Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၀။ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ 'Cobra Gold 2026' မှာ အသုံးပြုဖို့ အမေရိကန်ရေတပ်ရဲ့ စစ်ဗျူဟာမြောက် အကြီးစားကုန်တင်သင်္ဘော (LMSR) ဟာ ထိုင်းနိုင်ငံ၊ စတ်တာဟစ်ရေတပ်စခန်းကို ဆိုက်ရောက်လာပါတယ်။ လက်ရှိမှာတော့ သင်္ဘောပေါ်မှာပါလာတဲ့ စစ်လက်နက်ပစ္စည်းတွေကို စတင်ချပေးနေပြီလို့ Army Military Force ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ၁၈ ရက်ကနေ ၁၉ ရက်အတွင်း ဆိုက်ကပ်ခဲ့တဲ့ အဲဒီ LMSR သင်္ဘောကြီးပေါ်မှာ စစ်ရေးလေ့ကျင့်ရာမှာ အသုံးပယ့် ဘီးတပ်စစ်သုံးယာဉ်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။ ဒီပစ္စည်းတွေကို ဆိပ်ကမ်းကနေတဆင့် ကုန်းပေါ်ကို လွှဲပြောင်းပို့ဆောင်တာတွေကို အမေရိကန်စစ်တပ်ဘက်က ဒီနေ့အထိ ဆက်လက်လုပ်ဆောင်နေတာပါ။ ထိုင်းနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ် နှစ်စဉ်ကျင်းပတဲ့ 'Cobra Gold' စစ်ရေးလေ့ကျင့်မှုဟာ မိတ်ဖက်နိုင်ငံတွေအကြား စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ နည်းပညာဖလှယ်ဖို့ကို အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် လေ့ကျင့်မှုအတွက် အမေရိကန်ဘက်က ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို အလုံးအရင်းနဲ့ ကြိုတင်ပို့ဆောင်ထားတာဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေကို တရားဝင် စတင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
Read moreBorder News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၂၀။ ကေအဲန်ယူ - ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်ကော်မရှင်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီလယ်ဒိုမြို့နယ်၊ တလင်းကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထိန်တောအခြေစိုက်စစ်ကော်မရှင်တပ်က ဖျံဒရုန်းနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီလိုတိုက်ခိုက်လို့ စောဇော်မင်းနောင်၊ စောဖိုးထက်နဲ့စောမောင်ဆဲတို့ရဲ့ နေအိမ် ၃ လုံးပျက်စီးခဲ့သလို စောဖီးကောက်ရဲ့ နွားတဲတလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတာပါ။ အဲဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရသလို ပြည်သူတွေဟာလည်း ထိတ်လန့်ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေထိုင်နေကြရပါတယ်။
Read moreBorder News Agency ကျောက်တော်၊ ဖေဖော်ဝါရီ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်က မူဆလင်ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။ အဲဒီ မူဆလင်ကျေးရွာတချို့မှာ ၅ နှစ်အောက် ကလေးငယ်တွေအပါအဝင် ဒေသခံတွေဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတာကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၁၈ ရက်အထိ ကွင်းဆင်းဆေးကုသပေးခဲတာပါ။ ရောဂါဖြစ်ပွားနေတဲ့ ဆင်အိုးချိုင်နဲ့ ပေါက်တောပလောင်ကျေးရွာတွေမှာ အခုလိုကွင်းဆင်းကုသပေးခဲ့တာဖြစ်ပြီး ပေါက်တောပလောင်ရွာက ၅ နှစ်အောက် ကလေးငယ်တဦးကတော့ ရောဂါကြောင့် ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ လူနာတွေကိုဆေးကုသပေးတာအပြင် ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးတာတွေကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့်ဖြစ်ပွားတာမို့ ရေကြိုချက်သောက်ဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ကြဖို့ကိုလည်း အထူးသတိပေးထားပါတယ်။
