နိုင်ငံရေး

ယိုးငူလေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ ၂၀ ဦးထိရှိလာ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုရမှုမှာ သေဆုံးသူကလေးတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထိရှိလာနေပါတယ်။ အဲဒီ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ခု ၂၀ ဦးထိတိုးလာနေတာဖြစ်ပါတယ်။  အဲဒီ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖိုအသိပေးထားပါတယ်။

Read more

IIMM မှတ်တမ်းတွေဟာဥပဒေကြောင်းအရ ပိုအားကောင်းနိုင်

ဂမ်ဘီယာနဲ့မြန်မာအမှုမှာ IIFFMM အစီရင်ခံစာနဲ့ပတ်သက်လို့  ICJ တရားခွင်မှာ"ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒ (state's consent)နဲ့ IIFFMM ရဲ့ စံနှုန်း တွေကြား အငြင်းအခုန်တွေရှိခဲ့ကြပါတယ်။ အဲဒီမှာ ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒဆိုတာနိုင်ငံတကာပဋိညာဉ်အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာယန္တယားတရပ်ရပ်နဲ့ပူး ပေါင်းဆောင်ရွက်တဲ့အခါ ပင်ရင်းနိုင်ငံရဲ့ပူးပေါင်းလိုတဲ့စိတ်ဆန္ဒအရသာဖြစ်ရမယ်။  တကယ်လို့ ပင်ရင်းနိုင်ငံက ပူးပေါင်းလိုတဲ့ဆန္ဒမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့အချက်ရှိပါတယ်။ မြန်မာက ဒီအချက်ကိုင်ပြောပေမယ့် ICJ ပယ်ချလိုက်ပါတယ်။ပယ်ချတဲ့အ ကြောင်းပြချက်ကို ၂၀၂၀ ခုနှစ် Provinsional Measure အပိုဒ် ၁၀၇ မှာ ဖော်ပြထားပါတယ်။ အဲဒီအပိုဒ် ၁၀၇ ရဲ့ဆိုလိုရင်းက ဂျီနိုဆိုက်လိုကိစ္စဟာ မြန်မာတနိုင်ငံတည်းကပဲ ရိုက်ခတ်ခံရတဲ့ကိစ္စမဟုတ်ပါဘူး။  မြန်မာကိုယ်တိုင် ဂျီနိုဆိုက်လို ကိစ္စမျိုးမဖြစ်လာဖို့ကိစ္စဟာ နိုင်ငံအားလုံးရဲ့ အ ကျိုးစီးပွားဖြစ်တယ်လို့ လက်ခံထားပြီးသားဖြစ်တယ်။  အဲဒါကြောင့် ဒါဟာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းအဖွဲ့ဝင်နိုင်ငံတိုင်းက တရားစွဲခွင့်ရှိတယ်ဆိုပြီးပယ်ချလိုက်တာပါ။ IIFFMM ရဲ့ ဥပဒေကြောင်းအရ စံနှုန်း ဆိုတာမှာ IIFFMM ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ခရစ်စတိုဖာဆီတိုတီ(Christopher Sidoti)ကိုယ်တိုင်က  အစီရင်ခံစာဟာ "ယုံကြည်စိတ်ချရသော အကြောင်းပြချက်ရှိခြင်း" (Reasonable grounds to believe)ဆိုတဲ့ စံနှုန်းပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာတ ရားစီရင်ရေးမှာလိုအပ်တဲ့ "သံသယဖြစ်ဖွယ်မရှိအောင်သက်သေပြနိုင်ခြင်း" (Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက် အများကြီးနိမ့်ကျကြောင်းနဲ့တရားရုံးမှာ တိုက်ရိုက်သက်သေအဖြစ်အသုံးပြုဖို့ထက် လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့အတွက် "လမ်းပြမြေပုံ" အဖြစ်သာ ရည်ရွယ်ကြော င်းပြောခဲ့တာရှိပါတယ်။ အဲဒီနှစ်ချက်ကိုသုံးပြီး မြန်မာကခုခံချေပခဲ့တာရှိပါတယ်။Sate's Consent အရ မြန်မာဟာ IIFFMM နဲ့ မပူးပေါင်းခဲ့သလို IIFFMM ကို အခြေခံပြီးပေါ်လာတဲ့ IIMMနဲ့မပူးပေါင်းတာလည်းဖြစ်ပါတယ်။   အဲဒီတော့ State's Consent အရသဘောမတူတဲ့ယန္တရားတွေကရတဲ့အချက်အလက်တွေကို မြန်မာနဲ့ဆိုင်တဲ့နေ ရာတွေ၊တရားခွင်တွေမှာ အသုံးချစရာမလိုပါဘူး။  မြန်မာကို တရားစွဲတဲ့အခါ ဘမ်ဘီယားဟာ IIFFMM ရဲ့အစီရင်ခံစာကို အခြေခံထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ကန့်ကွက်တယ်ဆိုတဲ့သ ဘောပါ။ပြီးရင် အစီရင်ခံစာရေးသားရာမှာကိုယ်တိုင်ပါဝင်သူကလည်း အစီ ရင်ခံစာဟာ ရာဇဝတ်မှုဆိုင်ရာတရားစီ ရင်ရေးမှာလိုအပ်တဲ့"သံသယဖြစ်ဖွယ်မရှိအောင် သက်သေပြနိုင်ခြင်း "(Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက်အများကြီး နိမ့်ကျတယ်လို့ ဆိုထားတဲ့အတွက်အစီရင်ခံစာကိုသက် သေအထောက်အထားအနေနဲ့ မသုံးသင့်ဘူးဆိုတဲ့ သဘောမျိုးကန့်ကွက်ခဲ့တာပါ။ မြန်မာက ကန့်ကွက်ချက်တွေကို ICJ က ပယ်ချလိုက်ပါတယ်။ပယ်ချလိုက်တဲ့အကြောင်းပြချက်တွေကိုလည်း ခုလိုပေးပါတယ်။ ICJ တရားရုံးက IIFFMM အစီရင်ခံစာရဲ့အဆင့်အတန်းကို အမှုတခုလုံးအပေါ် ဆုံးဖြတ်ဖို့ သက်သေအဖြစ် အသုံးပြုလို့အပြည့်အစုံံမရနိုင်ပေမယ့်အမှုဖြစ် စဉ်အပေါ် နားလည်ရန်ကူညီပေးသော ဇစ်မြစ်"အထောက်အထား တစိတ်တပိုင်း"အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဖြစ်တန်ရာယုတ္တိရှိခြင်း(Plausiblity) သို့မဟုတ်  ဇစ်မြစ်အထောက်အထား တစိတ်တပိုင်း  ICJ တရားရုံးက ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ကနဦးကန့်ကွက်လွှာတွေအပေါ်ဆုံးဖြတ်ချက် "Preliminary Objections"စီရင်ချက်ထဲက IIFFMM (Fact-Finding Mission) အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး အပိုဒ် ၅၄ မှာ ခုလို ဖော်ပြထားပါတယ်။...

