သတင်း

မင်းပြားမှာ အာရက္ခကျန်းမာရေးဌာနက နီပါးဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလက်ကမ်းစာစောင်တွေလိုက်ဝေနေ

Border News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​မင်းပြားခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကို ကြိုတင်တားဆီးနိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး ဒေသခံတွေဆီ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲမြို့ပေါ်နဲ့ ကျေးရွာတချို့အထိ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ဆင်းပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေတာပါ။ အဲ​ဒီလိုဆောင်ရွက်ရာမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနတင်မကဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲကို ဒီရောဂါအကြောင်း သိကောင်းစရာနဲ့ ကာကွယ်နည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးနေတာကြောင့် ဒေသခံတွေအတွက်လည်း ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။ ​လက်ကမ်းစာစောင်ဝေတာအပြင် လူအသွားအလာများတဲ့ နေရာတွေမှာလည်း နီပါးဗိုင်းရပ်စ် သတိပေးဆိုင်းဘုတ်တွေကို စိုက်ထူထားကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ကားဂိတ်တွေ၊ ဘုတ်ဆိပ်တွေနဲ့ လမ်းဆုံလမ်းခွတွေလို လူစည်ကားတဲ့နေရာတွေကို အဓိကထားပြီး ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ သတိပေး နှိုးဆော်ထားတာကို တွေ့ရပါတယ်။ ​အခုလို လုပ်ဆောင်ရတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရှိနေတာကြောင့် ဒေသတွင်းကို ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။ အဲဒါကြောင့်လည်း ကျန်းမာရေးဌာနနဲ့အတူ DLEPS (ရဲတပ်ဖွဲ့)၊ အုပ်ချုပ်ရေး၊ မီးသတ်နဲ့ HDCO စတဲ့ အဖွဲ့အစည်းပေါင်းစုံက အရှိန်အဟုန်နဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတော့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ်လက္ခဏာတွေခံစားရတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြားကြဖို့ အထူးတိုက်တွန်းထားပါတယ်။

Read more

​ကန့်ဘလူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော်သုံ့ပန်းအဖြစ်ဖမ်းမိ

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၁၀၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။ အဲ​ဒီစစ်ဆင်ရေးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုဖေဖော်ဝါရီလအထိအာရက္ခတပ်တော် (AA)၊PDF၊ ပကဖတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ကန့်ဘလူခရိုင်အတွင်းက ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောလင်းဘက်က ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ​တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ ခလရ ၃၀၅၊ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အားတွေကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာပါ။ အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်ဆန် ၂ သောင်းကျော်နဲ့ ဗုံးသီး ၅၀၀ ကျော် ပါဝင်ပြီး စစ်သုံးပစ္စည်းအများအပြားကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Read more

KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြ ထီးသဲလယ်ရွာက စစ်ဘေးရှောင်တွေကို သွားရောက်အားပေး

Border News Agency  ကော်သူးလေ၊ ဖေဖော်ဝါရီ ၁၁။ ​ကော်သူးလေအာမီ (KTLA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်နယ်ဒါးမြဟာ ထီးသဲလယ်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒီနေ့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ​ဗိုလ်ချုပ်နယ်ဒါးမြဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်မိသားစုဝင် လူဦးရေ ၂၀၀ ကျော်ကို အားပေးစကားပြောကြားခဲ့ပြီး လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးခဲ့တာပါ။ အဲဒီလိုသွားရောက်ရာမှာ စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေဖို့ ဆန်၊ ဆီနဲ့ အခြေခံစားသောက်ဖွယ်ရာတွေကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ​ဒါ့အပြင် KTLA ဆေးတပ်ဖွဲ့ဝင်တွေကလည်း စခန်းအတွင်းကမကျန်းမာတဲ့သူတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး လိုအပ်တဲ့ဆေးဝါးတွေ စီစဉ်ပေးခဲ့ပါတယ်။ "ပြည်သူတွေ ခက်ခဲနေတဲ့အချိန်တိုင်းမှာ အမြဲတမ်းအတူရပ်တည်ပြီး တတ်နိုင်သမျှကူညီဖေးမသွားမယ်" လို့လည်း ဗိုလ်ချုပ်နယ်ဒါးမြက ကတိစကားပြောကြားခဲ့ပါတယ်။ ​KTLA အနေနဲ့ ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ မိမိတို့နေရပ်ကို အမြန်ဆုံးပြန်နိုင်ပါစေကြောင်း  ဆုတောင်းမေတ္တာပို့သထားပါတယ်။

