စစ်ရေး

စစ်ကော်မရှင်တပ်ရဲ့ လေယာဉ်ဆီဖြတ်တောက်ဖို့ JFM တိုက်တွန်း

Border News Agency  နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄။ စစ်ကော်မရှင်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်ပတ်သက်နေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချက်ချင်းချမှတ်ပေးဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံဆီ လေယာဉ်ဆီတင်ပို့မှုတွေကို အသေအချာတားမြစ်ပိတ်ပင်ပေးဖို့ တိုက်တွန်းထားတာပါ။ ​စစ်ကော်မရှင်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာတင် မြန်မာပြည်သူတွေအပေါ် မကြုံစဖူးများပြားလှတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ JFM က ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ ပျက်စီးခဲ့ရသလို၊ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပြီး လူအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာပါ။ ​စစ်ကော်မရှင်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ လေယာဉ်ဆီတင်သွင်းမှုဟာ ၂၀၂၄ ကနေ ၂၀၂၅ အတွင်းမှာ မတ်ထရစ်တန် ၆ သောင်းကျော်ကနေ ၁ သိန်းကျော်အထိ (နှစ်ဆနီးပါး) တိုးလာနေတာကို တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတကာကတားဆီးနေတဲ့ကြားက စစ်ကော်မရှင်တပ်ဆီ လေယာဉ်ဆီတွေ ပိုမိုရောက်ရှိနေတာကို ပြသနေတာလို့ ဆိုပါတယ်။ ​JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဗီယက်နမ်ကနေ အီရန်အထိကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုက စစ်ကော်မရှင်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံ ပါဝင်ပတ်သက်နေမှုဟာ မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေတယ်လို့ ဝေဖန်ထားပါတယ်။ အဲဒီထဲ ခုလက်ရှိကနေဒါနိုင်ငံတနိုင်ငံတည်းကသာ လေယာဉ်ဆီတင်ပို့မှု၊ ရောင်းချမှုနဲ့ ရေကြောင်းအာမခံဝန်ဆောင်မှုတွေကို တရားဝင်ပိတ်ပင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အခြားအစိုးရတွေအနေနဲ့လည်း ဒီသွေးစွန်းနေတဲ့ ကုန်သွယ်မှုကို အဆုံးသတ်နိုင်ဖို့အတွက် ကနေဒါရဲ့ ဦးဆောင်မှုအတိုင်း လိုက်နာဆောင်ရွက်ဖို့ JFM က တိုက်တွန်းထားပါတယ်။ ​စစ်ကော်မရှင်တပ်ဆီရောက်သွားတဲ့ လေယာဉ်ဆီတင်ပို့မှုတိုင်းဟာ ပြည်သူတွေကို ဝေဟင်ကနေအကြမ်းဖက်ဖို့ အားပေးနေတာဖြစ်လို့ ပါဝင်ပတ်သက်နေတဲ့ သင်္ဘောပိုင်ရှင်တွေနဲ့ ကုမ္ပဏီတွေကို အရေးယူဖို့အလွန်အရေးကြီးနေတယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ ဒီလိုပိတ်ဆို့အရေးယူမှုတွေ အဆောတလျင်လုပ်ဆောင်နိုင်မှုအပေါ်မှာ  မှီခိုနေတယ်လို့လည်း ဆိုပါတယ်။

Read more

​မင်းအောင်လှိုင်ကို ICC သို့ လွှဲပြောင်းနိုင်ရေးဖိလစ်ပိုင်ဦးဆောင်ဖို့ SAC-M တိုက်တွန်း

အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) နဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုဖမ်းဆီးလွှဲပြောင်းနိုင်ရေး ဦးဆောင်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကတိုက်တွန်းလိုက်ပါတယ်။ ​အဲဒီ တီမောလက်စတေးနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး လပိုင်းအတွင်းမှာပဲ ဒေသတွင်းငြိမ်းချမ်းရေးအတွက် တာဝန်ယူမှုရှိတဲ့ ဦးဆောင်မှုကို ပြသလာခဲ့တာဟာ အာဆီယံအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်တယ်လို့ SAC-M က ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီတာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်တွေမှာ မလေးရှား၊စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေအနေနဲ့လည်း ပူးပေါင်းပါဝင်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ​ဖေဖော်ဝါရီလအစောပိုင်းက တီမောလက်စတေးနိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရရှေ့နေတစ်ဦး ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ အာဆီယံသမိုင်းတလျှောက် အဖွဲ့ဝင်နိုင်ငံတနိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံအပေါ် ဥပဒေအရ စတင်အရေးယူဖို့ ကြိုးပမ်းတဲ့ ပထမဆုံးသော လုပ်ရပ်လည်း ဖြစ်ပါတယ်။ ​မြန်မာစစ်အုပ်စုဟာ အာဂျင်တီးနားတရားရုံးက အရာရှိ ၂၅ ဦးကို ဖမ်းဝရမ်းထုတ်ထားတာ၊ ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတာနဲ့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာမှုတွေအပြင် နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ စစ်အုပ်စုကတော့ တီမောလက်စတေး သံအရာရှိကို နိုင်ငံအတွင်းက နှင်ထုတ်ခဲ့ပေမယ့် စစ်တပ်ကြောင့်လူသန်းချီ နေရပ်စွန့်ခွာရမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ ဒေသတွင်း ပြဿနာတွေ ဖြစ်နေပြီလို့ SAC-M က ထောက်ပြထားပါတယ်။ ​စစ်ခေါင်းဆောင်တွေကို တာဝန်ခံမှုရှိစေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီအနာဂတ်ကို ဖန်တီးနိုင်မှာဖြစ်သလို အာဆီယံရဲ့ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့လည်းဆိုပါတယ်။

Read more

​TNLA နဲ့ MNDAA ကြား ပဋိပက္ခကြောင့် လူထုကိုအသုံးမချဖို့ TCSN တောင်းဆို 

​Border News Agency တအာင်း၊ ဖေဖော်ဝါရီ ၂၄။ ​PSLF / TNLA နဲ့ MNTJP / MNDAA တို့ကြားဖြစ်ပွားနေတဲ့ပဋိပက္ခတွေမှာ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တာတွေမပြုလုပ်ဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။ ​အဲဒီအဖွဲ့နှစ်ဖွဲ့ကြားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစတင်ပြီး နယ်မြေမြေပြင်တင်းမာမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ကာ တပတ်ကျော်ကြာလာတဲ့အထိ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာနဲ့  ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ​အဲဒီ တပ်ဖွဲ့နှစ်ဖွဲ့ကြား အငြင်းပွားမှုရဲ့ နောက်ဆက်တွဲအဖြစ် မြေပြင်မှာရှိတဲ့ ပြည်သူလူထုတွေဟာ ကြားညှပ်ပြီးစိုးရိမ်စရာဖြစ်နေရသလို လူထုကိုပစ်မှတ်ထား ရိုက်နှက်တာ၊ ဖမ်းဆီးတာနဲ့ သွားလာခွင့်ကန့်သတ်တာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် အွန်လိုင်းစာမျက်နှာတွေပေါ်မှာလည်း လူမျိုးရေးပဋိပက္ခဖြစ်စေမယ့် အမုန်းစကားတွေနဲ့ မဟုတ်မမှန် သတင်းတု၊ ဗီဒီယိုတွေကိုအသုံးပြုပြီး သွေးထိုးလှုံ့ဆော်တာတွေ ရှိနေတာဟာ လူထုအပေါ်အကြမ်းဖက်မှုတွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ ​အဲဒီအတွက်ကြောင့် နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြည်သူလူထုအပေါ်ပုံချကာ ရန်လိုတာနဲ့ အကြမ်းဖက်တာတွေမပြုလုပ်ဘဲ ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ကတဆင့် အမြန်ဆုံးဖြေရှင်းကြဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့ကတိုက်တွန်းထားပါတယ်။

Read more

​ကစယ်ဒိုမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦး သေဆုံး 

​Border News Agency ထားဝယ်၊ ဖေဖော်ဝါရီ ၂၄။ ​မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်းရှိ စုံစင်ဖျားကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူ မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။  ​အဲဒီ စုံစင်ဖျားကျေးရွာကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၂ နာရီခွဲအချိန်က စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက အရပ်သားပြည်သူတဦးသေဆုံးခဲ့ရပြီး နောက်ထပ်တဦးလည်း ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၄ လုံးထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အဲဒီကျေးရွာသားတွေဟာ ​စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် စိုးရိမ်ထိတ်လန့်နေကြပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

