Border News Agency
မကွေး၊ ဇူလိုင် ၇။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိအမြောက်တပ်ကို အာဏာသိမ်းစစ်တပ်ထောက်ပို့ လေယာဉ်နဲ့ရိက္ခာ၊ လက်နက်ခဲယမ်းတွေထပ်ဖြည့်ထားတယ်လို့သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီမိတ္ထီလာလေတပ်ကလေယာဉ်ဟာ ဇူလိုင်လ ၆ ရက်နေ့မှာအထုပ်ခုနှစ်ဆယ်ခန့်ကို ကျောက်ထုအမြောက်တပ်အတွင်းချပေးသွားတာပါ။
အာဏာသိမ်းစစ်တပ်အင်အားထောင်ချီစစ်ကြောင်းဟာ ကျောက်ထုမြို့နဲ့ နယ်မြေခံကျေးရွာတွေကို အခြေပြုပြီး ပြီးခဲ့တဲ့မေလ ၁၆ ရက်နေ့ကစလို့ မင်းတပ်ဘက်ကို ပြန်လည်ထိုးစစ်ဆင်နေပါတယ်။
အဲဒီစစ်ကြောင်းဟာ ကံကြီး၊တောင့်ထက်၊ ရေရှင်ကျေးရွာတွေက လူနေအိမ်တွေမှာတပ်စွဲနေကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဆောနယ်၊ တပြင်းကျေးရွာမှာလည်း မိတ္ထီလာအခြေစိုက်တပ်မ ၉၉ ကစစ်သည်အင်အားနှစ်ရာကျော်ပါ စစ်ကြောင်းစခန်းချနေထိုင်နေပြီး ကျောက်ထုမြို့နယ်၊ ကံချောင်းရွာမှာလည်း အင်အားတရာခန့်တပ်စွဲထားပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ထိုးစစ်ရဲ့ မင်းတပ်ထိုးစစ်ဆင်မှာ ဒဏ်ရာရစစ်သည်တွေကိုကံချောင်းရွာမှာ ယာယီဆေးခန်းဖွင့်ကုပေးနေသလို သေဆုံးစစ်သည်အ လောင်းတွေကို ကျောက်ထုသင်္ချိုင်းမှာ မြေမြှုပ်ပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီအမြောက်တပ်ကို လက်နက်ခဲယမ်းထပ်ဖြည့်လိုက်တာဟာ ထိုးစစ်ပိုမိုမြှင့်ဖို့ ပြင်ဆင်နေတာလို့ သုံးသပ်နေကြပါတယ်။
အဲဒီအပြင်နယ်မြေအတွင်း အင်အားအလုံးအရင်းနဲ့ စုဖွဲ့လှုပ်ရှားနေသလို လေကြောင်းထောက်ပံ့ရေးကို အဓိကအားပြုနေပါတယ်။






