ဓာတ်ပုံသတင်း

ဂိုဏ်းချုပ်အယ်လ်မန်ချို အသတ်ခံရပြီးနောက် မက္ကဆီကိုမှာတိုက်ပွဲတွေပြင်းထန်

Border News Agency  ​မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၃ ။ ​မက္ကဆီကိုနိုင်ငံရဲ့သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းချုပ် အယ်လ်မန်ချို (El Mencho) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က စစ်တပ်ရဲ့စီးနင်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ အဲဒီလို အသတ်ခံရပြီးနာရီပိုင်းအတွင်းမှာတင် သူ့ရဲ့နောက်လိုက်တွေက ပြည်နယ်အတော်များများမှာ လက်စားချေတိုက်ခိုက်တာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ အဲဒီ​လက်နက်ကိုင်ဂိုဏ်းဝင်တွေဟာ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့တာ၊ မော်တော်ကားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ထိတ်လန့်မှုတွေဖြစ်ပေါ်နေပြီး Air Canada၊ United Airlines နဲ့ Aeromexico အစရှိတဲ့ လေကြောင်းလိုင်းတွေဟာ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။ ​CJNG ဂိုဏ်းဝင်တဦးရဲ့အဆိုအရ အခုတိုက်ခိုက်မှုတွေဟာ ခေါင်းဆောင်အသတ်ခံရတာကိုမကျေနပ်လို့ အစိုးရကိုလက်စားချေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်နေရာကိုလုယူဖို့အတွက် ဂိုဏ်းအတွင်းအုပ်စုအချင်းချင်းကြား  သတ်ဖြတ်မှုတွေ ထပ်မံဖြစ်လာဦးမယ်လို့ သတိပေးထားပါတယ်။

Read more

ပခုက္ကူခရိုင် အမှတ်၆တပ်ရင်းရဲ့ စစ်ရေးစွမ်းရည်မြှင့်သင်တန်းဆင်းပွဲ

Border News Agency ​မြိုင်၊ ဖေဖော်ဝါရီ ၂၃။ ​မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF) ပခုက္ကူခရိုင်၊ အမှတ် ၆ တပ်ရင်းမှာ စစ်ရေးစွမ်းရည်မြှင့်စုဖွဲ့လေ့ကျင့်မှု ရက်တိုသင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။ ​အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် စစ်စည်းကမ်းကောင်းမွန်တဲ့တပ်အဖြစ်တည်ရှိနိုင်ဖို့ စုဖွဲ့လေ့ကျင့်မှုတွေကို နှစ်စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီသင်တန်းဆင်းရဲဘော်တွေဟာ စစ်ရေးလေ့ကျင့်မှုတွေကို တာဝန်ယူမှုအပြည့်နဲ့ ဆောင်ရွက်ခဲ့ကြပြီး တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းအနေနဲ့ လက်ရှိစိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံပြီး သစ္စာ၊ စည်းကမ်း၊ တာဝန်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ဝန်းရံပေးနေကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။

Read more

​အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး Namo Bharat အမြန်ရထားစနစ်နဲ့ မက်ထရိုရထားလမ်းပိုင်းကိုဖွင့်လှစ်

​အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ နိုင်ငံရဲ့ပထမဆုံး Namo Bharat အမြန်ရထားစနစ်နဲ့ မက်ထရိုရထားကို ဖွင့်လှစ်ပေးလိုက်ပြီး Delhi–Meerut လမ်းပိုင်းကို နိုင်ငံအတွက် အပ်နှံပေးလိုက်တယ်ပြီလို့ အိန္ဒိယအစိုးရသတင်းပြန်ကြားရေးဌာန(PIB) က ထုတ်ပြန်ထားပါတယ်။ ​ဒါဟာ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံ ခေတ်သစ်တခုရဲ့ အစဖြစ်သလို ဒေသခံတွေရဲ့လူနေမှုဘဝကို ပိုပြီး ချောမွေ့အဆင်ပြေစေမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်အမြန်ရထားနဲ့ မက်ထရိုဝန်ဆောင်မှုတွေကို ပလက်ဖောင်းတခု၊လမ်းကြောင်းတခုတည်းကနေ ပူးပေါင်းပြေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလို ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာတာဟာ 'ဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယနိုင်ငံ'ဖြစ်လာဖို့အတွက် အဓိကစွမ်းအားစုတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

