သတင်း

မင်းပြားလေးမြို့မြစ်မှာ ကလေးငယ်တဦးရေနစ်သေဆုံး

Border News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်၊ လေးမြို့မြစ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ကလေးငယ်တဦး ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။ အဲဒီမင်းပြားမြို့နယ်၊ ဆပ်ကျာ (မူဆလင်) ကျေးရွာမှ ဦးအာဘူလုရဲ့သား အသက်ရှစ်နှစ်အရွယ် မာမတ်ခါးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဆပ်ကျာ (မူဆလင်) ကျေးရွာနေ မာမတ်ခါးဟာ မိဘတွေအလုပ်သွားနေချိန် ရွာအရှေ့ဘက်ရှိ လေးမြို့မြစ်ကမ်းစပ်မှာ တဦးတည်းရေချိုးနေချိန် ရေနစ်မြုပ်သွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။ ရေနစ်မြုပ်သွားပြီးနောက် ဒေသခံတွေချက်ချင်းရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပေမယ့် မာမတ်ခါးကို အသက်မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ရေနစ်သေဆုံးသွားတဲ့ မာမတ်ခါးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ ညနေပိုင်းမှာမိသားစုဝင်တွေနဲ့ ရွာသားတွေကသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့ပါတယ်။  အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ရေနစ်သေဆုံးခဲ့တာပါ။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Read more

ဒါကာမြို့ရှိ မဲရုံတွေကို ယူနွတ်စ်ကိုယ်တိုင်ကွင်းဆင်းစစ်ဆေး

Border News Agency  ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအကြံပေးပုဂ္ဂိုလ် (ယာယီအစိုးရအကြီးအကဲ) ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ်ဟာ ဒီနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Gulshan Model School & College မဲရုံမှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။ ​မဲပေးပြီးနောက်မှာတော့ ပရော်ဖက်ဆာယူနွတ်စ်ဟာ ဒါကာမြို့အတွင်းရှိ Badda High School နဲ့ မီရ်ပူရ် (Mirpur) ရှိ SOS Hermann Gmeiner College မဲရုံတွေကို ဆက်လက်သွားရောက်ပြီး ရွေးကောက်ပွဲရဲ့ အခြေအနေအရပ်ရပ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ ​အဲဒီလို ကြည့်ရှုစစ်ဆေးစဉ်အတွင်းမှာ ပရော်ဖက်ဆာယူနွတ်စ်ဟာ မဲလာပေးကြတဲ့ပြည်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Read more

ရွေးကောက်ပွဲအပြီး အာဏာလွှဲမယ်လို့ စစ်ခေါင်းဆောင်ကတိပြု

Border News Agency  နေပြည်တော်၊​ ဖေဖော်ဝါရီ ၁၂။ ​ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက်ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကိုအာဏာလွှဲပေးမယ်လို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဒီပြောကြားချက်ဟာ လက်တွေ့မြေပြင်မှာတော့ ပြည်သူလူထုရဲ့ ပြင်းပြင်းထန်ထန်ငြင်းပယ်မှုကို ရင်ဆိုင်နေရတာပါ။ ​မြေပြင်ကပြည်သူတွေကတော့ စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲဟာ အာဏာသက်တမ်းတိုးဖို့ကြိုးပမ်းတဲ့ "ဟန်ပြပွဲ" သာဖြစ်တယ်လို့ ရှုမြင်နေကြပြီး လုံးဝလက်မခံဘူးလို့ တုံ့ပြန်နေကြပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ စစ်မီးတွေတောက်လောင်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူသန်းနဲ့ချီရှိနေချိန်မှာ ရွေးကောက်ပွဲအကြောင်း ပြောနေတာဟာ လက်တွေ့မကျဘူးလို့လည်း ဝေဖန်နေကြပါတယ်။  ​အဲဒီအပြင် စစ်ကော်မရှင်ကကောက်ယူနေတဲ့ သန်းခေါင်စာရင်းနဲ့ မဲစာရင်းပြုစုမှုတွေကိုလည်း ပြည်သူတွေက ပူးပေါင်းပါဝင်တာမရှိဘဲ ဆန့်ကျင်နေကြပါတယ်။ ဒါဟာ ပြည်သူ့ဆန္ဒကိုထင်ဟပ်ဖို့ထက် တော်လှန်ရေးအင်အားစုတွေကို ထောက်လှမ်းဖို့နဲ့ ဖိနှိပ်ဖို့အတွက်သာဖြစ်တယ်လို့  ပြည်တွင်းအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။ ​နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အတိုက်အခံတွေ ပါဝင်ခွင့်မရှိတဲ့အတွက် တရားဝင်မှုမရှိဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေကစစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုမရှိဘဲ ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ ပဋိပက္ခကို ပိုပြီးကြီးထွားစေလိမ့်မယ်လို့ သတိပေးထားပါတယ်။ ​စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်အကြောင်း သဝဏ်လွှာထဲမှာထည့်သွင်းပြောဆိုခဲ့ပေမယ့် ပြည်သူတွေကတော့ နေ့စဉ်နဲ့အမျှ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်တွေကို စိုးရိမ်နေရတဲ့အတွက် ဒီကတိစကားတွေအပေါ် ယုံကြည်မှု လုံးဝမရှိတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ​အထူးသဖြင့် ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ပြည်သူတွေအတွက်တော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကတိဟာ သူတို့ရဲ့အခြေခံလူမှုစီးပွားပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။