Read more

ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်အရပ်သား ၁၃ ဦး သေဆုံး

Border News Agency  အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၄။ ​အာဖဂန်နစ္စတန်အရှေ့ဘက်ခြမ်းကို ပါကစ္စတန်တပ်မတော်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီလ၂၃ ရက်၊ မနေ့ကအတည်ပြု ထုတ်ပြန်ပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်း အသေခံဗုံးခွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုတွေအရှိန်မြင့်နေချိန်မှာ အခုလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၂ ရက်အကူး ညပိုင်းမှာ နန်ဂါဟာပြည်နယ်အတွင်းက ခရိုင်အချို့ကို ထိမှန်ခဲ့တာလို့ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့ (UNAMA) ကဆိုပါတယ်။ တာလီဘန်အစိုးရဘက်ကလည်း ပက်တီကာပြည်နယ်အပါအဝင် နေရာအတော်များများမှာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်တွေပါ ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။ ​ပါကစ္စတန်အစိုးရဘက်ကတော့ သူတို့နိုင်ငံအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ အာဖဂန်မြေပေါ်မှာ အခြေစိုက်တဲ့အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒါကြောင့် အာဖဂန်အခြေစိုက်တာလီဘန်နဲ့ အိုင်စစ် (IS) စခန်း ၇ ခုကို သတင်းအချက်အလက်အပေါ် အခြေခံပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအဖွဲ့တွေကို အာဖဂန်ကနောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ပါကစ္စတန်ဘက်က ဆိုပါတယ်။ ​အာဖဂန်တာလီဘန်အစိုးရကတော့ သူတို့နယ်မြေကိုအသုံးပြုပြီး တခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့ ခွင့်မပြုကြောင်း အမြဲတမ်းငြင်းဆိုထားပြီး ပါကစ္စတန်ရဲ့ အခုလုပ်ရပ်ဟာ အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကန့်ကွက်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွက် သင့်တော်တဲ့အချိန်မှာ ထိုက်တန်တဲ့တုံ့ပြန်မှု လုပ်ဆောင်သွားမယ်လို့လည်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ ​အာဖဂန် ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူတွေထဲမှာ ကျောင်းသား ၈ ဦးအထိ ပါဝင်နေပြီး ပညာရေးအဆောက်အအုံတချို့ပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လက်ရှိမှာ နှစ်နိုင်ငံကြားနယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွေရပ်တန့်နေပြီး လက်တုံ့ပြန်မှုတွေဆက်တိုက်ဖြစ်လာမှာကို နိုင်ငံတကာကစိုးရိမ်နေကြပါတယ်။

Read more

တွန်းဇံမြို့နယ်ရှိလူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်

Border News Agency တွန်းဇံ၊ ဖေဖော်ဝါရီ ၂၃။ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိလူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံမြို့နယ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီ တပ်သားသစ်စုဆောင်းတာကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး စုဆောင်းသွားမယ်လို့ ဆိုပါတယ်။ တွန်းဇံမြို့နယ်ကောင်စီကဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပထမအကြိမ် Zoom အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။ တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်တွေနဲ့ တွန်းဇံမြို့ကိုရောက်ရှိလာတဲ့ အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြားရှိလူငယ်တွေကို အဓိကထားစုဆောင်းမှာလို့ ဆိုပါတယ်။ အဲဒါကြောင့် တွန်းဇံမြို့နယ်အတွင်းနေထိုင်ကြတဲ့ လူငယ်တွေနဲ့ ပြင်ပမှရောက်လာကြတဲ့ လူငယ်တွေကို CDF - တွန်းဇံဇိုတပ်ဖွဲ့နဲ့ CC တပ်ပေါင်းစုအတွက် တပ်သားစုဆောင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

Read more

ဟုမ္မလင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၇ ဦး သေဆုံး

Border News Agency  ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂၃။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပဲနုပ်ဆွပ်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade က ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေ ၃ နာရီအချိန်မှာ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ပဲနုပ်ဆွပ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးထဲမှာလည်း အခြေအနေစိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ နေ့လည် ၁ နာရီဝန်းကျင်မှာလည်း ကျွန်းလှမြို့နယ်အနောက်ခြမ်း၊ သဖန်းဆိပ်ဆည်အနီးကို ၅ ကြိမ်တိုင်တိုင်လေကြောင်းတိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၄ စီးဟာ ဟုမ္မလင်းလေတပ် (ဟလခ) သို့ ရောက်ရှိနေပြီး  ဟုမ္မလင်းနဲ့ဖောင်းပြင်နယ်အတွင်းရှိ မိဘပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့နဲ့ လူစုလူဝေးနေရာတွေကို ရှောင်ကြဉ်ဖို့ PDC က အသိပေးထားပါတယ်။