Read more

အစိုးရတာဝန်ပြီးဆုံးသွားတဲ့ ပရော်ဖက်ဆာယူနွတ်စ် မူလတာဝန်တွေပြန်လည်ထမ်းဆောင်

Border News Agency  ​ဒါကာ၊ ဖေဖော်ဝါရီ ၂၂ ။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ယာယီအစိုးရအဖွဲ့ကို ၁၈ လကြာ တာဝန်ယူဦးဆောင်ခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ပရော်ဖက်ဆာ မူဟာမတ်ဒ်ယူနွတ်စ်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်ဖို့ Yunus Centre ကို ပြန်လည်ရောက်ရှိလာပါတယ်။ ​ဒီကနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Telecom Bhaban ကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာယူနွတ်စ်ကို လုပ်ဖော်ကိုင်ဖက်တွေက နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။  အဲဒီနောက်မှာတော့ သူဟာ Grameen အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေကို ချက်ချင်းပြုလုပ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်ဟာ အခုလကုန်ပိုင်းမှာတော့ သူ့ရဲ့မူလနေအိမ်ကိုပါ ပြန်လည်ပြောင်းရွှေ့နေထိုင်သွားဖို့ ရှိနေပါတယ်။ ​ပရော်ဖက်ဆာယူနွတ်စ် ပြန်လည်ထမ်းဆောင်မယ့် မူလတာဝန်တွေကတော့ သူကိုယ်တိုင်တည်ထောင်ထားတဲ့ Yunus Centre ရဲ့ ဥက္ကဋ္ဌတာဝန်၊ Grameen အဖွဲ့အစည်းတွေရဲ့ အကြံပေးနဲ့ ဦးဆောင်သူတာဝန်တွေ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့ အမြတ်ထက်လူမှုအကျိုးပြုကို ရှေ့တန်းတင်တဲ့ လူမှုစီးပွားရေး (Social Business) လုပ်ငန်းတွေကို ပြန်လည်ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Read more

တောင်စောင်းထိုးကျတဲ့ယာဉ်ပေါ်မှ လူနာ ၂ ဦးကို ထိုင်းစစ်တပ်ကယ်ဆယ်

Border News Agency ​နခွန်စီသမာရတ်၊ ဖေဖော်ဝါရီ ၂၂။ ​ထိုင်းနိုင်ငံ၊ နခွန်စီသမာရတ်ခရိုင်အတွင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ဒီနေ့နေ့လည်က ဘက်ဟိုးတင်ဆောင်လာတဲ့ ခြောက်ဘီးကားတစီး ဘရိတ်ပေါက်ပြီး တောင်စောင်းကနေထိုးကျတိမ်းမှောက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ ​အဲဒီအချိန်မှာ ခရီးစဉ်တခုကနေပြန်လာတဲ့ အမှတ် ၄၃ စစ်နယ်မြေက စစ်တပ်သင်တန်းဆရာ ၁၁ ဦးဟာ အခင်းဖြစ်နေရာကို တွေ့ရှိခဲ့တာကြောင့် ဝင်ရောက်ကူညီခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော် ထုတ်ပြန်ပါတယ်။  အဲဒီ ကားအတွင်းမှာ လူ ၂ ဦးညပ်မိပြီး ဒဏ်ရာပြင်းထန်နေတာကြောင့် စစ်တပ်တပ်ဖွဲ့ဝင်တွေက ရှေးဦးသူနာပြုစုတာတွေ လုပ်ဆောင်ပေးခဲ့သလို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး ကားအတွင်းကနေအချိန်မီ ထုတ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီ ဒဏ်ရာရရှိသူတွေကို လိုအပ်တဲ့ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လူနာတင်ကားနဲ့ ဆေးရုံကိုပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

