နိုင်ငံရေး

​ပွိုင်ပက်မှထွက်ပြေးလာတဲ တရုတ်ကျားဖြန့် ၁၆ ဦးနဲ့ ဖုန်း ၂၆၀ ကျော်ကို ထိုင်းနယ်စပ်မှာဖမ်းဆီးရမိ

​ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့ရှိ ကျားဖြန့် (Scammer) လုပ်ငန်းခွင်မှ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား ၁၆ ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖုန်းအလုံးပေါင်း ၂၆၀ ကျော်နဲ့အတူ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ Royal Thai Army က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက် ညသန်းခေါင်ယံအချိန်က ဆာကဲအိုခရိုင်၊အရန်းယပရာထက်မြို့နယ်အတွင်း နယ်စပ်ကင်းလှည့်နေတဲ့ ဘူရဖာတပ်ဖွဲ့ (Burapha Force) နဲ့ ပူးပေါင်းအဖွဲ့ကစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီ​ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၅ ဦးနဲ့အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၂၆၆ လုံးနဲ့လက်တော့ပ်တလုံးကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့ဟာ ပွိုင်ပက်ရှိ ကျားဖြန့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတွေဖြစ်ပြီး အလုပ်ရှင်က အခြားနိုင်ငံတခုသို့ သွားရောက်လုပ်ကိုင်ဖို့စေခိုင်းတာကို မလိုလားဘဲ တရုတ်နိုင်ငံသို့သာပြန်လိုတာမို့ ထွက်ပြေးလာတာလို့ ဝန်ခံထားပါတယ်။ ​သူတို့အဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ဖို့အတွက် ကမ္ဘောဒီးယားလူမျိုးလမ်းပြတဦးကို ဘတ် ၃,၅၀၀ စီ ပေးဆောင်ကာ တောလမ်းအတိုင်း ခိုးဝင်လာတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေအားလုံးကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီးနောက် ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့အတွက် ကလောင်နမ်ဆိုင် (Khlong Nam Sai) ရဲစခန်းသို့ လွှဲပြောင်းထားတယ်လို့သိရပါတယ်။

Read more

တလအတွင်းလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၂၀ ကျော်သေဆုံး

အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီ​လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Read more

စစ်တပ်သုံးခရီးသည်တင်လေယာဉ်အရေး NAC တာဝန်ပျက်ကွက်ကြောင်း ဒိန်းမတ်အတည်ပြု

​Air KBZ နဲ့ KT Group ဆီကို လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ်တွေကို အာဏာသိမ်းစစ်တပ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာနဲ့ပတ်သက်ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ NAC ကုမ္ပဏီဟာ လူ့အခွင့်အရေးစံနှုန်းတွေ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒိန်းမတ်နိုင်ငံက အတည်ပြုလိုက်ပါတယ်။ ​ဒိန်းမတ်နိုင်ငံအဆင့် တိုင်ကြားရေးဌာန (NCP Denmark) ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ လေယာဉ်အငှားကုမ္ပဏီ Nordic Aviation Capital (NAC) ဟာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ OECD လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာပါ။ အထူးသဖြင့် NAC အနေနဲ့ Air KBZ လိုမျိုး သူတို့ရဲ့ စီးပွားဖက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ထည့်မတွက်ဘဲ ဆိုးကျိုးတွေကို တားဆီးဖို့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ​မြန်မာစစ်တပ်ဟာ Air KBZ နဲ့ KT Group ဆီကနေ လွှဲပြောင်းယူခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ် ၄ စီးကို လေတပ်ရဲ့ လေယာဉ်အမှတ်စဉ်တွေဖြစ်တဲ့ ၀၀၀၃၊ ၀၀၀၄၊ ၀၀၀၅ နဲ့ ၀MD၁၁ ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့တာပါ။ အဲဒီ လေယာဉ်တွေကို တပ်ဖွဲ့ဝင်တွေ ပို့ဆောင်တာ၊ လက်နက်ခဲယမ်း သယ်ယူတာ၊ ကင်းထောက်တာနဲ့ စစ်ခေါင်းဆောင်တွေအပါအဝင် အထူးပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေမှာ အမှန်တကယ် အသုံးပြုနေတာဖြစ်တယ်လို့ အတည်ပြုချက်တွေ အရ သိရပါတယ်။ ​Justice For Myanmar (JFM) ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး NAC နဲ့ သူ့ရဲ့မိခင်ကုမ္ပဏီတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ တာဝန်မဲ့တဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

Read more

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေးမှာ ကလေးငယ်တွေကို အသုံးချမှုအပေါ် ဝေဖန်ခံရ

