စစ်ရေး

အမ်းမှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားနှစ်ဦးဒဏ်ရာရ

Border News Agency  အမ်း၊ ဖေဖော်ဝါရီ ၁၁။ အမ်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ လင်မယားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ အမ်းမြို့နယ်၊ ပြောင်းချောင်းရပ်ရွာမှ အသက်ငါးဆယ့်ခုနှစ်နှစ်အရွယ် ဦးမောင်လုံးနဲ့ ဇနီးဖြစ်သူလေးဆယ့်ရှစ်နှစ်အရွယ် ဒေါ်ကေးကေး တို့ဒဏ်ရာရသွားခဲ့ပါတယ်။  သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၈ ရက်၊ မနက် ၉ နာရီခွဲ့အချိန်ခန့်က ပြောင်းချောင်းရွာအနောက်ဖက်ရှိ သူတို့ပိုင်တဲ့ဥယျာဉ်ခြံမှာ မြက်ရိတ်စက်နဲ့ ပေါင်းပင်တွေကို ရှင်းလင်းခဲ့ပါတယ်။  အဲဒီလိုရှင်းလင်းရာမှာ အရင်ကစစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကို မြက်ရိတ်စက်နဲ့တိုက်မိလို့ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရသွားခဲ့ကြတာလို့ ဆိုကြပါတယ်။ အဲဒီ ဦးလုံးမောင်ရဲ့ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ပေါင်မှာ ဒဏ်ရာရသွားပြီး ဇနီးဖြစ်သူ ဒေါ်ကေးကေးမှာလည်း ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။  အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more

ထန်တလန်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

Border News Agency  ထန်တလန်၊ ဖေဖော်ဝါရီ ၁၀။ ​ချင်းပြည်၊ ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဒီနေ့ နေ့လည်က စစ်ကော်မရှင်တပ်လေ​ကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီတလန်ခွါကျေးရွာရှိဘောလုံးကွင်းကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်လို့ နေရာတင် လူငါးဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီထဲကျန်တဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် နောက်မှထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ​ဒီလိုတိုက်ခိုက်လို့ တလန်ခွါရွာမှ Ral Iap၊ Thang Ceu၊ Sui Cung၊ Ngun Lian Thawng၊ Cung Cin Thawng နဲ့ Biak Kung တို့ သေဆုံးခဲ့ကြပါတယ်။ အဲဒီဒဏ်ရာရထားတဲ့ခုနှစ်ဦးထဲမှာ ကလေးငယ်တွေလည်းပါဝင်နေပြီး တချို့ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ ချင်းပြည်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာနေတာကြောင့် အရပ်သားတွေလည်း နေ့တိုင်းလိုလိုသေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။

Read more

ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဆယ့်ရှစ်ဦးသေဆုံး

Border News Agency မကွေး၊ ဖေဖော်ဝါရီ ၁၀။ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ရှစ်ဦးသေဆုံးသွားတယ်လို့ မြိုင် - ပကဖမှ ဖေဖော်ဝါရီလ ၁၀ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၉၉ နဲ့ ပျူစောထီးပူးပေါင်းအင်အားသုံးရာခန့်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ့်ရှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ရွာအနီးမှာစတင်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အထိအခိုက်သေဆုံးမှုများတာကြောင့် ၁၂၂ ဟောင်ဝှစ်ဇာလက်ကြီးပစ်ကူခြောက်ကြိမ်နဲ့ လေကြောင်းပစ်ကူနှစ်ကြိမ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း ကပစ၂၄ ကိုပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်အင်အား တရာ့ခုနှစ်ဆယ်ခန့်ကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကလည်း ပေါက်မြို့တောင်ပိုင်း ဆင်ဇာရွာမှပေါက်ချောင်းအောက်စုရွာအထိ အနီးကပ်လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကော်မရှင်ရဲ့ ကပစ၂၄ က ၈၁ မမ လက်ကြီးနဲ့ လေးကြိမ်ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်တပ်ဘက်မှ ဆယ့်ရှစ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရသွားခဲ့တာကြောင့် ပေါက်မြို့ဆေးရုံမှာလူနာတွေများနေပြီး မြို့နေပြည်သူတွေကို ဆေးရုံအတွင်းမဝင်ရလို့ပိတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။