Read more

ခရီးသည်တင်ကားကို စစ်ကော်မရှင်တပ်ပစ်ခတ်လို့ ယာဉ်မောင်းတဦးသေဆုံး

Border News Agency  မုံရွာ၊ ဖေဖော်ဝါရီ ၂၂။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ခရီးသည်တင်ယာဉ်တစီးလမ်းမှားဝင်မိရာမှ စစ်ကော်မရှင်တပ်က တားဆီးစစ်ဆေးတာမရှိဘဲ ပစ်ခတ်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖေဖော်ဝါရီလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် ဆားလင်းကြီးရွာသား ယာဉ်မောင်းအမျိုးသားတဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီခရီးသည် ၄ ဦးနဲ့ ယာဉ်မောင်းအကူ ၆ ဦး လိုက်ပါလာတဲ့ ရွှေပီနောင်းယာဉ်ငယ်ကားအသင်းက ကားတစီးဟာ သမုန်းကုန်းလမ်းခွဲမှ ပေါက်ငယ်တောအတက်မှာလမ်းမှားကွေ့မိပြီး သာစည်ထောင်ရှေ့ကိုရောက်သွားချိန် စစ်ကော်မရှင်တပ်ကပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ခရီးသည်တင်ကားမှန်းသိရှိချိန်မှာလည်း ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ဝိုင်းဝန်းထုရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပုံမှန်သွားနေကြရွာခံတွေတောင် လမ်းမှားတတ်လို့ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းချိုးလမ်းကွေ့တွေကို သတိထားသွားလာကြဖို့ ဒေသခံတဦးက တိုက်တွန်းပြောဆိုထားပါတယ်။

Read more

ထိုင်းမှာ အိုက်စ်မူးယစ်ဆေးဝါး ၁၂ ထုပ်နဲ့အတူ အမျိုးသားတဦး ဖမ်းဆီးခံရ

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၂၂။ ​ထိုင်းနိုင်ငံ၊ လွေးခရိုင်၊ ပါ့ချွန်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်၊ ဒီနေ့မနက်က အိုက်စ် (Ice) မူးယစ်ဆေးဝါးတွေလက်ဝယ်ထားရှိတဲ့အမျိုးသားတဦးကို အထူးအဖွဲ့စုံက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ​နယ်မြေခံခြေလျင်တပ်ရင်း၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဟွေပိချိုင်ကျေးရွာရှိ ပစ်မှတ်ထားတဲ့ နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေခဲ့တာပါ။ အဲဒီအိမ်ရဲ့ တဲအိမ်လေးထဲမှာရှိနေတဲ့ ကူနာကွန်ဆိုသူကိုစစ်ဆေးရာမှာ သူလွယ်ထားတဲ့ အညိုရောင်လွယ်အိတ်ထဲကနေ အိုက်စ် မူးယစ်ဆေးဝါး ၁၂ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီအမျိုးသားက ဒီမူးယစ်ဆေးတွေဟာ သူ့ပစ္စည်းဖြစ်ကြောင်းဝန်ခံထားလို့ ရဲတပ်ဖွဲ့က သူ့ကို မူးယစ်ဆေးဝါးတွေနဲ့အတူသိမ်းဆည်းပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ပါ့ချွန်းမြို့နယ် ရဲစခန်းကိုပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