Read moreBorder News Agency ပါကစ္စတန်နိုင်ငံ၊ဖေဖော်ဝါရီ ၂၀။ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ လူနေထူထပ်ရာ Soldier Bazaar ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၁၉ ရက်၊ မနက်အစောပိုင်းက ပြင်းထန်တဲ့ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် လူနေအဆောက်အအုံတခု ပြိုကျပျက်စီးခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက အတည်ပြုထားပါတယ်။ အဲဒီပေါက်ကွဲမှုဟာ လူတွေအိပ်မောကျနေတဲ့ ဒေသစံတော်ချိန်မနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ Gul Rana Colony ရှိ သုံးထပ်တိုက် အဆောက်အအုံရဲ့ ပထမထပ်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီလိုပေါက်ကွဲမှုကြောင့် အဆောက်အအုံတခြမ်းလုံး ပြိုကျပျက်စီးခဲ့သလို အနီးနားရှိအဆောက်အအုံအချို့လည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကိုရှာဖွေနေပြီး သေဆုံးသူအရေအတွက်ဟာ ၂၀ ဦးခန့်အထိ ရှိလာနိုင်တယ်လို့ ဆေးရုံသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။ အဲဒီ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်းပါဝင်နေပြီး အဆောက်အအုံအတွင်းရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ရာကနေတဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ စစ်ဆေးချက်တွေအရ သိရပါတယ်။ ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချီမှာ ဓာတ်ငွေ့လိုင်းစနစ်တကျ မရှိတာနဲ့အတူပေါ့ဆမှုတွေကြောင့် အခုလို ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းတွေလိုက်နာမှုအားနည်းတာ၊ ခွင့်ပြုချက်မရှိဘဲ အထပ်တိုးချဲ့ဆောက်တာနဲ့ ဟောင်းနွမ်းနေတဲ့ အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းမှုမရှိတာတွေဟာ အခုလိုဆိုးကျိုးတွေကို ဖြစ်စေတာလို့ ကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြထားပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ဖွင့်လှစ်ခဲ့တဲ့ အရံမီးသတ်သင်တန်း ပထမအကြိမ်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီသင်တန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး ရခိုင်၊ မူဆလင်၊ ဟိန္ဒူ၊ မြို၊ သက် စတဲ့ ဒေသခံလူမျိုးပေါင်းစုံ ၁၀၀ နီးပါး တက်ရောက်ခဲ့တာပါ။ သင်တန်းမှာ မီးငြှိမ်းသတ်နည်းတွေအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ မီးသတ်ဆေးဘူး အသုံးပြုနည်းတွေကို လက်တွေ့သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအရံမီးသတ်တပ်ဖွဲ့ဝင်တွေဟာ အမြဲတမ်းတာဝန်ထမ်းဆောင်ရမှာ မဟုတ်ဘဲ မိမိတို့ရပ်ရွာမှာ မီးဘေးအန္တရာယ် ပေါ်ပေါက်လာတဲ့အခါမှာသာ အာရက္ခပြည်သူ့အစိုးရရဲ့ မီးသတ်ဌာနနဲ့ပူးပေါင်းပြီး ကူညီဆောင်ရွက်သွားကြမှာပါ။ အခုလို ဆောင်းနဲ့ နွေရာသီတွေမှာ မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားတတ်တာကြောင့် အာရက္ခပြည်သူ့အစိုးရ မီးသတ်ဌာနအနေနဲ့ဒေသအနှံ့မှာ အရံမီးသတ်တပ်ဖွဲ့ဝင်သစ်တွေကို အရှိန်အဟုန်မြှင့် ထပ်မံစုဆောင်းနေပါတယ်။