Read more

​ခလယ်လွီထူမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

Border News Agency  ခလယ်လွီ၊ ဖေဖော်ဝါရီ ၁၀။ ​ခလယ်လွီထူခရိုင်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဖေဖော်ဝါရီလ ၃ ရက်ကနေ ၈ ရက်နေ့အထိ ခပ်စိပ်စိပ်လုပ်ခဲ့တာလို့ ကရင်အမျိုးသာအစည်းအရုံး - ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။  အဲဒီ​မူးမြို့နယ်ဥသစ်ဖြူဆိပ်ရွာကို ဒရုန်းနဲ့တိုက်ခိုက်လို့ အသက်လေးဆယ့်ရှစ်နှစ်အရွယ် ဦးဇော်ကြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် တလသားအရွယ်ကလေးငယ်တဦးနဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ ​အဲဒီ ဆောထိနဲ့လယ်ဒိုမြို့နယ်ဘက်ကိုလည်း တိုက်လေယာဥ်တွေ၊ စက်တပ်လေထီးတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်​ မြေမြုပ်မိုင်းနင်းမိလို့ ကွီးဒိုရွာသား စောလယ်ကပေါ်ဝါး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီလို အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

Read more

​ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် ​အကူအညီလိုအပ်နေ

​Border News Agency ပေါက်၊ ဖေဖော်ဝါရီ ၁၀။ ​မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် ​အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။  အဲဒီ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေဟာ ပြည်သူတွေနေအိမ်ကရိက္ခာတွေခိုးယူသယ်ဆောင်နေတာကြောင့် ကျေးရွာဆယ့်တရွာက ဒေသခံငါးထောင်ခန့်ဟာသုံးပတ်ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်ဘဲ အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ် ဇုန်-၁ နဲ့ ဇုန်-၃ နယ်မြေတွေထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် အိမ်ထောင်စု တထောင့်တရာ့ရှစ်ဆယ်ခြောက်စုက ပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေထဲမှာ ဒီနေ့အထိ တိမ်းရှောင်နေကြရတာပါ။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး သက်ဆိုင်ရာ နယ်မြေခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ကာ အရေးပေါ် ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ​အဲဒီ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပြီး တောတောင်တွေထဲမှာ ရေရှည်နေထိုင်ရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

Read more

​ရွေးကောက်ပွဲမှာ PR စနစ်ကြောင့် ပါတီစုံစနစ်အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

​Border News Agency  နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀။ ​ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးခဲ့တာကြောင့် ပါတီစုံစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ​ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ ​ရွေးကောက်ပွဲမှာပြည်သူတွေစနစ်တကျ မဲပေးခဲ့ကြတာဟာ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေကို ထောက်ခံတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ အဲဒီအပြင် ပါတီငယ်တွေနဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေလွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်ဖို့အတွက် PR စနစ်ကို ကျင့်သုံးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​ အဲဒီရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတဝှမ်း ယှဉ်ပြိုင်တဲ့ပါတီ ၆ ပါတီ ရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီထဲက ပါတီ ၃၁ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တဦးတို့ ရွေးကောက်ခံခဲ့ရတာပါ။ ​ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တွေပိုမိုပါဝင်လာတာကို တွေ့ရပြီး ရလဒ်အပေါ်သံသယရှိရင် ရွေးကောက်ပွဲကော်မရှင်ကို လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြနိုင်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ ​အဲဒီအပြင် မကြာခင်ကာလအတွင်းမှာ လွှတ်တော်ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Read more

