ထိုင်းတရားရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ရဲ့ အတွင်းရေးမှူးချုပ် Pol.Maj. Suriya Singhakamol ရဲ့ ညွှန်ကြားချက်အရ မယ်ဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါးကွန်ရက်တွေကို အရှိန်အဟုန်နဲ့ ဖြိုခွင်းနေတယ်လို့မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB ကထုတ်ပြန်ပါတယ်။ အဲဒီအဖွဲ့ကို ဖေဖော်ဝါရီလ၂၆ ရက်နေ့မှာပြည်သူတွေက ၁၃၈၆ Hotline ဖုန်းလိုင်းကနေတဆင့် သတင်းပေးတိုင်ကြားချက်တွေကို အခြေခံပြီး မယ်ဆိုင်နဲ့ မယ်ချန်မြို့နယ်တွေအတွင်းက တရားခံ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖမ်းဆီးမှုအတွင်း တရားခံတဦးဆီကနေ ဆိုင်ကယ်ထဲမှာ ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၄ ပြားကို အရင်တွေ့ရှိခဲ့ပြီး အဲဒီကနေတဆင့် နေအိမ်ကို ထပ်ပြီးဝင်ရောက်ရှာဖွေရာမှာ နောက်ထပ်ဆေးပြား ၁၆၄ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ စုစုပေါင်း စိတ်ကြွဆေးပြား ၁၆၈ ပြား သိမ်းဆည်းရမိခဲ့သလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ ရရှိတဲ့ ငွေကြေးစီးဆင်းမှုတွေကို စစ်ဆေးဖို့အတွက် ဘဏ်စာအုပ် ၆ အုပ်ကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီ ဖမ်းမိတဲ့တရားခံကို ဆက်လက်စစ်ဆေးရာကနေ မူးယစ်ဆေးဝါး ဖြန့်ဖြူးပေးနေတဲ့ နောက်ထပ်ပါဝင်ပတ်သက်သူတဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး သူဟာ တခြားအမှုတွေနဲ့ ဝရမ်းထုတ်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။ ONCB အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေပြီး ဘယ်လို မူးယစ်ဆေးဝါးသတင်းမျိုးကိုမဆို ၁၃၈၆ ဖုန်းလိုင်းကနေ ၂၄ နာရီပတ်လုံး သတင်းပေးနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ အာဆီယံမှာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ကော်ဘရာဂိုး ၂၀၂၆" ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီနေ့မှာတော့ ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတပ်ဖွဲ့တွေစုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်မှုတွေကို လက်တွေ့ကျကျ ဖော်ဆောင်ခဲ့ကြပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းမှာ စစ်သင်္ဘောကြီးတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ပြီး ရန်သူ့ဘက်ကခုခံမှုကို အပြတ်အသတ်ဖြိုခွင်းခဲ့တာပါ။ အဲဒီနောက်မှာတော့ ကမ်းခြေဒေသတွေကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်တဲ့ နည်းဗျူဟာတွေကိုအသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန်ရဲ့ USS ASHLAND သင်္ဘောကြီးအပါအဝင် နိုင်ငံစုံကခေတ်မီစစ်လက်နက်ပစ္စည်းတွေ အစုံအလင်နဲ့အင်အားပြင်းပြင်းထန်ထန် လေ့ကျင့်နေတာကို တွေ့ရပါတယ်။
Read moreBorder News Agency မန္တလေး၊ ဖေဖော်ဝါရီ ၂၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး အထူးလှုပ်ရှားတပ်မ ရဲ့ ၅ နှစ်ပြည့် တပ်မွေးနေ့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ တပ်မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးခရီးကြမ်းမှာ ကျဆုံးသွားခဲ့ကြတဲ့ စစ်သည်ရဲဘော်အပေါင်းကိုရည်စူးပြီး ဆွမ်းကပ်အမျှဝေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် တပ်ဖွဲ့ဝင်တွေဟာ စစ်ဘေးရှောင်ပြည်သူတွေထံသွားရောက်ပြီး စားနပ်ရိက္ခာတွေဝေမျှထောက်ပံ့တဲ့ ကုသိုလ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ကြတာပါ။ အခမ်းအနားမှာတော့ တပ်ရင်းနဲ့ဌာနအလိုက် ရဲဘော်တွေစုပေါင်းတန်းစီအလေးပြုကြပြီး တပ်မွေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ပျော်ရွှင်စရာ အစီအစဉ်တွေအနေနဲ့ အမှတ်တရမွေးနေ့ကိတ်ခွဲတာ၊ ရဲဘော်တွေကြားစည်းလုံးမှုကိုဖော်ဆောင်တဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။ အခုလို ၅ နှစ်ပြည့် တပ်မွေးနေ့အခမ်းအနားဟာ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးသလို တော်လှန်ရေးအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဖို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
