ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊မယ်ဖာလောင်မြို့နယ်မှာ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့စိတ်ကြွဆေးပြား ၉ သိန်းနီးပါးကို ဖေဖော်ဝါရီလ၁၁ ရက်၊ညနေပိုင်းမှာ ဖာမိူင်းတပ်ဖွဲ့ (Pha Muang Force) က ဖမ်းဆီးရမိခဲ့ပါတယ်။ မယ်စလောင်နော့ကျေးရွာအုပ်စု ဘန်တတ်-ဘန်အာဘဲ လမ်းမှာ တာဝန်ရှိသူတွေ ကင်းလှည့်နေတုန်း မသင်္ကာစရာ Honda Wave ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးရာကနေ အခုလို ဖမ်းမိခဲ့တာပါ။ အဲဒီဆေးဝါးသယ်လာသူ ၂ ဦးကတော့ ဆိုင်ကယ်တွေကို ထားပစ်ခဲ့ပြီး အမှောင်ထုကို အခွင့်ကောင်းယူကာ တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဆိုင်ကယ်ပေါ်မှာ တင်လာတဲ့ ဆာလာအိတ် ၄ အိတ်ထဲကနေ စိတ်ကြွဆေးပြား ၉ သိန်းတိတိ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရားခံတွေကို မိဖို့အတွက် မယ်ဖာလောင်ရဲစခန်းက ဆက်လက်စုံစမ်းနေပါတယ်။ ဖာမိူင်းတပ်ဖွဲ့ရဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲအရ ပြီးခဲ့တဲ့ ၄ လကျော်အတွင်း နယ်စပ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၂၁၆ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။ အဲဒီကာလအတွင်း စိတ်ကြွဆေးပြား ၁၁၅ သန်းကျော်၊ အိုက်စ် ၂,၃၀၀ ကီလိုကျော်နဲ့ တခြားမူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့သလို ဖမ်းဆီးချိန်အတွင်း ပစ်ခတ်မှု ၃၂ ကြိမ်ဖြစ်ပွားခဲ့လို့ မူးယစ်ဂိုဏ်းဝင် ၁၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီမူးယစ်ဆေးဝါးတွေသာ ဘန်ကောက်အထိ ရောက်သွားမယ်ဆိုရင် စီးပွားရေးအရ ထိခိုက်နစ်နာမှုတန်ဖိုး ဘတ် ၂၂,၈၀၀ သန်းကျော်အထိ ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။
Read moreထိုင်း-လာအိုနယ်စပ်၊ နောင်ခိုင်ခရိုင်၊ ဖွန်ဖိဆိုင်းမြို့နယ်ထဲက မဲခေါင်မြစ်ကိုဖြတ်ပြီး တရားမဝင် မှောင်ခိုသွင်းလာတဲ့ စိတ်ကြွဆေးပြား ၂,၃၇၀,၀၀၀ (၂.၃ သန်းကျော်) ကို ထိုင်းရေတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မဲခေါင်မြစ်ကင်းစောင့်တပ်ဖွဲ့ (MRU) တပ်မှူး ရေတပ်ဗိုလ်ချုပ် Narong Emdee နဲ့ နောင်ခိုင်ခရိုင် တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၁၂ ရက်၊ဒီနေ့မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်ခဲ့တာပါ။ အဲဒီမူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်လာမယ်လို့ ကြိုတင်သတင်းရထားတဲ့အတွက် ဖွန်ဖိဆိုင်း ရေတပ်စခန်းက အရာရှိတွေဟာ မဲခေါင်မြစ်တလျှောက် စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အဲဒီလူနှစ်ယောက်ပါလာတဲ့ တံရှည်လှေတစ်စီးဟာ ဖေဖော်ဝါရီလ ၁၁ ရက်၊ည သန်းခေါင်ကျော်အချိန်မှာ မြစ်လယ်ကနေ ကမ်းခြေကို အင်ဂျင်ပိတ်ပြီး တိတ်တဆိတ် လှော်ခတ်ဝင်ရောက်လာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေအပြင် သယ်ဆောင်ဖို့ စောင့်နေတဲ့ Mitsubishi ကားတစီးနဲ့ ဆိုင်ကယ်တစီးတို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဲဒီမူးယစ်ဆေးဝါးတွေကို နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းအထိမှောင်ခိုပို့ဆောင်ဖို့ ရည်ရွယ်ထားပုံရတယ်လို့ ရေတပ်ဗိုလ်ချုပ် Narong Emdee က ပြောပါတယ်။ အဲဒီဆေးတွေကို လောလောဆယ်မှာတော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒီမူးယစ်ဆေးဝါး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိဖို့အတွက် ဆက်လက်နှိမ်နင်းသွားမယ်လို့ သိရပါတယ်။
Read moreထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ရိုင်မြို့နယ်က ဖတ်တုန်းပရာသန်းခီရီဝပ်ကျောင်းမှာဖေဖော်ဝါရီလ ၁၁ ရက်နေ့ကဖြစ်သွားတဲ့ သေနတ်ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ကွယ်လွန်သွားပြီဖြစ်ပါတယ်။ အဲဒါကြောင့် နစ်နာခဲ့ရသူတွေအတွက် နစ်နာကြေးတွေ အမြန်ဆုံးပေးသွားမယ်လို့ ထိုင်းတရားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။ အဲဒီ စိတ်မနှံ့တဲ့ ဒေသခံလူငယ်တဦးဟာ ကျောင်းထဲကို ကျူးကျော်ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီလို ပစ်ခတ်မှုကြောင့် ကျောင်းအုပ်ဆရာမကြီး Mrs. Sasipat Sinsamosorn ရဲ့ ဘယ်ဘက်ရင်အုံမှာ သေနတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး ဆေးရုံမှာ ကုသနေရင်းနဲ့ပဲကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုအတွင်းမှာပဲ အသက်ဆယ့်ငါးနှစ်အရွယ် ကျောင်းသူတဦးမှာလည်း ခါးမှာ သေနတ်ဒဏ်ရာရခဲ့ပေမယ့် အရေးပေါ်အခြေအနေကနေ လွတ်မြောက်ပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။ အဲဒီအပြင် သေနတ်သမားရန်ကနေ လွတ်အောင် အဆောက်အဦပေါ်ကနေ ခုန်ချခဲ့လို့ ဒဏ်ရာရသွားတဲ့ ကျောင်းသားလေးတဦးကတော့ အခုထိဆေးရုံမှာ ဆက်ပြီး ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ ဆောင်ခလာခရိုင် တရားရေးရုံးက တာဝန်ရှိသူတွေဟာ နစ်နာခဲ့တဲ့မိသားစုတွေဆီကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်ခံရသူတွေရဲ့ ကုသရေးနဲ့ တခြားနစ်နာကြေးတွေကို ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီကွယ်လွန်သွားတဲ့ ကျောင်းအုပ်ဆရာမကြီးအတွက် နစ်နာကြေး၊နာရေးစရိတ်နဲ့ ထောက်ပံ့ကြေး စုစုပေါင်း ဘတ် ၂၀၀,၀၀၀ ပေးသွားမှာဖြစ်ပြီး ဒဏ်ရာရသွား ကျောင်းသူ၊ကျောင်းသားတွေအတွက်လည်း ဆေးကုသစရိတ် ဘတ် ၄၀,၀၀၀ အထိနဲ့ တခြားနစ်နာကြေးတွေကိုပါ ပေးအပ်သွားဖို့ ရှိနေပါတယ်။ အဲဒီပြစ်မှုကျူးလွန်သူ လူငယ်ကတော့ အရင်က မူးယစ်ဆေးသုံးခဲ့ဖူးသလို စိတ်ကျန်းမာရေးကုသမှုလည်း ခံယူဖူးသူတဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