Read moreအာရက္ခဒေသမှာရှိတဲ့ မွတ်ဆလင်တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်၊ဒီနေ့မနက် အာရုံတက်ချိန်ကစပြီး ရာမဒန်ဥပုဒ်ကာလကို စတင်လိုက်ပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။ အဲဒိီရာမဒန်ဥပုဒ်ကာလကို ဖေဖော်ဝါရီလ ၁၉ ရက်ကနေ မတ်လ ၁၆ ရက်နေ့အထိ ရက်ပေါင်း ၃၀ ကြာ ဥပုဒ်ဆောက်တည်ကြမှာ ဖြစ်ပါတယ်။ "ရခိုင်ကမွတ်ဆလင်အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ လမြင်တဲ့အတိုင်း ဒီနေ့ကစပြီး ရာမဒန်ဥပုဒ်ကာလ စတင်ကြတာပါ။တချို့ကတော့မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန်မှ စတင်ကြမှာဖြစ်တယ်။" ဘူးသီးတောင်မြို့ရှိမွတ်ဆလင်လူကြီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီ ဥပုဒ်ဆောက်တည်သူတွေဟာ မနက်အာရုံမှာအစတ္တာရီ စားသောက်ပြီးချိန်ကစလို့ တနေကုန် အစာရေစာ လုံးဝမစားသော က်ကြသလို တံတွေးတောင် မျိုချတာမျိုးမလုပ်ဘဲ တင်းတင်းကျပ်ကျပ် ဥပုဒ်ဆောက်တည်ကြရတာ ဖြစ်ပါတယ်။ ဗလီဝတ်ပြုပြီးချိန် ညနေ ၆ နာရီမှာတော့ အစ္စတာရီ ညစာအဖြစ် ဇီလာဘီ၊ ဆော်နာပူ၊ စမူဇာ စတဲ့ မွတ်ဆလင်ရိုးရာ အစားအစာတွေအပြင် ကျောက်ကြော၊အုန်းသီး၊ ဖရဲသီး၊ ဖာလူဒါနဲ့ အအေးမျိုးစုံ၊ သစ်သီးဝလံတွေကို စားသောက်ပြီး ဝါဖြေကြတာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး တလပြည့်မြောက်တဲ့နေ့မှာတော့ မွတ်ဆလင်တွေရဲ့ အီးဒ်ပွဲတော်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျင်းပပြုလုပ်သွားကြမှာ ဖြစ်ပါတယ်လို့ မူဆလင်လူမျိုးတွေကဆိုကြပါတယ်။
Read moreBorder News Agency တောင်ကိုးရီးယား၊ ဖေဖော်ဝါရီ ၁၉။ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) ကို ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အလုပ်ကြမ်းနဲ့တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေကသိရပါတယ်။ အဲဒီ ယွန်းဆော့ယောဟာ စစ်တပ်ကိုအသုံးပြုပြီး လွှတ်တော်ကိုပိတ်ဆို့တာ၊ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးဖို့ကြိုးပမ်းတာတွေအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် သူနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟျွန်းကိုလည်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးအပြင်ဘက်မှာ လူထုအုပ်စုနှစ်စုကအပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။ ဒီမိုကရေစီကို ဖျက်ဆီးသူတွေကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့တောင်းဆိုပြီး အောင်ပွဲခံသူတွေရှိသလို တချို့ကလည်း ဒီစီရင်ချက်ဟာ နိုင်ငံရေးအရလက်စားချေတာဆိုပြီး "ယွန်းကို နောက်တစ်ကြိမ် အလိုရှိတယ်" လို့ ကြွေးကြော်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။ ယွန်းဆော့ယောဟာ တောင်ကိုရီးယား ဒီမိုကရေစီခေတ်မှာ ပုန်ကန်မှုနဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျတဲ့ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ရှေ့နေအဖွဲ့က ဒီစီရင်ချက်ကိုလက်မခံဘဲ အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ စန္ဒပူရီခရိုင်၊ ပေါင်နမ်ရွန်မြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၅ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၆ ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီဖမ်းဆီးမှုကို စန္ဒပူရီနဲ့ ထရတ် နယ်စပ်ကာကွယ်ရေးဌာနချုပ် (CPCT) က ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ တရားခံတွေနဲ့အတူ လက်ကိုင်ဖုန်း ၂၇၀ လုံး၊ SIM ကတ်တွေနဲ့ နိုင်ငံခြားငွေစက္ကူမျိုးစုံကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တာပါ။ ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ပါရတ်ရတ်တနချိုင်းဖန်ရဲ့ ပြောကြားချက်အရ ဖမ်းဆီးရမိသူတွေဟာ ကမ္ဘောဒီးယားအခြေစိုက်ကျားဖြန့် (Cyber Scam) ဂိုဏ်းဝင်တွေဖြစ်ပြီး နယ်စပ်ဒေသကိုအခြေပြုကာ ကမ္ဘာတဝှမ်းကိုစနစ်တကျလိမ်လည်လှည့်ဖြားနေသူတွေဖြစ်တယ်လို့ သိရပါတယ်။ အခုလို လုပ်ရပ်တွေဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေအကြား ပူးပေါင်းနှိမ်နင်းကြဖို့ကိုလည်း ထိုင်းရေတပ်က တိုက်တွန်းထားပါတယ်။ အဲဒီ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနဆီ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency (BNA) ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ ဖိကျစ်ခရိုင်၊ ဝချိရဘာရမီမြို့နယ်ရှိ အမှတ် ၁၁၇ အဝေးပြေးလမ်းမှာ တရားမဝင်မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့မှောင်ခိုယာဉ် ၃ စီးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီဖမ်းဆီးမှုအတွင်း လမ်းပြနဲ့ယာဉ်မောင်းတွေဖြစ်တဲ့ နိုင်ဆိုင်နန်၊ နိုင်ဂျိုင်းအောင်နဲ့ နိုင်ဆုကဲတို့ သုံးဦးအပါအဝင် အထောက်အထားမဲ့မြန်မာနိုင်ငံသား ၂၅ ဦး၊ စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီ မှောင်ခိုယာဉ် ၃ စီးမှာ လူခွဲတင်ဆောင်လာတာဖြစ်ပြီး ရှေ့ဆုံးက Mazda အမျိုးအစားကားက ရဲကင်း ရှိ၊ မရှိ စောင့်ကြည့်ပေးတဲ့လမ်းပြကားအဖြစ် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ယာဉ်မောင်းတွေက တခေါက်ကို ဘတ် ၅,၀၀၀ စီရရှိပြီး အခုလိုလုပ်ကိုင်နေတာ ၅ ကြိမ်ထက်မနည်း ရှိပြီလို့ ဝန်ခံထားပါတယ်။ မြန်မာလုပ်သားတွေကတော့ မယ်ဆိုင်နယ်စပ်ရှိ သဘာဝပေါက်ကနေတဆင့် ခိုးဝင်လာတာဖြစ်ပြီး ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့အတွက် ပွဲစားခအဖြစ်တဦးကို ဘတ် ၈,၅၀၀ စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရအရေးယူနိုင်ဖို့ ဝချိရဘာရမီရဲစခန်းဆီ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ လွယ်ပြည်နယ် (Loei) အတွင်း အွန်လိုင်းကတဆင့် တရားမဝင်လက်နက်တွေရောင်းချနေတဲ့ လူငယ်တဦးနဲ့ လက်နက်ပြုပြင်ပေးသူ အမျိုးသားတဦးကို ဆိုက်ဘာရဲတပ်ဖွဲ့ (CCIB) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေဟာ Facebook ပေါ်မှာ .38 လက်လုပ်သေနတ်ကို ဘတ် ၁၈,၀၀၀ နဲ့ ရောင်းချဖို့ပို့စ်တင်ခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကလောက်ဆိုသူက သေနတ်လာရောက်ပို့ဆောင်စဉ် နောင်ဟင်းမြို့နယ်အတွင်းရှိ လမ်းဘေးပြုပြင်ရေးဆိုင်တခုအနီးမှာ အာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူ ကလောက်ရဲ့ ထွက်ဆိုချက်အရ လက်နက်ပြုပြင်ပေးသူ အသက် ၅၇ နှစ်အရွယ် ဆရာပုန်း ဆိုသူကိုလည်း သူရဲ့နေအိမ်မှာ ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီတရားခံတွေနဲ့အတူ လက်လုပ်သေနတ် ၄ လက်၊ ကျည်ဆံတွေ၊ သေနတ်ကိုယ်ထည် ၂ ခု၊ ကျည်အိမ် ၅ ခုနဲ့ လက်နက်အစိတ်အပိုင်း အများအပြားကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးကို တရားမဝင်လက်နက်ခဲယမ်းလက်ဝယ်ထားရှိမှု၊ ပူးပေါင်းရောင်းချမှုတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Read moreHey! Don't Copy my content.