Read more

ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ နယ်မြေအတွင်း ညဘက်သွားလာခွင့်တားမြစ်

Border News Agency ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၂၃။ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃နယ်မြေအတွင်း သွားလာလှုပ်ရှားနေထိုင်ကြတဲ့ပြည်သူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ  ညဘက်သွားလာခွင့်တားမြစ်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီဂန့်ဂေါခရိုင် တပ်ရင်း ၁၃ လှုပ်ရှားနယ်မြေဖြစ်တဲ့လမ်းတွေကို ည ၈နာရီမှ မနက် ၆ နာရီအတွင်း လုံခြုံရေးအခြေအနေအရ လုံးဝဖြတ်သန်းသွားလာခွင့်မပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်လိုက်တာပါ။ ဆော၊ ကျောက်ထု၊ မင်းတပ်လမ်းတွေကို လုံခြုံရေးအခြေအနေအရ စစ်ဆေးနေလို့ ပြည်သူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ အသိပေးထားပါတယ်။ ကန့်သတ်ထားတဲ့နယ်မြေကို ခုအချိန်မှာ ဂန့်ဂေါခရိုင်အတွင်းမှ တပ်ရင်းတပ်ဖွဲ့တွေမှလွဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို သက်ဆိုင်ရာခရီးသွားလာခွင့် (MO) ပါမှသာ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ဆိုပါတယ်။ အရေးပေါ်ကိစ္စတွေနဲ့သွားလာလိုရင် ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ ဆီကိုအကြောင်းကြားမှ ခွင့်ပြုမှာဖြစ်ပြီး ကန့်သတ်ထားတဲ့ အချိန်မှာအကြောင်းမကြားပဲသွားလာခဲ့ရင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Read more

ပခုက္ကူခရိုင် အမှတ်၆တပ်ရင်းရဲ့ စစ်ရေးစွမ်းရည်မြှင့်သင်တန်းဆင်းပွဲ

Border News Agency ​မြိုင်၊ ဖေဖော်ဝါရီ ၂၃။ ​မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF) ပခုက္ကူခရိုင်၊ အမှတ် ၆ တပ်ရင်းမှာ စစ်ရေးစွမ်းရည်မြှင့်စုဖွဲ့လေ့ကျင့်မှု ရက်တိုသင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။ ​အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် စစ်စည်းကမ်းကောင်းမွန်တဲ့တပ်အဖြစ်တည်ရှိနိုင်ဖို့ စုဖွဲ့လေ့ကျင့်မှုတွေကို နှစ်စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီသင်တန်းဆင်းရဲဘော်တွေဟာ စစ်ရေးလေ့ကျင့်မှုတွေကို တာဝန်ယူမှုအပြည့်နဲ့ ဆောင်ရွက်ခဲ့ကြပြီး တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းအနေနဲ့ လက်ရှိစိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံပြီး သစ္စာ၊ စည်းကမ်း၊ တာဝန်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ဝန်းရံပေးနေကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။

Read more

​ပေါက်မြို့နယ်ပကဖ အဖွဲ့ဝင် ၁၅ ဦးကို တပ်ပြေးအဖြစ်ကြေညာ

Border News Agency ​မကွေး၊ ဖေဖော်ဝါရီ ၂၃ ။ ​မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ - တိုက်ခိုက်ရေးမှ အဖွဲ့ဝင် ၁၅ ဦးကို တပ်ကင်းကွာရက်ကျော်လွန်တဲ့အထိ တပ်တွင်းတာဝန်မထမ်းဆောင်တာကြောင့် တပ်ပြေးတရားခံတွေအဖြစ် ကြေညာလိုက်တယ်လို့ ဖေဖော်ဝါရီလ၂၂ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ​သတ်မှတ်ထားတဲ့ ခွင့်ရက်တွေထက်ကျော်လွန်ပြီးနောက် တပ်ရင်းသို့ပြန်ပြီးသတင်းပို့တာမရှိတာမို့ ​အဲဒီရဲဘော် ၁၅ ဦးကို တပ်ပြေးတွေအဖြစ်သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီရဲဘော်တွေကိုတွေ့ရင် ပေါက်မြို့နယ်ပကဖအဖွဲ့ဆီသို့ အကြောင်းကြားပေးဖို့မေတ္တာရပ်ခံထားပြီး ကာယကံရှင် ရဲဘော်တွေအနေနဲ့ တာဝန်ပြန်ထမ်းဆောင်ချင်ရင်လည်း ပြန်ပြီဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

Read more
Page 22 of 142 1 21 22 23 142

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here