​မောင်တောအောင်ဗလဟိန္ဒူရွာမှာ နေအိမ်တွေပြန်လည်တည်ဆောက်ဖို့အကူအညီတွေလိုအပ်နေ

မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်းရွှေဇားကျေးရွာအုပ်စုအတွင်းက အောင်ဗလဟိန္ဒူရွာမှာ နေအိမ်ငါးလုံး မီးရှို့ခံခဲ့ရပြီး ဟိန္ဒူအမျိုးသားငါးဦးကို စစ်ကော်မရှင်တပ်နဲ့ သူတို့စစ်သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေသတ်ဖြတ်ခဲ့ရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ နေအိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုတွေဟာလက်ရှိမှာ သူတပါးအိမ်မှာကပ်ခိုနေထိုင်နေရသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာမို့ နေအိမ်ပြန်ဆောက်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုကြပါတယ်။ "ကျွန်မတို့အိမ်မီးလောင်သွားတော့ဘာပစ္စည်းမှမယူနိုင်ခဲ့ပါဘူး။ဖုန်းတွေ၊ရွှေငွေတွေနဲ့အိမ်ထောင်စုစာရင်းပါမီးထဲပါသွားတယ်။ အိမ်မှာကလေးနှစ်ယောက်၊ ယောက္ခမနဲ့အမျိုးသားအပါအဝင်မိသားစုခုနှစ်ဦးရှိပါတယ်။ အခုသူများအိမ်မှာကပ်နေရတာအရမ်းဒုက္ခရောက်ပါတယ်။ဒီနေ့အထိ အိမ်ကိုပြန်မပြုပြင်နိုင်သေးလို့အကူအညီတွေ လိုအပ်နေပါတယ်။" လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ မမိုးမိုးက Border News Agency ကို ပြောပါတယ်။ ​မောင်တောတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ARSA အဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေမှာ အဝတ်တထည်ကိုယ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်လို့ဆိုကြပါတယ်။ ​"ကျွန်မတို့အိမ်ဘက်ကနေ အာဆာ (ARSA) အဖွဲ့ဝင်တရာလောက်ဝင်လာကြတယ်။ နေအိမ်တွေကိုမီးရှို့တော့ကျွန်မတို့ ဘာမှမယူနိုင်ဘဲထွက်ပြေးခဲ့ရတယ်။ထမင်းတောင်မစားခဲ့ရပါဘူး။မိသားစုဝင်တွေ အကုန်လုံး အသက်လုပြီး ပြေးခဲ့ရတာပါ" လို့ မမိုးမိုးက ဆက်ပြောပါတယ်။ အဲဒီလိုနေအိမ်တွေ ဆုံးရှုံးသွားတဲ့အတွက် ဒေသခံတွေဟာ အရင်ကလို ကြက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ ဝင်ငွေပြတ်တောက်နေတယ်လို့ဆိုကြပါတယ်။ အဲဒီအပြင် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်ဝယ်ယူဖို့တောင် အခက်အခဲဖြစ်နေပြီး ဘယ်အဖွဲ့အစည်းဆီကမှအကူအညီ မရသေးဘူးလို့ ဆိုကြပါတယ်။ ​အဲဒီအပြင် ARSA အကြမ်းဖက်အဖွဲ့နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ မီးရှို့မှုကို ခံခဲ့ရတဲ့ အောင်ဗလ (ရခိုင်) ကျေးရွာက နေအိမ်တရာ့ငါးဆယ်ကျော်မှ ဒေသခံတွေဟာ အမိုးအကာမလုံခြုံတဲ့ကြားက ဖြစ်သလို ပြန်လည်ပြုပြင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Read more