ထိုင်း​-ကမ္ဘောဒီးယားနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်က ကလေးငယ်တွေကို အသုံးပြုပြီး နယ်စပ်အရေးကိစ္စတွေမှာ ထိုင်းနိုင်ငံအပေါ် ဖိအားပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ထိုင်းစစ်တပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။ ​ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေးမိချေးခရိုင်အတွင်းကို ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့အာဆီယံလေ့လာရေးအဖွဲ့ (AOT) ရောက်ရှိလာချိန်မှာ ကမ္ဘောဒီးယားဘက်က အသက် ၅ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ် ၃၀ ခန့်ကို စုရုံးစေခဲ့တာပါ။ အဲဒီလိုလုပ်ဆောင်တာဟာ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ နိုင်ငံတကာရှေ့မှောက်မှာ ပုံဖော်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ​အဲဒီအပြင် ကမ္ဘောဒီးယားစစ်တပ် တာဝန်ရှိသူတွေက ထိုင်းဘက်ကဆူးကြိုးခွေတွေနဲ့ ကွန်တိန်နာတွေ အသုံးပြုပြီး နယ်မြေကျူးကျော်ထားတယ်လို့ စွပ်စွဲပြောဆိုခဲ့ပေမယ့် ဒီအချက်အလက်တွေဟာ အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးထားတာလို့ ထိုင်းဘက်က ပြန်လည်တုံ့ပြန်ထားပါတယ်။ အဲ​ဒီလှုပ်ရှားမှုကို ကမ္ဘောဒီးယား အမှတ် ၅ စစ်ဒေသမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က တိုက်ရိုက်ကြီးကြပ်ခဲ့တာဖြစ်ပြီး နယ်နိမိတ်အငြင်းပွားမှုမှာ အလေးသာစေဖို့အတွက် လူသားချင်းစာနာမှုကိစ္စကို နိုင်ငံရေးအရ အသုံးချတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

Read more

​ဘင်္ဂလားဒေ့ရှ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦး အနိုင်ရ

​Border News Agency ​ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦးအနိုင်ရရှိပြီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ တရားမဝင်မဲရလဒ်တွေအရ သိရပါတယ်။ ​အမတ်နေရာအများစုကို အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့ သေချာနေတဲ့ Bangladesh Nationalist Party (BNP) က အမျိုးသမီးကိုယ်စားလှယ် ၆ ဦးဟာ ပါတီရဲ့ စပါးနှံတံဆိပ်နဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ အသီးသီး အနိုင်ရခဲ့ကြတာပါ။ ​အနိုင်ရရှိခဲ့တဲ့ BNP အမျိုးသမီးကိုယ်စားလှယ်တွေကတော့ Manikganj - 3 မဲဆန္ဒနယ်က Afroza Khan Rita၊ Jhalokati - 2 က Israt Sultana Elen Bhutto၊ Sylhet - 2 က Tahsina Rushdir Luna၊ Faridpur - 2 က Shama Obaid၊ Faridpur - 3 က Nayab Yusuf Kamal နဲ့ Natore - 1 က Farzana Sharmin Putul တို့ပဲ ဖြစ်ပါတယ်။ ​အဲဒီအပြင် BNP ပါတီကနေ အရင်ကထုတ်ပယ်ခံထားရတဲ့ Barrister Rumin Farhana ဟာလည်း Brahmanbaria - 2 မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသွားခဲ့တာကြောင့် စုစုပေါင်းအမျိုးသမီး ၇ ဦး လွှတ်တော်တက်ခွင့် ရရှိမှာဖြစ်ပါတယ်။ ​အခုထွက်ပေါ်လာတဲ့ရလဒ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရေတွက်မှုတွေအပြီး ထွက်ပေါ်လာတဲ့ အကြိုရလဒ်တွေ ဖြစ်ပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ တန်ဂေးလ်ခရိုင်အမတ်နေရာ ၈ ခုစလုံးကို BNP ပါတီဝင်တွေအနိုင်ရ