Read moreထိုင်းအစိုးရထုတ်ပေးထားတဲ့အလုပ်လုပ်ခွင့်(Work Permit)ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေအတွက် ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင့်သက်သေခံလက်မှတ်(CI)လုပ်ပေးတော့မယ်လို့မြန်မာသံရုံးကထုတ်ပြန်ပါတယ်။ အဲဒီသက်သေခံလက်မှတ်တွေကို လာမယ့်ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစတင်ပြီးနေရာငါးခုမှလုပ်ပေးမှာလို့ထုတ်ပြန်ပါတယ်။ မြန်မာ-ထိုင်းနှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနပူးပေါင်းပြီး စမုစခွန်၊စမုကန်၊ ဆူရတ်ဌာနီ၊ချင်းမယ်နဲ့ ချွန်ဘူရီခရိုင်မှာလုပ်ပေးမှာပါ။ အဲဒီ Work Permit CI စာအုပ်ရဲ့ ကုန်ကျစာရိတ်မှာ ဘတ် ၂,၄၇၀ ဖြစ်ပြီး အလုပ်သမားတွေဟာ နီးစပ်ရာ 7-Eleven ဆိုင်တွေမှာ ငွေသွင်းရမှာဖြစ်ပါတယ်။ အဲဒီငွေသွင်းပြီးပါက မိမိတို့လျှောက် ထားလိုတဲ့စခန်းအမည်နဲ့နေ့ရက်ကို ရွေးချယ်နိုင်ဖြစ်ပြီး ရရှိလာတဲ့ ပြေစာနဲ့ အတူ စခန်းတွေကိုသွားရောက်လုပ်ရမှာပါ။ အဲဒီ CI လျှောက်ထားရာမှာ သတ်မှတ်ထားတဲ့ ကုန်ကျစာရိတ်ထက် ပိုမိုပေးဆောင်ရတာမရှိဖို့၊မလိုလားတဲ့ကုန်ကျစာရိတ်တွေမရှိစေဖို့အတွက် အလုပ်သ မားတွေ သတိပြုကြဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထားပါတယ်။
Read moreBorder News Agency ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအကြံပေးပုဂ္ဂိုလ် (ယာယီအစိုးရအကြီးအကဲ) ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ်ဟာ ဒီနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Gulshan Model School & College မဲရုံမှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။ မဲပေးပြီးနောက်မှာတော့ ပရော်ဖက်ဆာယူနွတ်စ်ဟာ ဒါကာမြို့အတွင်းရှိ Badda High School နဲ့ မီရ်ပူရ် (Mirpur) ရှိ SOS Hermann Gmeiner College မဲရုံတွေကို ဆက်လက်သွားရောက်ပြီး ရွေးကောက်ပွဲရဲ့ အခြေအနေအရပ်ရပ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ အဲဒီလို ကြည့်ရှုစစ်ဆေးစဉ်အတွင်းမှာ ပရော်ဖက်ဆာယူနွတ်စ်ဟာ မဲလာပေးကြတဲ့ပြည်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ အလှပြင်ဆိုင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့အတွက် ထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန (Immigration Tak) က ဖေဖော်ဝါရီလ ၁၁ ရက်၊ မနေ့ထုတ်ပြန်ပါတယ်။ အဲဒီ မဲဆောက်မြို့၊ဖရာသတ်ဖာဒဲန်းကျေးရွာအုပ်စုရှိ "မာမာဘျူတီဆလွန်း" (Ma Ma Beauty Salon) အလှပြင်ဆိုင်ကိုဖေဖော်ဝါရီလ ၁၀ ရက်နေ့က တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့၊လဝက အမှတ် ၅ အဖွဲ့နဲ့ တာ့ခ်ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလိုစစ်ဆေးရာမှာ အသက်လေးဆယ်အရွယ်နဲ့ နှစ်ဆယ့်ရှစ်နှစ်အရွယ်ရှိတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိဘဲ ဆိုင်မှာ အလုပ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ အမှုဖွင့်ထားပြီး၊ လုပ်ထုံးလုပ်နည်းအတိုင်း မဲဆောက်ရဲစခန်းကို ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ဆောင်ခလာ၊ ဖေဖော်ဝါရီ ၁၂။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ ပရာသန်ကီရီဝပ်ကျောင်းအတွင်းမှာ ဖေဖော်ဝါရီလ၁၁ ရက်၊မနေ့က သေနတ်ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျောင်းအုပ်ကြီးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ အဲဒီကျူးလွန်သူဟာ အခင်းမဖြစ်ပွားခင်က ရဲအရာရှိတဦးကို ဓားနဲ့ခုတ်ပြီး ရဲတပ်ဖွဲ့ဝင်ရဲ့ 9mm သေနတ်ကို လုယူကာ ကျောင်းအတွင်းကို ဆိုင်ကယ်နဲ့ ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက် ကျောင်းအတွင်းမှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းသားတွေကို အစည်းအဝေးခန်းမထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ကျောင်းအုပ်ကြီးမှာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပြီး လက်ရှိမှာတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကျောင်းသား ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ထားရသလို တရားခံကို ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီး ထိန်းချုပ်ချိန်မှာလည်း တရားခံဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီကျူးလွန်သူဟာ အရင်က ရာဇဝတ်မှုမှတ်တမ်းမရှိပေမယ့် စိတ်ကျန်းမာရေးချို့ယွင်းမှုကြောင့်ဆေးကုသမှု ခံယူခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ဆေးရုံက ဆင်းလာသူဖြစ်ပါတယ်။ သူရဲ့ညီမငယ်ကို ဆရာမဖြစ်သူက အပြစ်ပေးဆုံးမခဲ့တာကို မကျေနပ်လို့ အခုလို လာရောက်လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ သိမ်းဆည်းဖို့ ကျောင်းဝင်းတခုလုံးကို ပိတ်ဆို့ထားပါတယ်။ စစ်ဆေးမှုတွေ မပြီးမချင်း ဆရာတွေနဲ့ ကျောင်းသားတွေကို ယာဉ်တွေ ပြန်ထုတ်ခွင့်မပြုသေးဘဲ ကျောင်းသားတွေကိုတော့ ဘေးကင်းရာ ကျောင်းပြင်ပကို ယာယီရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency မလေးရှား၊ ဖေဖော်ဝါရီ ၁၂။ မလေးရှားနိုင်ငံ၊ ပီနန်းမြို့က JURU ညစျေးမှာ ဖေဖော်ဝါရီဘ၁၁ ရက်၊မနေ့ညက အာဏာပိုင်တွေ အော်ပရာစီ (Operasi) ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာဏာပိုင်တွေဟာ ညစျေးအတွင်း ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အထောက်အထားမဲ့သူ အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒါကြောင့် ပီနန်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အခုရက်ပိုင်းအတွင်း အပြင်ထွက် သွားလာရာမှာ အထူးသတိထားကြဖို့ လိုအပ်နေတာပါ။ အထူးသဖြင့် အထောက်အထား မပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ အခုရက်ပိုင်းမှာ ညစျေးလို လူစည်ကားတဲ့နေရာတွေကို မသွားသင့်ဘူးလို့ မလေးရှားရောက်မြန်မာတွေက အသိပေးထားပါတယ်။ မလေးရှားမှာ အခုနောက်ပိုင်း အော်ပရာစီ ဝင်ရောက်စစ်ဆေးတာတွေ ခပ်စိပ်စိပ် ပြန်ရှိလာတာကြောင့် သတိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