Read more

CDF-Asho နဲ့ ACDF တို့ ပူးပေါင်းပြီးချင်းအမျိုးသားနေ့ကျင်းပ

​၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) နဲ့အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းပြီး CDF-Asho ရဲ့ နောက်တန်းစခန်းတခုမှာဖေဖော်ဝါရီလ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ​အခမ်းအနားမှာ ချင်းအမျိုးသားအလံတော်နဲ့ ကျဆုံးသွားတဲ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခဲ့ကြသလို အဖွဲ့နှစ်ဖွဲ့ရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ချက်ကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။ အဲဒီအပြင် တက်ရောက်လာတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေကို CDF-Asho နဲ့ ACDF က ရဲဘော်၊ စစ်မေတွေက ချင်းရိုးရာဝါးညှပ်အကတွေ၊ တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြပါတယ်။ ​ဒီပွဲဟာ ချင်းအမျိုးသားရေးကို ရှေးရှုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှုကို ပြသဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Read more

ကိုးကန့်မှာ တရုတ်နှစ်သစ်ကူးပွဲကျင်းပ

​ရှမ်းပြည်မြောက်ပိုင်း၊ တုံချိန်မြို့နယ် အားကစားရုံမှာ ကိုးကန့်တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖေဖော်ဝါရီလ၂၀ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲ​ဒီအခမ်းအနားကို အထူးဒေသစစ်ဘက်နဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေ၊ အားကစားသမားတွေနဲ့ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြတာပါ။ အထူးဒေသအတွင်းရှိ ပြည်သူတွေရဲ့ ယဉ်ကျေးမှုဘဝ ကြွယ်ဝလာစေဖို့၊စည်းလုံးညီညွတ်မှု အားကောင်းစေဖို့နဲ့ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပြီး ဒီပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Read more

​တောမီးကြောင့်ကမ္ဘောဒီးယားနယ်စပ်က ရွာသားတွေ အရေးပေါ်တိမ်းရှောင်နေရ

​ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ တောမီးလောင်ကျွမ်းမှု ပြင်းထန်နေတာကြောင့် ကမ္ဘောဒီးယားဒေသခံတွေဟာ မိူင်ပရာဝီဟီးယား (Preah Vihear) မြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီးယာယီလာရောက်ခိုလှုံနေကြရပါတယ်။ အဲဒီ ​ပလင်သမ် (Pleng Thom) နဲ့ ချအမ်း (Cha-em) လူနေရပ်ကွက်တွေမှာ တောမီးက အရှိန်အဟုန်နဲ့ ကူးစက်နေတာကြောင့် ဒေသခံတပ်ဖွဲ့တွေက အရေးပေါ် ဖယ်ရှားခိုင်းခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒီရပ်ကွက်တွေမှာ တောမီးလောင်ကျွမ်းခဲ့တာကြောင့် အခုတကြိမ်မှာတော့ ဘေးကင်းလုံခြုံဖို့အတွက် ဝတ်ဖိုးငန်ဘုန်းကြီးကျောင်းဆီကို ရွာသားတွေရောက်ရှိလာနေကြတာ ဖြစ်ပါတယ်။ ဒီအိုးအိမ်စွန့်ခွာမှုဟာ အရှိန်အဟုန်နဲ့ကူးစက်နေတဲ့ တောမီးအန္တရာယ်ကြောင့်သာဖြစ်ပြီး တခြားနယ်စပ်ပြဿနာတွေကြောင့် မဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီ ရွာသားတွေဟာ အထုပ်အပိုးကိုယ်စီနဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ခိုလှုံနေကြရပြီး မီးငြှိမ်းသတ်နိုင်မယ့် အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ​အခုလောင်ကျွမ်းနေတဲ့ တောမီးဟာ နယ်စပ်တလျှောက်ကို ကူးစက်နေတာကြောင့် ဒေသခံတွေရော နယ်စပ်စောင့်တပ်ဖွဲ့ဝင်တွေပါ စိုးရိမ်ပူပန်နေကြရပြီး မီးငြှိမ်းသတ်နိုင်ဖို့ ဆက်လက်ကြိုးစားနေကြဆဲ ဖြစ်တယ်လို့သိရပါတယ်။

Read more
Page 21 of 104 1 20 21 22 104

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here