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေလေဆိပ်မီးလောင်

Border News Agency စစ်တွေ၊ ဖေဖော်ဝါရီ ၉။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေလေဆိပ်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေက မီးလောင်နေပါတယ်။ အဲဒီမီးလောင်မှုဟာ ဘယ်ကစတင်လောင်ကျွမ်းသွားသလဲဆိုတာမသိရှိရပေမယ့် လေယာဉ်ကွင်းဝင်ရှိနေရာအများစုမီးလောင်သွားတယ်လို့ ဆိုကြပါတယ်။ အဲဒီလေယာဉ်ကွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားရှိနေပေမယ့် မီးငြိမ်းသတ်မယ့်သူမရှိဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

Read more

အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်ကြောင့် တလအတွင်းအမျိုးသမီးဆယ်ဦးသေဆုံး

​Border News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၉။ ​မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်တပ်လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း  အမျိုးသမီးသေဆုံးသူငါးဆယ့်ငါးဦးရှိခဲ့ပြီး အဲဒီထဲမှာအာရက္ခဒေသက ဒုတိယအများဆုံးဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။ ​မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းတွေအရ ဇန်နဝါရီလအတွင်း အာရက္ခဒေသမှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်  အမျိုးသမီးဆယ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူနှစ်ဆယ်ဦးပြီးရင်  အာရက္ခဒေသဟာ ထိခိုက်သေဆုံးမှုအမြင့်မားဆုံး ဒေသတခုဖြစ်နေတာပါ။ ​သေဆုံးရတဲ့အဓိကအကြောင်းရင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဖြစ်ပါတယ်။ အာရက္ခဒေသကို စစ်ကော်မရှင်တပ်က အရပ်သားတွေနေထိုင်ရာကျေးရွာတွေနဲ့ မြို့ပေါ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုလိုအမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် ထိခိုက်သေဆုံးနေရတာ ဖြစ်တယ်လို့ဆိုပါတယ်။ ​တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သေဆုံးသူငါးဆယ့်ငါးဦးထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက် အမျိုးသမီးငယ်လေးဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးငါးဆယ့်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုအပြင်  မြေမြှုပ်မိုင်းကြောင့်ထိခိုက်တာနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုငါးဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။ ​အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေဟာလုံခြုံမှုမရှိတော့ဘဲ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။

Read more

ICJ အမှုကနေ အကျိုးအမြတ်တွေရခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၉။ ​နိုင်ငံတကာတရားရုံး (ICJ) မှာရင်ဆိုင်နေရတဲ့အမှုဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုကြီးတခုဖြစ်ပေမယ့် အဲဒီကနေ အကျိုးအမြတ်တွေရအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ​ဖေဖော်ဝါရီ ၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ICJ သွားရောက်ဖြေရှင်းခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုတဲ့ ညစာစားပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ​ICJ အမှုကိစ္စကြောင့် ရရှိခဲ့တဲ့အကျိုးအမြတ်တွေထဲမှာ အရေးကြီးဆုံးကတော့ နိုင်ငံအပေါ်စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး  ပြည်သူတွေကအစိုးရနဲ့အတူ ပူးပေါင်းရပ်တည်ခဲ့ကြတဲ့အတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် နောက်ထပ်အကျိုးအမြတ်တခုအနေနဲ့ ရခိုင်ပြည်မြောက်ပိုင်း ပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ လူမျိုးစုအမည်နာမ သရုပ်လက္ခဏာ (Identity) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်မှာ အထောက်အထားတွေနဲ့ တင်ပြခွင့်ရခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ နောက်ပြီး ​ဥပဒေပိုင်းဆိုင်ရာမှာလည်း နိုင်ငံတကာအဆင့် အတွေ့အကြုံတွေရရှိခဲ့သလို နောက်နောင်မှာအလားတူဥပဒေကြောင်းအရတိုက်ခိုက်လာတာတွေရှိရင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အသိအမြင်တွေရရှိခဲ့တာဟာ အဆိုးထဲက အမြတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ​ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး  စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ကာခုခံချေပမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

Read more
Page 98 of 211 1 97 98 99 211

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here