​Border News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ တန်ဂေးလ် (Tangail) ခရိုင်က အမတ်နေရာ ၈ ခုစလုံးကို Bangladesh Nationalist Party (BNP) ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တဦးက အနိုင်ရရှိသွားပါတယ်။ အဲ​ဒီရလဒ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်၊ ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်အချိန်မှာ ခရိုင်ရွေးကောက်ပွဲအရာရှိ ရှာရီဖာဟတ်ခ်က တရားဝင်ထုတ်ပြန်လိုက်တာပါ။ ​တန်ဂေးလ်ခရိုင်အတွင်းက မဲဆန္ဒနယ် ၈ ခုစလုံးမှာ BNP ပါတီက ကိုယ်စားလှယ် ၇ ဦး အနိုင်ရခဲ့ပြီး ကျန်တဲ့တနေရာမှာတော့ BNP ကပဲ တစ်သီးပုဂ္ဂလအဖြစ် ခွဲထွက်ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်က အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီ တန်ဂေးလ် - ၁ မှာ Fakir Mahbub Anam၊ တန်ဂေးလ် -၂ မှာ Abdus Salam Pintu၊ တန်ဂေးလ် - ၃ မှာ တစ်သီးပုဂ္ဂလ လွတ်ဖာရာမန်ခန်းအာဇတ် (Lutfar Rahman Khan Azad)၊ တန်ဂေးလ် - ၄ မှာ Lutfar Rahman Matin တို့က နယ်မြေအလိုက်အနိုင်ရသူတွေ ဖြစ်ပါတယ်။  ​အဲဒီအပြင် တန်ဂေးလ် - ၅ (Sadar) မှာ BNP ဗဟိုပြန်ကြားရေးအတွင်းရေးမှူး Sultan Salahuddin၊ တန်ဂေးလ် - ၆ မှာ Rabiul Awal Lavlu၊ တန်ဂေးလ် - ၇ မှာ Abdul Kalam Azad နဲ့ တန်ဂေးလ် - ၈ မှာ Ahmed Azam Khan တို့က မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ BGB တပ်ဖွဲ့ဝင် ၁၉,၀၀၀ ကျော်ကို အသုံးပြုခဲ့ပါတယ်။ ​တန်ဂေးလ်ခရိုင်တခုလုံးမှာ မဲဆန္ဒနယ် ၈ ခုအတွက် ကိုယ်စားလှယ် ၄၇ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး မဲပေးသူ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Read more

၁၀၂ ကြိမ်မြောက် ထိုင်း-မြန်မာ နယ်စပ်ကော်မတီအစည်းအဝေး မယ်ဆိုင်မှာကျင်းပ

​ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊မယ်ဆိုင်မြို့မှာ ၁၀၂ ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (TBC) အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ​နှစ်နိုင်ငံ TBC ဥက္ကဋ္ဌတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတားပေါ်မှာ အပြန်အလှန်တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါတယ်။ ​အဲဒီနောက် မယ်ဆိုင်မြို့ရှိ မဲခေါင်ဒေသဟိုတယ်မှာ တနာရီခွဲကြာ ဆွေးနွေးခဲ့ကြပြီး နယ်စပ်တစ်လျှောက်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား တိုင်ပင်ခဲ့ကြပါတယ်။ ​အထူးသဖြင့် နယ်စပ်မှုခင်းနှိမ်နင်းရေး၊ ရေဘေးစီမံခန့်ခွဲမှုနဲ့ မယ်ဆိုင်မြစ်အတွင်း ဓာတုညစ်ညမ်းမှု တားဆီးရေးတွေကိုအလေးပေးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ​အဲဒီအစည်းအဝေးဟာ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ပြီး နယ်စပ်နေပြည်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့ လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးဖို့ ရည်ရွယ်တာလို့လည်းဆိုပါတယ်။

Read more

​ကျောက်တော်မှာ ယာဉ်အန္တရာယ်ကင်းဖို့ DLEPS က လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

​အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ ယာဉ်တိုက်မှုတွေ လျော့နည်းစေဖို့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ယာဉ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေပါတယ်။ ဒီလုပ်ငန်းစဉ်ကို DLEPS တပ်ဖွဲ့ဝင်တွေနဲ့ ULA/AA အဖွဲ့ဝင်တွေ ပူးပေါင်းပြီး မြို့ပေါ်က လမ်းဆုံလမ်းခွတွေ၊ဈေးတွေနဲ့ ကားဂိတ်၊ ဆိပ်ကမ်းတွေမှာ အသိပညာပေး ဗီနိုင်းတွေစိုက်ထူတာ၊ စာစောင်ဝေတာတွေ လုပ်ဆောင်နေတာပါ။ ​အဓိကကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ယာဉ်စည်းကမ်း ၁၀ချက်နဲ့ လမ်းအသုံးပြုသူတွေ လိုက်နာရမယ့် စည်းကမ်း ၁၉ ချက်ကို ပြည်သူတွေ သိရှိလိုက်နာဖို့အတွက် ကြပ်မတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ​အာရက္ခတပ်တော်ကထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူတွေဘေးကင်းလုံခြုံစေဖို့အတွက် လမ်းမတွေပေါ်မှာ ယာဉ်ကြောရှင်းလင်းတာနဲ့ အသိပညာပေးတာတွေကို အခုလို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Read more

NCA လမ်းကြောင်းအတိုင်းမလာရင် တည်ငြိမ်ရေးကို ထိခိုက်စေမယ်လို့ စစ်ခေါင်းဆောင်သတိပေး

