆိပ်အတု ပူးပေါင်းရောင်းချမှုနဲ့ တရားစွဲဆိုထားပြီး အရေးယူနိုင်ဖို့အတွက် စီးပွားရေးမှုခင်းနှိမ်နင်းရေးဌာနဆီ လွှဲပြောင်းပေးထားပါတယ်။ ဒီနှိမ်နင်းမှုဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ မူပိုင်ခွင့်ချိုးဖောက်မှုတွေနဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ဖျက်တဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်လို့ CIB ထုတ်ပြန်ထားပါတယ်။
Read moreBorder News Agency မန္တလေး၊ ဖေဖော်ဝါရီ ၁၄။ မန္တလေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးလှုပ်ရှားတပ်မဆီသို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးမှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ရဲ့ ခလရ ၄၁၆ မှ ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးအထူးလှုပ်ရှားတပ်မဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ MA 1 နှစ်လက်၊ ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် သူတို့နှစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်တပ်သားနှစ်ဦးကို တော်လှန်ရေးတပ်တွေမှ နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး ဘေးကင်းလုံခြုံရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ဝက်လက်၊ ဖေဖော်ဝါရီ ၁၄။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျေးရွာပေါင်း ၁၆ ရွာကို လှည့်လည်ပြီး သပိတ်တိုက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ သပိတ်စစ်ကြောင်းတွေ၊ အထိုင်သပိတ်တွေအပြင်ခက်ခဲတဲ့ကာလအတွင်း ပြည်သူတွေစိတ်အမောပြေစေဖို့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ပါ သွားရောက်အားပေးခဲ့ကြတာပါ။ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကတော့ အာဏာရှင်စနစ်ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပြီး ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၄။ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်၊ ထပ်သကေးမြို့နယ်ရှိ ရွက်လှေတည်ဆောက်ရေးဝင်းတခုမှာ ဖေဖော်ဝါရီလ၁၄ ရက်၊ ဒီနေ့မွန်းလွဲပိုင်းက အကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ ဒီမီးလောင်မှုကြောင့် ၃ နှစ်ကျော်ကြာအောင်အချိန်ယူတည်ဆောက်ထားပြီး ပြီးစီးလုနီးပါးဖြစ်နေတဲ့ အဆင့်မြင့်ရွက်လှေကြီးတစင်းအပါအဝင် အနီးနားကကွန်တိန်နာ ၁၀ လုံးပါ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စင်ကာပူနိုင်ငံသားတဦးကမှာယူထားတဲ့ ဒီရွက်လှေကြီးဟာ အတွင်းပိုင်းအလှဆင်နေတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် သင်္ဘောကိုယ်ထည်ကမီးလောင်လွယ်တဲ့ ဖိုက်ဘာဂလက်တွေနဲ့ ပြုလုပ်ထားတာကြောင့် မီးအရှိန်ကိုထိန်းချုပ်ဖို့ ခက်ခဲခဲ့တာပါ။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ဘတ်သန်း ၃၀ ကျော် (မြန်မာကျပ်ငွေ ၃ ဘီလီယံခန့်) အထိရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ မီးလောင်ချိန်မှာ အလုပ်ပိတ်ရက်ဖြစ်လို့ အလုပ်သမားတွေမရှိနေဘဲ အနီးနားကဘုန်းတော်ကြီးတွေနဲ့ မီးသတ်ကား ၁၀ စီးကျော်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် အခင်းဖြစ်နေရာကိုစစ်ဆေးနေပြီး ရဲတပ်ဖွဲ့ကမီးလောင်ရတဲ့ အကြောင်းရင်းအမှန်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေပါတယ်။