Read moreBorder News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆။ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် ငမိုးရိပ်လမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံမှာ ဖေဖော်ဝါရီလ ၂၆ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသုံးအဆောင်ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီမီးဟာ စက်ရုံရှေ့မှာစုပုံထားတဲ့ ဖော့ဘူးတွေနဲ့စက္ကူပုံးတွေကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တနာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရသလို ပင်မစက်ရုံထဲကိုတော့ မီးမကူးအောင် တားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး Level 1 အဆင့်နဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့လို့ မွန်းတည့် ၁၂ နာရီကျော်မှာတော့ မီးလုံးဝငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဝါးတရာစက်မှုဇုန်အတွင်းမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၁၈ ရက်နေ့ကလည်း အခြားစက်ရုံတစ်ရုံ Level 2 အဆင့်အထိ မီးလောင်ခဲ့သေးတာကြောင့် အခုဆိုရင် တပတ်အတွင်းမှာတင် စက်ရုံမီးလောင်မှု နှစ်ကြိမ်ရှိလာပါပြီ။ အဲဒါကြောင့် လတ်တလောမှာတော့ မီးစတင်လောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အတိအကျကို သိရှိနိုင်ဖို့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၆။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ နေရာနှစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က လဝကနဲ့အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ မဲဆောက်မြို့၊ ချစ်ဝနာလမ်းရှိ "နိုရာ" အမည်ရှိအစားအသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၄၅ နှစ်နဲ့ ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ဦးကို ပါမစ်မရှိဘဲ အလုပ်လုပ်နေတာကြောင့် ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ချစ်ဝနာလမ်းထဲမှာပဲရှိတဲ့ အမည်မဖော်ထားတဲ့ အလုပ်သမားအေဂျင်စီရုံးတခုကို ထပ်မံစစ်ဆေးခဲ့ရာမှာလည်း အလုပ်သမားပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဖမ်းဆီးခံရသူ ၅ ဦးလုံးဟာ အလုပ်သမားလက်မှတ် ဒါမှမဟုတ် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေကြတာဖြစ်လို့ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်ထားပြီး နယ်စပ်ဒေသတွေမှာ အခုလိုစစ်ဆေးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်းမှာ ဖေဖော်ဝါရီလ၂၆ ရက်၊ ဒီနေ့မနက် ၇ နာရီအချိန်ခန့်ကအထောက်အထားမဲ့ မြန်မာလုပ်သား ၆၀ နီးပါးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးရာကနေ လမ်းဘေးကိုအရှိန်လွန်တိမ်းမှောက်သွားခဲ့ပါတယ်။ ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မသင်္ကာဖွယ် Mitsubishi ပစ်ကပ်ကားကို တားဆီးစစ်ဆေးဖို့ ကြိုးစားခဲ့ပေမယ့် ကားမောင်းသမားက ရပ်တန့်တာမရှိဘဲ ဆိုင်းယော့ခ်ဘက်ကနေ ကန်ချနပူရီမြို့ထဲကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးခဲ့တာပါ။ အဲဒီလိုမောင်းပြေးစဉ် ဝမ်ဒုန်းတိုက်နယ်၊ နောင်ဆမ်ဖရန်ကျေးရွာအနီးမှာ ကားတိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါလာတဲ့ မြန်မာလုပ်သားတွေဟာ လမ်းမပေါ်ကို လွင့်စင်ပြန့်ကျဲသွားခဲ့ရာမှာ စုစုပေါင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ အဲဒီ ဒဏ်ရာရသူတွေကိုတော့ ဒေသခံဖိထပ်ကန် ကယ်ဆယ်ရေးအဖွဲ့က ပဟွန်ဖွန်ဖယူဟာသေနာ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာမရဘဲကျန်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ဥပဒေအရအရေးယူဖို့ ကန်ချနပူရီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီ ကားမောင်းသမားက အခင်းဖြစ်ပြီးနောက် အသင့်စောင့်နေတဲ့ ဗန်ကားတစီးနဲ့ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဒါဟာစနစ်တကျချိတ်ဆက်လုပ်ဆောင်တဲ့ မှောင်ခိုဂိုဏ်းတခုဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကယူဆနေကြောင်း ကန်ချနပူရီခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ထိုင်း - မြန်မာနယ်စပ် ကန်ချနပူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လွှင့်ထုတ်ပေးနေတဲ့ စက်ပစ္စည်းတွေကို အာဏာပိုင်တွေကဝင်ရောက်သိမ်းဆည်းလိုက်တယ်လို့ ထိုင်းဘုရင့်တပ်မတော်က ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ထိုင်းစစ်တပ်စူရသီတပ်ဖွဲ့ နဲ့ ဆက်သွယ်ရေးကော်မရှင် (NBTC) တို့ ပူးပေါင်းပြီး စံခလဘူရီမြို့နယ်ထဲက ပုဂ္ဂလိကဖုန်းလိုင်းလွှင့်စင်တခုကို ဝင်ရောက်စစ်ဆေးခဲ့ရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာပါ။ အဲဒီဖုန်းလိုင်းလွှင့်စင်ဟာ ထိုင်းအစိုးရဆီက ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းကို တိုက်ရိုက်အချက်ပြလှိုင်းတွေ လွှင့်ထုတ်ပေးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ အင်တင်နာတိုင် ၄ တိုင်၊ ရေဒီယိုအချက်ပြထိန်းချုပ်စက် ၆ လုံးနဲ့ လစ်သီယမ်ဘက်ထရီတွေအပါအဝင် အရေးကြီးဆက်သွယ်ရေးပစ္စည်း အမြောက်အမြား ပါဝင်ပါတယ်။ အဲဒီ ဒီပစ္စည်းတွေကို သက်သေအဖြစ်သိမ်းဆည်းထားပြီး ပတ်သက်သူတွေကို အရေးယူဖို့ပြင်ဆင်နေသလို တရားမဝင် လွှင့်တင်ထားတဲ့ ဖုန်းတိုင်တွေကိုလည်း ဆက်လက်ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ပလက်ဝ၊ ဖေဖော်ဝါရီ ၂၆။ ချင်းပြည်၊ ပလက်ဝမြို့နယ်က တွီကင်းဝကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံး ပျက်စီးသွားခဲ့ရပါတယ်။ အဲဒီလိုအခက်အခဲဖြစ်နေတဲ့ မီးဘေးသင့်အိမ်ထောင်စုတွေအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကနေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အရေးပေါ်ပစ္စည်းတွေ သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီ ထောက်ပံ့ပေးခဲ့တဲ့အထဲမှာတော့ အိုးခွက်ပန်းကန်တွေ၊ ခြင်ထောင်၊ တာပေါ်လင်စနဲ့ အရေးပေါ်အမိုးအကာပစ္စည်းတွေအပြင် တခြားလူသုံးကုန်ပစ္စည်း စုစုပေါင်း ၁၆ မျိုး ပါဝင်တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၁ ရက်နေ့ ညနေပိုင်းက နေအိမ်တလုံးမှာရေနွေးတည်ရာကနေ ဝါးထရံကို မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ နေအိမ်တွေဆုံးရှုံးသွားလို့ နေထိုင်ရေးခက်ခဲနေတဲ့ ဒေသခံတွေအတွက် အခုလို HDCO ရဲ့ ကူညီမှုတွေက အချိန်ကိုက်ဖြစ်ပြီး အများကြီးအထောက်အကူဖြစ်စေပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ထိုင်း၊ ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်မက်ဖြစ်ပွားရာ နယ်မြေတွေထဲကနေ အရပ်သားတွေကို ဘေးကင်းအောင် စနစ်တကျ ကယ်ထုတ်နိုင်ဖို့ (NEO) လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ထိုင်းကြည်းတပ်ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက လေတပ်၊ ရေတပ်တွေနဲ့ ပူးပေါင်းပြီး လူစုလူဝေးကို ထိန်းချုပ်တာ၊ စိစစ်တာနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပို့ဆောင်ပေးတာတွေကို ဆက်တိုက်လေ့ကျင့်ခဲ့တာပါ။ ဒါဟာ လူတွေကိုရွှေ့ပြောင်းပေးရုံတင်မဟုတ်ဘဲ အလွန်ဖိအားများတဲ့ အခြေအနေတွေအောက်မှာ မိတ်ဖက်နိုင်ငံတွေအချင်းချင်း ဘယ်လောက်အချိတ်အဆက်မိမိနဲ့ တိတိကျကျပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတာကို စမ်းသပ်တာလည်း ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ခဲ့ကြပြီး မနက်ဖြန်မှာတော့ရယောင်းခရိုင်က အမှတ် ၂၀၁ စစ်ဘက်လေဆိပ်မှာ အမေရိကန်နဲ့ ဂျပန် သံအမတ်ကြီးတွေရှေ့မှာ လက်တွေ့စစ်ရေးပြသသွားမှာပါ။ အခုလို ကြိုတင်ပြင်ဆင်လေ့ကျင့်တာဟာ ဘယ်လိုအရေးပေါ်အခြေအနေမျိုးမှာမဆို ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့နဲ့ ဒေသတွင်းစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာစေဖို့ ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
Read moreHey! Don't Copy my content.