Read more

AA နဲ့ PDF ပူးပေါင်းတပ်တွေကန့်ဘလူရှိ စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်

Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ PDF၊ ပကဖပူးပေါင်းတပ်ဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်း ပျူစောထီးရွာစခန်းတွေနဲ့ ကျွန်းလှမြို့နယ်က အင်တိုင်းပျူစောထီးရွာစခန်းအပါအဝင် ကောလင်းကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။  ​အဲဒီပူးပေါင်းတပ်ဖွဲ့တွေဟာ ကိုးတောင်ဘို့ရွာစခန်းကို ဇန်နဝါရီလကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကိုလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာပဲ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ ​အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သလို၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် စုစုပေါင်း ၁၀၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ​တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ၄၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်မျိုးစုံ ၁၈၇ လက်နဲ့ ကျည်ဆန်ပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စခန်းတွေထဲက အင်တိုင်းရွာစခန်းနဲ့ ကိုးတောင်ဘို့ရွာစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

Read more

အမေရိကန်ရဲ့ စွမ်းအင်ပိတ်ဆို့မှုကြောင့် ကျူးဘားလေဆိပ်တွေမှာ ဆီပြတ်လပ်

Border News Agency  အမေရိကန်၊ ဖေဖော်ဝါရီ ၁၁။ ​ကျူးဘားအစိုးရဟာ နိုင်ငံအတွင်းရှိအပြည်ပြည်ဆိုင်ရာလေဆိပ်အားလုံးမှာ လေယာဉ်ဆီ (Jet A-1) ပြတ်လပ်နေတာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေကို ဆီဖြည့်ပေးနိုင်တော့မှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တရားဝင်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ​အဲဒီအခြေအနေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကျူးဘားအပေါ် စွမ်းအင်ပိတ်ဆို့မှုအသစ်တွေ လုပ်ဆောင်လိုက်တာကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး၊ ဆီပြတ်လပ်မှုဟာ အနည်းဆုံးတလကြာမြင့်မယ်လို့ သိရပါတယ်။ ​သမ္မတထရန့်ဟာ ကျူးဘားကိုဆီရောင်းပေးတဲ့ ဘယ်နိုင်ငံကိုမဆို အမေရိကန်ကိုကုန်ပစ္စည်းတင်သွင်းရင် အထူးအခွန်အကြီးအကျယ်ကောက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် အဓိကဆီပေးသွင်းနေတဲ့ မက္ကဆီကိုနဲ့ ဗင်နီဇွဲလားတို့က ဆီတင်ပို့မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ ​ဒီလိုဆီပြတ်လပ်မှုကြောင့် ကျူးဘားကိုပျံသန်းနေတဲ့ ခရီးစဉ်တွေရပ်နားလိုက်ရသလို ဆိုက်ရောက်နေတဲ့ ခရီးသည် ၃,၀၀၀ ကျော်ကို ပြန်ခေါ်ဖို့အတွက် ဆီအပိုတင်ဆောင်ထားတဲ့ အထူးလေယာဉ်တွေကိုပဲ စေလွှတ်နေရပါတယ်။ ​နိုင်ငံတကာလေကြောင်းလိုင်းအချို့ဟာ ကျူးဘားခရီးစဉ်တွေကိုဖျက်သိမ်းတာ ဒါမှမဟုတ် အနီးနားက ဘဟားမားနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ဆီဝင်ဖြည့်ပြီးမှ ပျံသန်းရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ​လက်ရှိမှာ လေယာဉ်ဆီတင်မကဘဲ ပြည်တွင်းမှာလည်း လျှပ်စစ်မီး ၁၀ နာရီကျော် ပြတ်တောက်တာ၊ ဘတ်စ်ကားနဲ့ ရထားခရီးစဉ်တွေ လျှော့ချတာအပြင် ဟိုတယ်အချို့ကိုပိတ်သိမ်းပြီး စွမ်းအင်ချွေတာနေရတယ်လို့ သိရပါတယ်။