Read more

​ချောင်ဘူရီမှာ မဲပြန်ရေဖို့တောင်းဆိုထားတဲ့ပြည်သူတွေ ဆွမ်းလောင်းဆုတောင်းပွဲပြုလုပ်

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ​ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ မဲဆန္ဒနယ်အမှတ် ၁ မှာ မဲမသမာမှုသံသယတွေကြောင့် မဲပုံးတွေကိုဝန်းရံစောင့်ကြည့်နေတဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဘာသာရေးအခမ်းအနားပြုလုပ်ပြီး ရွေးကောက်ပွဲကော်မရှင် (ECT) ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ ​ချောင်ဘူရီမြို့နယ်ရှိ ကြက်တောင်ရိုက်ကွင်းမှာစုဝေးနေကြတဲ့ ဒေသခံတွေဟာ သံဃာတော်တွေကိုပင့်ဖိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူကာ အမျှပေးဝေမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ပြည်သူ့ကိုယ်စားလှယ်တဦးကတော့ အခုလိုကုသိုလ်ပြုရတာဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့တာဝန်တွေကို တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ကာ မဲတွေကိုပြန်လည်ရေတွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်ထိမဲပုံးတွေကိုနေ့ညမပြတ် ဝန်းရံစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ​ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာတော့ သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေကတော့ လူစုခွဲခြင်းမရှိဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စိတ်ရှည်လက်ရှည်  ဆက်လက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

Read more

​မဲဆောက်သို့စက်သေနတ်ကျည်ကျလို့ ရှစ်နှစ်အရွယ်ကလေး အသက်ဘေးမှလွတ်

Border News Agency  ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ​ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့နဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်က လူနေအိမ်အတွင်းကျည်ကျရောက်ခဲ့ပြီး ရှစ်နှစ်အရွယ်ကလေးငယ်တဦး အသက်ဘေးကကံကောင်းစွာ  လွတ်မြောက်သွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ​ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖာလူနဲ့မိလပန်ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ စစ်ကော်မရှင်တပ်ဘက်က အသေခံဒရုန်းတွေနဲ့ လက်နက်ကြီးတွေသုံးပြီး တနာရီနီးပါးဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ​ဒီတိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့စက်သေနတ်ကျည်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းက ဟွေ့မဟာဝန်းရွာနဲ့ မဲကုန်းကင်ရွာတွေဘက်ကို ကျရောက်လာခဲ့ပါတယ်။ အဲဒီကျည်တောင့်တစ်တောင့်ဟာ အသက်ခုနှစ်ဆယ်သုံးနှစ်အရွယ် ဦးနောင်ရဲ့ နေအိမ်အိမ်သာခေါင်မိုးကို ဖောက်ထွက်ဝင်လာခဲ့ပြီး အဲဒီအချိန်မှာရေချိုးပေးနေတဲ့ ရှစ်နှစ်အရွယ်မြေးမလေးရဲ့ဘေးနားတင် သီသီလေးလွဲသွားခဲ့တာကို CCTV မှတ်တမ်းမှာ အထင်အရှားတွေ့ရှိခဲ့ရတာပါ။ ​လက်ရှိမှာ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ ခြေလျင်စစ်ဆင်ရေးတွေ ထပ်မံလုပ်ဆောင်ဖို့ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းကတော့ နယ်စပ်မှာအင်အားဖြည့်တင်းထားပြီး ဒေသခံတချို့လည်း ဘေးကင်းရာကို စတင်တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်မှာ မဲရုံမီးရှို့မှုတွေကြား ယူနွတ်စ်မဲပေးပြီး ရွေးကောက်ပွဲစတင်