Read moreBorder News Agency ပဲခူး၊ ဖေဖော်ဝါရီ ၁၄။ ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီပုတီးကုန်းမြိုနယ်၊ ဘူးပြောကျေးရွာရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၉ ရက်၊ မနက် ၆ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ဘူးပြောကျေးရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားတဲ့အပြင် ဂိတ်စခန်းရှိဆိုင်ကယ်နှစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်တွေကို ပြည်သူ့ကာကွယ်ရေတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုနဲ့ ပြည်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၄၊ ဗျူဟာ ၂၁ တိုက်ခိုက်ရေးအဖွဲ့၊ ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ရင်းရုံးတိုက်ခိုက်ရေးအဖွဲ့၊ တပ်ခွဲ ၁ တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ဒေသ၊ စီစခေးခရိုင် (Sisaket) အတွင်းမှာ ယခင်တိုက်ပွဲတွေတုန်းက မပေါက်ကွဲဘဲကျန်ရှိနေတဲ့ လက်နက်ကြီးကျည်တွေနဲ့ဗုံးသီးတွေကို ဒေသခံတွေဘေးကင်းစေဖို့အတွက် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP) က ကွင်းဆင်းရှင်းလင်းပေးနေပါတယ်။ အထူးသဖြင့် ကန်ထရလတ်မြို့နယ်ကနယ်စပ်ကျေးရွာတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေအတွင်း မြေမြှုပ်နေတဲ့မိုင်းနဲ့ လက်နက်ကြီးကျည်တွေကို အမှတ် ၂၂ တပ်ရင်းမှ ဗုံးရှင်းလင်းရေး (EOD) အဖွဲ့က အဓိကရှာဖွေဖျက်ဆီးပေးနေတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးဟာ တောင်သူတွေလယ်ယာစိုက်ပျိုးရေး ပြန်လည်စတင်ချိန်မှာ ထွန်ယက်စိုက်ပျိုးရင်း မတော်တဆပေါက်ကွဲမှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးတဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ သိရပါတယ်။ EOD အဖွဲ့က မပေါက်ကွဲသေးတဲ့ ပစ္စည်းတွေကိုရှာဖွေတွေ့ရှိတဲ့အခါမှာ ဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်တွေနဲ့အညီ စနစ်တကျဖျက်ဆီးတာ ဒါမှမဟုတ် သိမ်းဆည်းတာတွေကို တင်းကြပ်စွာဆောင်ရွက်နေပါတယ်။ အဲဒီအပြင် ဒေသခံတွေအနေနဲ့ သံသယဖြစ်ဖွယ်အရာဝတ္ထုတွေကိုတွေ့ရှိရင် ကိုယ်တိုင်ကိုင်တွယ်တာမျိုး မလုပ်ဘဲ အာဏာပိုင်တွေဆီ ချက်ချင်းသတင်းပို့ဖို့လည်း သတိပေးထားပါတယ်။ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ်တစ်လျှောက်မှာ စစ်ကျန်လက်နက်တွေ လုံးဝကင်းစင်သွားအောင်နောက်တန်းနယ်မြေ လုံခြုံရေးစီမံချက်အရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Read moreBorder News Agency မလေးရှား၊ ဖေဖော်ဝါရီ ၁၄။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကာဂျမ်းမြို့ Sungai Long ဧရိယာမှာ ဖေဖော်ဝါရီလ ၁၃ ရက်ညနေပိုင်းက လူဝင်မှုကြီးကြပ်ရေးဌာနက အင်အားသုံးဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ တရားမဝင်နေထိုင်သူတွေ ထွက်ပြေးပုန်းအောင်းလို့မရအောင် ဒရုန်းနည်းပညာကိုအသုံးပြုပြီး ကောင်းကင်ယံကနေပါခြေရာခံ ရှာဖွေစစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ဆေးမှုအတွင်း လူဦးရေ ၄၆၀ ကျော်ကို တားဆီးစစ်ဆေးခဲ့ရာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား ၅၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေဟာ ပတ်စပို့စ်မရှိသူတွေ၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ (Overstay) တွေနဲ့ ပါမစ်နေရာလွဲပြီး လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ မလေးရှားလူဝင်မှူကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးခံရသူ ၅၁ ဦးလုံးကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ မလေးရှားရောက် မြန်မာလုပ်သားတွေအနေနဲ့လည်း အခုလိုရှောင်တခင်စစ်ဆေးမှုတွေရှိနေတာကြောင့် သွားလာနေထိုင်ရာမှာ အထောက်အထားတွေကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၁၄။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီက ထုတ်ပြန်ပါတယ်။ အဲဒီရေလယ်ကျွန်းဒေသ၊ ငတရော်ရွာနဲ့ဝါဘိုးရွာကို ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက်ပိုင်းက စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ တောင်ယာလုပ်နေတဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက် နေ့လည်ပိုင်းမှာလည်း စက်တပ်လေထီး (Paramotor) နဲ့တိုက်ခိုက်ခဲ့တာကြောင့် ငတရော်ရွာကဘုန်းကြီးကျောင်းတကျောင်းနဲ့ မိုးဖြူရွာကနေအိမ်တလုံးပျက်စီးခဲ့ပြီး နောက်ထပ်အရပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအပြင် အင်အား ၁၅၀ ခန့်ပါတဲ့ တပ်မ ၉၉ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲကိုရောက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်အပြင် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုပါ အထူးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။
Read moreBorder News Agency အာဖရိက၊ ဖေဖော်ဝါရီ ၁၄။ ဇင်ဘာဘွေနိုင်ငံကနေစတင်ခဲ့တဲ့ ပန်းအစစ်တွေအစား ငွေစက္ကူတွေကိုပန်းစည်းလုပ်ပြီး လက်ဆောင်ပေးတဲ့ "Money Bouquet" ရေပန်းစားမှုဟာ အာဖရိကတိုက်ကတခြားနိုင်ငံတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာဘဏ္ဍာရေးစနစ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် နိုင်ငံအတော်များများက ဗဟိုဘဏ်တွေက စိုးရိမ်မကင်းဖြစ်ပြီး သတိပေးချက်တွေထုတ်ပြန်လာကြပါတယ်။ ဒီ Trend ဟာ TikTok လိုလူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် လူငယ်တွေကြားမှာ အရှိန်အဟုန်နဲ့ပြန့်နှံ့လာတာပါ။ ပိုက်ဆံပန်းစည်းတွေဟာ လှပရုံတင်မကဘဲ လက်တွေ့လည်းအသုံးချလို့ရတဲ့ လက်ဆောင်ဖြစ်တယ်လို့ယူဆကြတာကြောင့် ပိုပြီးလူကြိုက်များလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘော့ဆွာနာနဲ့ နမီးဘီးယားနိုင်ငံတို့က ဗဟိုဘဏ်တွေကငွေစက္ကူတွေကို ပန်းစည်းပြုလုပ်ရာမှာ ဖျက်ဆီးသလိုဖြစ်နေတာ ဒါမှမဟုတ် ပျက်စီးစေတာမျိုးတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ ကင်ညာဗဟိုဘဏ် (CBK) ရဲ့ ထုတ်ပြန်ချက်အရ ပိုက်ဆံပန်းစည်းတွေလုပ်တဲ့အခါ ငွေစက္ကူတွေကိုကော်တွေ၊ တိပ်တွေ၊ စတေပလာတွေနဲ့ ရိုက်တာ၊ ဒါမှမဟုတ် အပ်ချိတ်တွေနဲ့ ထိုးတာမျိုးတွေလုပ်နေကြတာကြောင့် ငွေစက္ကူတွေအဆမတန် ပျက်စီးနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလိုမျိုးပျက်စီးသွားတဲ့ ငွေစက္ကူတွေကို ATM စက်တွေနဲ့ ငွေရေတွက်စက်တွေက လက်မခံဘဲငြင်းပယ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီလို သတ်မှတ်သက်တမ်းမပြည့်ခင် ငွေစက္ကူတွေပျက်စီးသွားလို့ စနစ်အတွင်းကဖယ်ရှားပြီး အသစ်ပြန်ရိုက်နေရတာဟာ ကုန်ကျစရိတ်ကို မြင့်မားစေပါတယ်။ နောက်ဆုံးမှာတော့ အခွန်ထမ်းပြည်သူတွေအတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ ဗဟိုဘဏ်တွေကသတိပေးထားပါတယ်။
Read moreHey! Don't Copy my content.