Read more

ချက်ကန်ရွာဘုရားပွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူဆယ်ဦးသေဆုံး 

Border News Agency  မကွေး၊​ ဖေဖော်ဝါရီ ၁၁။ ​မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက်ပိုင်းက ရွာဘုရားပွဲကျင်းပနေတုန်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားဆယ်ဦးသေဆုံးသွားပါတယ်။ အဲဒီ ချက်ကန်ကျေးရွာကို အဲဒီနေ့မနက် ၁၁ နာရီအချိန်ခန့်က အနီးနားရှိကပစ ၂၂ ကနေ ပါရာမော်တာနှစ်စီး၊ မကွေးလေတပ်ကတိုက်လေယာဥ်သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ ​အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိဆယ်ဦးသေဆုံးတယ်လို့ အတည်ပြုနိုင်ထားသလို ရှစ်ဦးလည်းဒဏ်ရာအပြင်းအထန် ရရှိထားပါတယ်။  ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတဲ့အတွက် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါတယ်။ အဲ​ဒီတိုက်ခိုက်မှုဟာ ဒေသတွင်းမှာဘာတိုက်ပွဲမှဖြစ်ပွားနေတာမရှိဘဲ အရပ်သားတွေကိုပဲ ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီချက်ကန်ကျေးရွာဟာ အိမ်ခြေငါးရာကျော်ရှိတဲ့ ကျေးရွာကြီးတရွာလည်း ဖြစ်ပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်တာတွေများနေတာမို့ ပြည်သူတွေအနေနဲ့ လူစုလူဝေးလုပ်တာ၊ ပွဲလမ်းသဘင်နဲ့အလှူအတန်းကျင်းပတာတွေကိုရှောင်ကြဉ်ကြဖို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်ကအသိပေးထားပါတယ်။ ​အဲဒီချက်ကန်ရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး မြေပြင်အခြေအနေအရ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

Read more

အမ်းမှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားနှစ်ဦးဒဏ်ရာရ

Border News Agency  အမ်း၊ ဖေဖော်ဝါရီ ၁၁။ အမ်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ လင်မယားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ အမ်းမြို့နယ်၊ ပြောင်းချောင်းရပ်ရွာမှ အသက်ငါးဆယ့်ခုနှစ်နှစ်အရွယ် ဦးမောင်လုံးနဲ့ ဇနီးဖြစ်သူလေးဆယ့်ရှစ်နှစ်အရွယ် ဒေါ်ကေးကေး တို့ဒဏ်ရာရသွားခဲ့ပါတယ်။  သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၈ ရက်၊ မနက် ၉ နာရီခွဲ့အချိန်ခန့်က ပြောင်းချောင်းရွာအနောက်ဖက်ရှိ သူတို့ပိုင်တဲ့ဥယျာဉ်ခြံမှာ မြက်ရိတ်စက်နဲ့ ပေါင်းပင်တွေကို ရှင်းလင်းခဲ့ပါတယ်။  အဲဒီလိုရှင်းလင်းရာမှာ အရင်ကစစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကို မြက်ရိတ်စက်နဲ့တိုက်မိလို့ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရသွားခဲ့ကြတာလို့ ဆိုကြပါတယ်။ အဲဒီ ဦးလုံးမောင်ရဲ့ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ပေါင်မှာ ဒဏ်ရာရသွားပြီး ဇနီးဖြစ်သူ ဒေါ်ကေးကေးမှာလည်း ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။  အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more