Read more

MDY-PDF ၅ နှစ်ပြည့်နေ့မှာ အဆုံးအထိ တိုက်ပွဲဝင်ဖို့ ကတိပြု

​ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တည်ထောင်တာ ဒီနေ့ဆိုရင် ၅ နှစ်ပြည့်သွားပြီဖြစ်ပြီး တော်လှန်ရေးပန်းတိုင်ရောက်တဲ့အထိ အားကောင်းမောင်းသန်နဲ့ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ​MDY-PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ "အထူးလှုပ်ရှားတပ်မ" အဖြစ် တော်လှန်ရေးတာဝန်တွေကို...

Read more

မောင်တောမြောက်ပိုင်းမှ မြိုလူမျိုးတွေကို ULA က ဆန်ရိက္ခာထောက်ပံ့

​မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ဒေသကနေ အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြိုလူမျိုးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး ဆန်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပေးခဲ့ပါတယ်။ ​အာရက္ခ-ဘင်္ဂလားနယ်စပ် ဒုံးညို၊ ကျောက်လုံးနဲ့ ပျာရည်ရွာတွေကနေ ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စု ၇၀ (လူဦးရေ ၆၇၅ ဦး) ဟာ လက်ရှိမှာ သစ်တုံးနားခွဆုံ၊ သုပဏ္ဏကနဲ့ ရွှေတိုင်ရွာစတဲ့ နေရာတွေမှာ ခိုလှုံနေကြတာပါ။ အဲဒီလို ခိုလှုံနေသူတွေကို ပါတီတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဆန်ရိက္ခာ၊ ခြင်ထောင်တွေနဲ့ ဆေးကုသမှုတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ​ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတုန်းက အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မြိုလူမျိုးစုတွေဟာ အခုလိုဘေးလွတ်ရာကို တိမ်းရှောင်လာရတာဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း သူတို့တွေ ပြန်လည်အခြေချနိုင်အောင် ဆက်လက်ကူညီပေးသွားမယ်လို့ သိရပါတယ်။