Border News Agency ​ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မဲရုံတွေမီးရှို့ဖျက်ဆီးခံရတာနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ကြားကပဲ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲနဲ့ လူထုဆန္ဒခံယူပွဲကိုဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မှာ စတင်ကျင်းပနေပါတယ်။ ​အိမ်စောင့်အစိုးရအကြီးအကဲ ပါမောက္ခမူဟာမက်ယူနွတ်စ်ကိုယ်တိုင် ဒီနေ့မနက် ၁၀ နာရီခွဲအချိန်မှာ ဒါကာမြို့ရှိ Gulshan Model ကျောင်းမဲရုံကိုသွားရောက်ပြီး မဲပေးခဲ့တာပါ။ ​ရွေးကောက်ပွဲမတိုင်ခင် ဖေဖော်ဝါရီလ ၁၀ ရက် ညဉ့်သန်းခေါင်ယံမှာတော့ နီထရာကိုနာခရိုင်ကမဲရုံအဖြစ် သတ်မှတ်ထားတဲ့ အစိုးရစာသင်ကျောင်း ၄ ကျောင်းကို အမည်မသိလူတစုက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီလဆန်းပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့သလို ပါတီအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုတွေကြောင့်လည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။ ​ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံပေါင်း ၂,၁၃၁ ရုံရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းကျော်ကို အရေးကြီးတဲ့နေရာတွေအဖြစ်သတ်မှတ်ပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အစိုးရပြုတ်ကျပြီးနောက် တက်လာတဲ့ယူနွတ်စ်အစိုးရလက်ထက်မှာ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးတင်းမာမှုတွေကြားက စိန်ခေါ်မှုများစွာနဲ့ စတင်နေတာဖြစ်ပါတယ်။