Read moreBorder News Agency အမေရိကန်၊ ဖေဖော်ဝါရီ ၁၁။ ကျူးဘားအစိုးရဟာ နိုင်ငံအတွင်းရှိအပြည်ပြည်ဆိုင်ရာလေဆိပ်အားလုံးမှာ လေယာဉ်ဆီ (Jet A-1) ပြတ်လပ်နေတာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေကို ဆီဖြည့်ပေးနိုင်တော့မှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တရားဝင်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအခြေအနေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကျူးဘားအပေါ် စွမ်းအင်ပိတ်ဆို့မှုအသစ်တွေ လုပ်ဆောင်လိုက်တာကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး၊ ဆီပြတ်လပ်မှုဟာ အနည်းဆုံးတလကြာမြင့်မယ်လို့ သိရပါတယ်။ သမ္မတထရန့်ဟာ ကျူးဘားကိုဆီရောင်းပေးတဲ့ ဘယ်နိုင်ငံကိုမဆို အမေရိကန်ကိုကုန်ပစ္စည်းတင်သွင်းရင် အထူးအခွန်အကြီးအကျယ်ကောက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် အဓိကဆီပေးသွင်းနေတဲ့ မက္ကဆီကိုနဲ့ ဗင်နီဇွဲလားတို့က ဆီတင်ပို့မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ ဒီလိုဆီပြတ်လပ်မှုကြောင့် ကျူးဘားကိုပျံသန်းနေတဲ့ ခရီးစဉ်တွေရပ်နားလိုက်ရသလို ဆိုက်ရောက်နေတဲ့ ခရီးသည် ၃,၀၀၀ ကျော်ကို ပြန်ခေါ်ဖို့အတွက် ဆီအပိုတင်ဆောင်ထားတဲ့ အထူးလေယာဉ်တွေကိုပဲ စေလွှတ်နေရပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းအချို့ဟာ ကျူးဘားခရီးစဉ်တွေကိုဖျက်သိမ်းတာ ဒါမှမဟုတ် အနီးနားက ဘဟားမားနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ဆီဝင်ဖြည့်ပြီးမှ ပျံသန်းရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ လေယာဉ်ဆီတင်မကဘဲ ပြည်တွင်းမှာလည်း လျှပ်စစ်မီး ၁၀ နာရီကျော် ပြတ်တောက်တာ၊ ဘတ်စ်ကားနဲ့ ရထားခရီးစဉ်တွေ လျှော့ချတာအပြင် ဟိုတယ်အချို့ကိုပိတ်သိမ်းပြီး စွမ်းအင်ချွေတာနေရတယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၁။ မြန်မာနိုင်ငံအတွင်းက အဆိုးရွားဆုံး ခံစားနေရတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN OCHA Myanmar) က သတိပေးလိုက်ပါတယ်။ ဒီလိုအကူအညီတွေသာ မရရှိဘူးဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေက ရှည်ကြာနေဦးမယ်လို့ UN OCHA ရဲ့ ၂၀၂၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးစီမံချက် (HNRP) မှာအခုလို ဖော်ပြထားတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး (Livelihoods) ကို ပြန်လည်ထူထောင်နိုင်ဖို့ နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီဖို့ လိုအပ်နေတာပါ။ အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲတွေကြောင့် တိုက်ပွဲတွေပိုပြင်းထန်လာနိုင်ပြီး ပြည်သူတွေနေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ပိုတိုးလာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေကြောင့် အကူအညီပေးရေး လမ်းကြောင်းတွေလည်း ပိုပြီးအပိတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုအကူအညီပေးရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရနိုင်တာကြောင့် မြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့ "ဒေသခံကယ် ဆယ်ရေးအဖွဲ့" တွေကိုပဲ အဓိကအားကိုးပြီး အကူအညီပေးသွားရမှာဖြစ်တဲ့အတွက် သူတို့နဲ့အတူ စွန့်စားရမှုတွေကို မျှဝေခံယူသွားရမယ့် အခြေအနေရှိတယ်လို့ UN OCHA က အသိပေးထားပါတယ်။
Read moreHey! Don't Copy my content.