Read more

​မဲဆောက်မှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

​မဲဆောက်မြို့မှာတရားမဝင်ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနေ့ကဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ​အဲဒီ မဲဆောက်မြို့၊ မယ်ပအုပ်စုထဲကဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကိုဖေဖော်ဝါရီဘ ၂၄ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်က တာ့ခ်ခရိုင် လဝကအဖွဲ့နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလုပ်ငန်းခွင်ဟာ ဝပ်စန်တီသမ်ဘုရားကျောင်းအနီးမှာ ရှိပြီး အိမ်နံပါတ်မရှိတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ​စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံသား ၄ ဦးဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတာဖြစ်သလို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လည်း မရှိဘဲ အလုပ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အဲ​ဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု နဲ့ လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။ အဲဒိီဖမ်းမိထားသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သူတို့ကို မဲဆောက်မြို့မရဲစခန်းကို ပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ​မြန်မာပြည်တွင်း အခြေအနေတွေကြောင့် အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့ ထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အခုလို ဖမ်းဆီးစစ်ဆေးမှုတွေနဲ့ ခပ်စိပ်စိပ် ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

Read more

​ဧပြီလဆန်းမှာအစိုးရသစ်ဖွဲ့ပြီး တာဝန်လွှဲမယ်လို့ စိုးဝင်းပြော

​လာမယ့် ဧပြီလဆန်းပိုင်းမှာ သမ္မတအသစ် ရွေးချယ်ပြီး အစိုးရသစ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်တွေကို ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ စစ်ကော်မရှင်ဒုတိယခေါင်းဆောင် စိုးဝင်းက ပြောဆိုလိုက်ပါတယ်။ နောင်ဝိုး၊ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းဘက်က တပ်နယ်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကသွားရောက်စစ်ဆေးစဉ်မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ​ရွေးကောက်ပွဲကျင်းပပြီးစီးသွားပြီဖြစ်လို့ မကြာခင်မှာ လွှတ်တော်ခေါ်ယူနိုင်ဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ အစီအစဉ်အရ မတ်လ ၁၆ ရက်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးနဲ့ မတ်လ ၁၈ ရက်မှာ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ကျင်းပဖို့ ပြင်ဆင်နေတာပါ။ ​ဒီလွှတ်တော်အစည်းအဝေးတွေ ကျင်းပပြီးတာနဲ့ ဧပြီလဆန်းမှာ သမ္မတရွေးချယ်တာနဲ့ အစိုးရသစ်ဖွဲ့စည်းတာတွေကို အပြီးသတ်လုပ်ဆောင်ပြီး တာဝန်လွှဲပြောင်းပေးသွားမယ်လို့ စိုးဝင်းက ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုအစိုးရမျိုးကို တာဝန်လွှဲပေးမလဲဆိုတာကိုတော့ အသေးစိတ် ပြောဆိုတာမျိုး မရှိပါဘူး။ ​ဒါ့အပြင် အစိုးရနဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဘယ်လိုပဲရှိနေပါစေ တပ်မတော်အနေနဲ့ကတော့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမှာဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။ အဲဒါကြောင့် စွမ်းရည်ရှိတဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။ ​စစ်ကော်မရှင်ဘက်က အစိုးရသစ်ဖွဲ့ပြီး တာဝန်လွှဲမယ်လို့ ပြောနေပေမယ့် တဖက်မှာတော့ တိုင်းပြည်အနှံ့မှာစစ်မီးတွေတောက်လောင်နေဆဲဖြစ်သလို အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်တိုက်ရှိနေတာကြောင့် သူတို့ရဲ့ နိုင်ငံရေးခြေလှမ်းတွေအပေါ် ဝေဖန်မှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