Read more

​ကနေဒါမှာ ဆယ်စုနှစ်တခုအတွင်း ကျောင်းပစ်ခတ်မှုဖြစ်ပွားလို့ လူကိုးဦးသေဆုံး

Border News Agency  ​ကနေဒါ၊ ဖေဖော်ဝါရီ ၁၂။ ​ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ် (British Columbia) မြောက်ပိုင်းရှိ တမ်ဘလာရစ်ချ် (Tumbler Ridge) မြို့မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျောင်းပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအပါအဝင် စုစုပေါင်းလူကိုးဦး သေဆုံးခဲ့တယ်လို့ ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) က ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ​ကျူးလွန်သူဟာ အသက်ဆယ့်ရှစ်နှစ်အရွယ် ဂျက်ဆီဗန်ရုစဲလား (Jesse Van Rootselaar) ဆိုသူဖြစ်ပြီး သူမဟာ ကျောင်းကိုမသွားခင်မှာ အိမ်မှာရှိနေတဲ့မိခင်နဲ့ ဆယ့်တနှစ်အရွယ် မောင်လေးဖြစ်သူကို အရင်ဆုံးပစ်သတ်ခဲ့တာပါ။ အဲဒီနောက် တမ်ဘလာရစ်ချ် အထက်တန်းကျောင်းကိုသွားရောက်ပြီး ကျောင်းဝင်းအတွင်းမှာ ထပ်မံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲ​ဒီပစ်ခတ်မှုကြောင့် ကျောင်းအတွင်းရှိဆရာမတဦးနဲ့ အသက်ဆယ့်နှစ်နှစ်ကနေ ဆယ့်သုံးနှစ်ကြားရှိတဲ့ ကျောင်းသား၊  ကျောင်းသူငါးဦး သေဆုံးခဲ့ရသလို၊ အခြားကျောင်းသား နှစ်ဆယ့်ခုနှစ်ဦးလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ ကျူးလွန်သူဂျက်ဆီကတော့ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ချိန်မှာ မိမိကိုယ်ကိုယ်ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ ​ကျူးလွန်သူဂျက်ဆီဟာ အမျိုးသားအဖြစ်မွေးဖွားလာသူဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၆ နှစ်ကစပြီး အမျိုးသမီးအဖြစ်ပြောင်းလဲနေထိုင်သူ (Transgender woman) တဦးဖြစ်ပါတယ်။ သူမဟာ အရင်ကလည်းစိတ်ကျန်းမာရေးပြဿနာကြောင့် ရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်စစ်ဆေးမှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးသူပါ။ ဒီပစ်ခတ်မှုမှာတော့ ပြောင်းရှည်သေနတ်တလက်နဲ့ ပြုပြင်ထားတဲ့လက်ကိုင်သေနတ်တလက်ကို အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ​ဒီဖြစ်ရပ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ကနေဒါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးကျောင်းပစ်ခတ်မှုတွေထဲက တခုဖြစ်ပြီး တနိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး (Mark Carney) က ဒီဖြစ်စဉ်ဟာ "ကနေဒါပြည်သူအားလုံးအတွက် အလွန်ဝမ်းနည်းကြေကွဲဖွယ်နေ့" လို့ပြောကြားခဲ့ပြီး တနိုင်ငံလုံးမှာရှိတဲ့ အစိုးရအဆောက်အအုံတွေမှာ နိုင်ငံတော်အလံကို ၇ ရက်တိုင်တိုင် ထက်ဝက်လျှော့ချလွှင့်ထူဖို့ ညွှန်ကြားထားပါတယ်။ ​လက်ရှိမှာတော့ ဒေသခံပြည်သူတွေက သေဆုံးသူတွေအတွက် ကျောင်းရှေ့မှာပန်းခွေတွေချပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အမှတ်တရတွေလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

Read more

နိုင်ငံကူးလက်မှတ်ဥပဒေအသစ်ပြဋ္ဌာန်းဖို့ စစ်ကော်မရှင်စီစဉ်နေ

Border News Agency ​နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂။ ​မြန်မာနိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးတာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေကို ပိုမိုတင်းကျပ်နိုင်မယ့် ဥပဒေမူကြမ်းသစ်တရပ်ပြဋ္ဌာန်းဖို့အတွက် စစ်ကော်မရှင်က နေပြည်တော်မှာအပြီးသတ် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ ​လက်ရှိ သုံးစွဲနေတဲ့ ၁၉၂၀ ပြည့်နှစ်ဥပဒေဟာ ခေတ်စနစ်နဲ့မကိုက်ညီတော့တဲ့အပြင် ပတ်စပို့အတုလုပ်တာနဲ့ လိမ်လည်ကိုင်ဆောင်တာတွေကို အရေးယူတဲ့နေရာမှာ အခက်အခဲတွေရှိနေတာကြောင့် အခုလိုဥပဒေအသစ်ကို အစားထိုးဖို့ ပြင်ဆင်လာတာပါ။ ​နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကော်မရှင်တပ်ဟာ ဒီဥပဒေအသစ်ကိုအသုံးချပြီး ပြည်ပထွက်မယ့်သူတွေကို ပိုပြီး စိစစ်ကန့်သတ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သွားလာမှုကိုပိတ်ဆို့ဖို့ ကြံစည်နေတာလို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် ပတ်စပို့ကိုအချက်အလက်ပြင်တာ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ကိုင်ဆောင်တာတွေကို ရာဇဝတ်မှုအကြီးစားအဖြစ်သတ်မှတ်ပြီး နိုင်ငံရေးအရဖိနှိပ်ဖို့ လမ်းစရှာနေတာလည်း ဖြစ်ပါတယ်။ ​အဲဒီအပြင် ဒီဥပဒေဟာပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပတ်စပို့သက်တမ်းတိုးတာနဲ့ အသစ်လဲလှယ်တာတွေကိုပါ လက်နက်သဖွယ်အသုံးချပြီး အကျပ်ကိုင်လာနိုင်တယ်လို့ ဆိုကြပါတယ်။ ခေတ်စနစ်နဲ့လျော်ညီဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ကော်မရှင်က သူတို့ရဲ့ထိန်းချုပ်မှုကို ဥပဒေကြောင်းအရ ခိုင်မာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