​ကလေးမြို့မှာ အာဏာသိမ်း ၅ နှစ်ပြည့် စစ်အာဏာရှင်ကိုဆန့်ကျင်

Border News Agency  ကလေး၊​ ဖေဖော်ဝါရီ ၁၁။ ​စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အဖြစ် ကလေးမြို့နယ်အတွင်းက ကျေးလက်ဒေသမှာ ပြည်သူတွေစုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဖေဖော်ဝါရီ ၁၀ ရက်၊ မနေ့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ​"ကလေးမြို့က တော်လှန်ဆဲ ပုန်ကန်ဆဲ" ဆိုတဲ့အတိုင်း ဒေသခံပြည်သူတွေဟာ အခုထက်ထိအသံမတိတ်၊ အလံမလိပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့အတူ အကြမ်းဖက်စစ်တပ်ကို တစိုက်မတ်မတ် တော်လှန်နေကြတယ်လို့ဆိုပါတယ်။ ​စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို ငြိမ်ခံမနေဘဲ"ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်" ကြဖို့နဲ့ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးမြှင့်တင်ပြီး ရရာကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြဖို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Read more

​ပြည်သူတွေစားဝတ်နေရေးကျပ်တည်းလို့ နိုင်ငံတကာအကူအညီ ပိုလိုအပ်နေပြီလို့ UN OCHA ပြော

Border News Agency မောင်တော၊​ ဖေဖော်ဝါရီ ၁၁။ ​မြန်မာနိုင်ငံအတွင်းက အဆိုးရွားဆုံး ခံစားနေရတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN OCHA Myanmar) က သတိပေးလိုက်ပါတယ်။ ဒီလိုအကူအညီတွေသာ မရရှိဘူးဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေက ရှည်ကြာနေဦးမယ်လို့ ​UN OCHA ရဲ့ ၂၀၂၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးစီမံချက် (HNRP) မှာအခုလို ဖော်ပြထားတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး (Livelihoods) ကို ပြန်လည်ထူထောင်နိုင်ဖို့ နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီဖို့ လိုအပ်နေတာပါ။ ​အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲတွေကြောင့် တိုက်ပွဲတွေပိုပြင်းထန်လာနိုင်ပြီး ပြည်သူတွေနေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ပိုတိုးလာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေကြောင့် အကူအညီပေးရေး လမ်းကြောင်းတွေလည်း ပိုပြီးအပိတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုအကူအညီပေးရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရနိုင်တာကြောင့် မြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့ "ဒေသခံကယ် ဆယ်ရေးအဖွဲ့" တွေကိုပဲ အဓိကအားကိုးပြီး အကူအညီပေးသွားရမှာဖြစ်တဲ့အတွက် သူတို့နဲ့အတူ စွန့်စားရမှုတွေကို မျှဝေခံယူသွားရမယ့် အခြေအနေရှိတယ်လို့ UN OCHA က အသိပေးထားပါတယ်။

Read more

စစ်ကော်မရှင်အတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ အိန္ဒိယထောက်ပံ့

Border News Agency  နေပြည်တော်၊​ ဖေဖော်ဝါရီ ၁၁။ ​နေပြည်တော်မှာရှိတဲ့ Naypyitaw State Academy အတွက် လိုအပ်တဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးဖို့ မြန်မာနဲ့ အိန္ဒိယအစိုးရကြားနားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲ​ဒီ MoU အရ အိန္ဒိယနိုင်ငံဘက်ကနေ ရူပဗေဒနဲ့ဓာတုဗေဒဘာသာရပ်တွေအတွက် လိုအပ်တဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊  သုတေသနသုံး သိပ္ပံပစ္စည်းတွေနဲ့ သင်ကြားမှုဆိုင်ရာ Software တွေကို ထောက်ပံ့ပေးသွားမှာလို့ဆိုပါတယ်။ ​အဲဒီပစ္စည်းတွေဟာ ကျောင်းရဲ့သုတေသနနဲ့ သင်ကြားရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်မယ်လို့ ပညာရေးဝန်ကြီးဌာနကပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကလည်း နှစ်နိုင်ငံပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ သုတေသနလုပ်ငန်းတွေအတွက် အခုလို ထောက်ပံ့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ​ဒီ MoU ကို ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာဇော်မြင့်နဲ့ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur တို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-စစ်ကော်မရှင် သတင်းအပြည့်အစုံဖတ်ရန် -  ​#နေပြည်တော် #ထောက်ပံ့ပေး #မြန်မာ #အိန္ဒိယ #MoU #လက်မှတ်ရေးထိုး #BNA

Read more
Page 65 of 280 1 64 65 66 280

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here