Read more

နှစ်နှစ်အတွင်းမြန်မာ ၁၇,၀၀၀ နီးပါး ပြည်ပမှာဖမ်းခံရ

​စစ်ခေါင်းဆောင်ရဲ့စစ်မှုထမ်းဥပဒေနဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ထွက်ပြေးနေကြတဲ့ မြန်မာနိုင်ငံသား ၁၇,၀၀၀ နီးပါးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အိမ်နီးချင်းနိုင်ငံတွေမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ Spring Revolution Database (SRD) က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ထိုင်းနိုင်ငံက ၁၀,၉၆၅ ဦးနဲ့ အများဆုံးဖြစ်နေပြီး မလေးရှား၊အိန္ဒိယနဲ့ လာအိုနိုင်ငံတွေမှာလည်း ဆက်တိုက်ဖမ်းဆီးခံနေရတာပါ။ အဲ​ဒီလိုထွက်ပြေးရတဲ့ အဓိကအကြောင်းရင်းကတော့ ပြည်တွင်းမှာစစ်ကော်မရှင်တပ်ရဲ့ အဓမ္မဖမ်းဆီးမှုတွေကြောင့်ဖြစ်ပြီး စစ်မှုထမ်းဥပဒေထွက်ပြီး တနှစ်အတွင်းမှာတင် လူပေါင်း ၁၉,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲ အထူးသဖြင့် ထိုင်းကနေ မြန်မာပြည်ဘက် ပြန်ပို့ခံရတဲ့သူတွေကို နယ်စပ်မှာတင် စစ်ကော်မရှင်တပ်က စစ်ထဲဝင်ဖို့ အတင်းအဓမ္မ ထပ်ဖမ်းနေတာပဲ ဖြစ်ပါတယ်။ ​အဲဒီအပြင် ၅ နှစ်တာအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်တာတွေကြောင့် အရပ်သားနဲ့ တော်လှန်ရေးရဲဘော် ၄,၀၀၀ နီးပါး အသက်ပေးခဲ့ရပါတယ်။ အဲဒီလို ဘက်ပေါင်းစုံက ဖိနှိပ်မှုတွေကြောင့် မြန်မာလူငယ် ၄၀ ရာခိုင်နှုန်းကျော်ဟာ နိုင်ငံကို စွန့်ခွာဖို့ဆုံးဖြတ်ထားကြပြီး ပညာတတ်လူငယ်တွေပါ ပြည်ပထွက်ကုန်တာကြောင့် မြန်မာ့အနာဂတ်အတွက် UNDP ကပါ စိုးရိမ်ကြောင်း သတိပေးထားပါတယ်။

Read more

ယိုးငူရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် HDCO ကကန့်ကွက်ရှုတ်ချ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာက ဈေးဆိုင်တန်းကို စစ်ကော်မရှင်တပ်ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ဦး သေဆုံးခဲ့ရတဲ့အပေါ် လူသားချင်းစာနာထောက်ထားရေးနဲဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကကန့်ကွက်ရှုတ်ချလိုက်ပါတယ်။  အဲဒီ စစ်ကော်မရှင်တပ်ရဲ့လူမဆန်တဲ့ တိုက်ခိုက်ခဲ့လီု့ ပြည်သူ ၁၄ ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ရပြီးအားလုံးဟာ သွေးအိုင်ထဲမှာ ရက်စက်စွာ ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ​စစ်ရေးနဲ့ လုံးဝသက်ဆိုင်တာမရှိတဲ့ ကျေးရွာဈေးတန်းကို နေ့ခင်းကြောင်တောင် လေကြောင်းတိုက်ခိုက်တာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့ HDCO က ဆိုပါတယ်။ ဒါဟာ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ ဂျီနီဗာကွန်ဗင်းရှင်းပါ အခြေခံမူတွေကို စစ်ခေါင်းဆောင်က ဗြောင်ကျကျချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ​ဒီတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ်တွေနဲ့ ဈေးဆိုင်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ရွာထဲမှာအပိုင်းပိုင်းပြတ်နေတဲ့ ရုပ်အလောင်းတွေနဲ့အတူ ဒေသခံတွေဟာ အလွန်တရာတုန်လှုပ်ခြောက်ခြားနေကြရပါတယ်။ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် ဘာမဆိုင်တဲ့ကလေးငယ်တွေကိုပါမချန်ပစ်မှတ်ထားသတ်ဖြတ်နေတာဟာ ကမ္ဘာကသိသင့်တဲ့ အကြမ်းဖက်မှုအစစ်အမှန်ပဲ ဖြစ်ပါတယ်။  HDCO အနေနဲ့ ထိခိုက်သေဆုံးသွားတဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်လို့ ပြောကြားထားပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို တခြားအာရက္ခဌာနတွေနဲ့ ပူးပေါင်းကာ အမြန်ဆုံး စီမံဆောင်ရွက်ပေးနေပါတယ်လို့ဆိုပါတယ်။ ဒဏ်ရာရထားသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ပါဝင်နေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာမှာကို အားလုံးက စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ ​နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်ခေါင်းဆောင်ရဲ့အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ချက်ချင်းဟန့်တားပေးဖို့ HDCO ကတောင်းဆိုထားပါတယ်။