Read more

မဲဆောက်မှာ အလုပ်သမားလက်မှတ်မရှိတဲ့မြန်မာနှစ်ဦးဖမ်းဆီးခံရ

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ​ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ အလှပြင်ဆိုင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့အတွက် ထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန (Immigration Tak) က ဖေဖော်ဝါရီလ ၁၁ ရက်၊ မနေ့ထုတ်ပြန်ပါတယ်။ အဲဒီ မဲဆောက်မြို့၊ဖရာသတ်ဖာဒဲန်းကျေးရွာအုပ်စုရှိ "မာမာဘျူတီဆလွန်း" (Ma Ma Beauty Salon) အလှပြင်ဆိုင်ကိုဖေဖော်ဝါရီလ ၁၀ ရက်နေ့က တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့၊လဝက အမှတ် ၅ အဖွဲ့နဲ့ တာ့ခ်ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။ ​အဲဒီလိုစစ်ဆေးရာမှာ အသက်လေးဆယ်အရွယ်နဲ့ နှစ်ဆယ့်ရှစ်နှစ်အရွယ်ရှိတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိဘဲ ဆိုင်မှာ အလုပ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ​သူတို့ နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ အမှုဖွင့်ထားပြီး၊ လုပ်ထုံးလုပ်နည်းအတိုင်း မဲဆောက်ရဲစခန်းကို ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။

Read more

​ဟတ်ယိုင်မှာအမျိုးသား တဦးသေနတ်ပစ်ခတ်လို့ ကျောင်းအုပ်ကြီးအပါအဝင် ၄ ဦး ဒဏ်ရာရ

Border News Agency ​ဆောင်ခလာ၊ ဖေဖော်ဝါရီ ၁၂။ ​ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ ပရာသန်ကီရီဝပ်ကျောင်းအတွင်းမှာ ဖေဖော်ဝါရီလ၁၁ ရက်၊မနေ့က သေနတ်ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျောင်းအုပ်ကြီးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ အဲဒီ​ကျူးလွန်သူဟာ အခင်းမဖြစ်ပွားခင်က ရဲအရာရှိတဦးကို ဓားနဲ့ခုတ်ပြီး ရဲတပ်ဖွဲ့ဝင်ရဲ့ 9mm သေနတ်ကို လုယူကာ ကျောင်းအတွင်းကို ဆိုင်ကယ်နဲ့ ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက် ကျောင်းအတွင်းမှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းသားတွေကို အစည်းအဝေးခန်းမထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲ​ဒီပစ်ခတ်မှုကြောင့် ကျောင်းအုပ်ကြီးမှာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပြီး လက်ရှိမှာတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကျောင်းသား ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ထားရသလို တရားခံကို ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီး ထိန်းချုပ်ချိန်မှာလည်း တရားခံဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ​ကျူးလွန်သူဟာ အရင်က ရာဇဝတ်မှုမှတ်တမ်းမရှိပေမယ့် စိတ်ကျန်းမာရေးချို့ယွင်းမှုကြောင့်ဆေးကုသမှု ခံယူခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ဆေးရုံက ဆင်းလာသူဖြစ်ပါတယ်။ သူရဲ့ညီမငယ်ကို ဆရာမဖြစ်သူက အပြစ်ပေးဆုံးမခဲ့တာကို မကျေနပ်လို့ အခုလို လာရောက်လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ​လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ သိမ်းဆည်းဖို့ ကျောင်းဝင်းတခုလုံးကို ပိတ်ဆို့ထားပါတယ်။ စစ်ဆေးမှုတွေ မပြီးမချင်း ဆရာတွေနဲ့ ကျောင်းသားတွေကို ယာဉ်တွေ ပြန်ထုတ်ခွင့်မပြုသေးဘဲ ကျောင်းသားတွေကိုတော့ ဘေးကင်းရာ ကျောင်းပြင်ပကို ယာယီရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။

Read more
Page 61 of 278 1 60 61 62 278

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here