​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းအတိုင်း မလာဘူးဆိုရင် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ထိခိုက်စေလိမ့်မယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်၊မနေ့ကကျရောက်တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး သတိပေးလိုက်တာပါ။ ​စစ်ခေါင်းဆောင်က နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာဟာ တိုင်းပြည်အတွက် နစ်နာမှုတွေပဲ ရှိမှာဖြစ်လို့ NCA ပါအချက်အလက်တွေနဲ့အညီ နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးကြဖို့ တိုက်တွန်းထားတာပါ။ ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ တကျော့ပြန် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ​ပြည်သူတွေနဲ့တိုင်းရင်းသားအဖွဲ့အစည်းအချို့ကတော့ စစ်ကော်မရှင်တပ်ရဲ့ NCA စကားဟာ ဟန်ပြသက်သက်သာဖြစ်ပြီး လက်တွေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးသုံး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတာကို ထောက်ပြဝေဖန်နေကြပါတယ်။ ​အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ဆို့နေပြီးလမ်းတံတားတွေ ပျက်စီးနေတာဟာ အကြမ်းဖက်မှုတွေကြောင့်လို့ စစ်ခေါင်းဆောင်က ဆိုပေမယ့် ပြည်သူတွေကတော့ ဒါဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးဗျူဟာတွေကြောင့်ဖြစ်ပြီး လူမှုစီးပွားဘဝတွေ လုံးဝပျက်စီးနေရပြီလို့ တုံ့ပြန်နေကြတာပါ။ ​နိုင်ငံတကာကလည်း စစ်ကော်မရှင်တပ်က ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဟာ အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုးမဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ ရည်ရွယ်နေတာကြောင့် NCA ဟာ လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မယ့် အဓိကသော့ချက် မဟုတ်တော့ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ​အဲဒီအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုကလည်း စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးကတည်းက NCA ရဲ့ အနှစ်သာရတွေ ပျက်စီးသွားပြီလို့ ယူဆထားကြပါတယ်။  အဲဒါကြောင့် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီအတွက်ဆိုရင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းဖို့ကသာ ပထမဦးစားပေးဖြစ်တယ်လို့ ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။

Read more

ရာဂါမာတီမှာ မဲပေးဖို့သွားတဲ့မရာမာနဲ့ ချက္ကမလူမျိုးတွေတိုက်ခိုက်ခံရလို့ ငါးဦးဒဏ်ရာရ

​Border News Agency ​ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာဂါမာတီ(Rangamati) ခရိုင်၊ ဂါဂရာ (Ghagra) ယူနီယံရှိ ကတ်ရှ်ခါလီအစိုးရမူလတန်းကျောင်း မဲရုံသို့ မဲပေးဖို့သွားတဲ့လမ်းမှာ ဒေသခံလူမျိုးစုဝင်အချို့ကို BNP ပါတီဝင်တွေကဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ​တိုက်ခိုက်ခံရသူတွေမှာ ကတ်ရှ်ခါလီနဲ့ဒိုလူပါရာ (Dolupara) ကျေးရွာများမှ မရာမာလူမျိုးနဲ့ ချက္ကမလူမျိုးတွေဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့ကို BNP ပါတီဝင်တွေနဲ့ထောက်ခံသူတွေက လမ်းမှာတားဆီးကာ အုပ်စုဖွဲ့ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။  ​အဲဒီမရာမာနဲ့ ချက္ကမလူမျိုးတွေဖြစ်တဲ့ သွေခရိုမာရ်မာ၊ ရွေရှီးမားမာရ်မာ၊ ချန်ဒရာဒန်ချက္ကမ၊ ပရာတီမွိုင်ချက္ကမနဲ့ မီကာချက္ကမ တို့ဒဏ်ရာရသွားခဲ့ကြတာဖြစ်ပါတယ်။  ပါမောက္ခ မိုဟာမက်ယူနွတ်စ်ရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပေမယ့် စစ်တကောင်းတောင်တန်းဒေသရှိ လူမျိုးစုဝင်တွေအတွက် ဘေးကင်းလုံခြုံစွာမဲပေးနိုင်ဖို့စိန်ခေါ်မှုများစွာ ရှိနေတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကိုဟန့်တားတာဖြစ်သလို တောင်တန်းဒေသရှိ လူမျိုးစုတွေအပေါ် ဖိနှိပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်းဝေဖန်ပြောဆိုနေကြပါတယ်။ ​ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း ခုလိုမျိုးတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် အဲဒီမဲရုံနဲ့အနီးတစ်ဝိုက်မှာ စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေကြပါတယ်။

Read more
Page 35 of 130 1 34 35 36 130

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here