Read more

ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားတယ်လို့ အာရက္ခတပ်တော်(AA)က ဖေဖော်ဝါရီလ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို ဖေဖော်ဝါရီ ၂၄ရက်၊နေ့လည်၂နာရီ ၇မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ယိုးငူကျေးရွာမှာ ဈေးရောင်း၊ဈေးဝယ်နေကြတဲ့ ပြည်သူတွေသေဆုံးဒဏ်ရာရသွားခဲ့ပြီး လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီယိုးငူရွာမှ အရပ်သားပြည်သူ သေဆုံးမှုနဲ့ဒဏ်ရာရရှိမှု အသေးစိတ်ကိုထပ်မံတင်ပြပေးသွားမယ်လို့  အာရက္ခတပ်တော်ဆိုပါတယ်။

Read more

ရန်ကုန်ရှိဖင်လန်သံရုံး ခုလကုန်မှာ အပြီးတိုင်ပိတ်သိမ်းမယ်

Border News Agency  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄။ ​ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာဖင်လန်သံရုံးကို လာမယ့်ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အပြီးတိုင်ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီပိတ်သိမ်းမှုဟာ စစ်ကော်မရှင်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးရှုပ်ထွေးမှုတွေအပြင် ကုန်သွယ်ရေးနဲ့ သံတမန်ရေးကဏ္ဍတွေ ရပ်တန့်နေတာကြောင့်ဖြစ်တယ်လို့ ဖင်လန်အစိုးရက ဆိုပါတယ်။ ​သံရုံးပိတ်သိမ်းလိုက်တဲ့အတွက် ကောင်စစ်ဝန်ဆောင်မှုတွေဖြစ်တဲ့ ပတ်စ်ပို့၊ နေထိုင်ခွင့်လျှောက်လွှာနဲ့ နိုတြီထောက်ခံချက် အစရှိတဲ့လုပ်ငန်းစဉ်အားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ဖင်လန်သံရုံးကနေ ပြောင်းလဲဆောင်ရွက်ပေးသွားမှာပါ။  အဲဒီ နေထိုင်ခွင့်လက်မှတ် (residence permits) လျှောက်ထားလိုသူတွေအနေနဲ့ Ban.Konsuli@gov.fi ဒါမှမဟုတ် viisumi.ban@gov.fi အီးမေးလ်တွေကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ​ဗီဇာနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကိုတော့ ဂျာမနီနိုင်ငံသံရုံးက ကိုယ်စားပြုလုပ်ဆောင်ပေးသွားမှာဖြစ်ပြီး အခြားကိစ္စရပ်တွေအတွက် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်အာရှနဲ့တောင်အရှေ့အာရှဆိုင်ရာဌာနကို တိုက်ရိုက်ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ သံရုံးကိုမြေပြင်မှာ မထားရှိတော့ပေမယ့် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို အဝေးရောက်စနစ်နဲ့ ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။ ​ဖင်လန်အစိုးရဟာ သံရုံးပိတ်သိမ်းမယ့်အကြောင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက ကြိုတင်အသိပေးခဲ့တာပါ။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကြောင့် သံတမန်ရေးအရကန့်သတ်ချက်တွေ များပြားလာတာကို အကြောင်းပြချက်အဖြစ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ​လက်ရှိဖင်လန်သံရုံးတင်မကဘဲ ဒိန်းမတ်သံရုံးကလည်း လာမယ့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကနေ အပြီးတိုင်ထွက်ခွာတော့မှာဖြစ်တယ်လို့ ကြိုတင်ကြေညာထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံတကာသံရုံးတွေ တခုပြီးတခုပိတ်သိမ်းလာနေတာဟာ မြန်မာနိုင်ငံရဲ့ သံတမန်ရေးရာ အထီးကျန်ဖြစ်မှုကို ပိုမိုသိသာစေပါတယ်။

Read more
Page 31 of 130 1 30 31 32 130

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here