Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ လွယ်ပြည်နယ် (Loei) အတွင်း အွန်လိုင်းကတဆင့် တရားမဝင်လက်နက်တွေရောင်းချနေတဲ့ လူငယ်တဦးနဲ့ လက်နက်ပြုပြင်ပေးသူ အမျိုးသားတဦးကို ဆိုက်ဘာရဲတပ်ဖွဲ့ (CCIB) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေဟာ Facebook ပေါ်မှာ .38 လက်လုပ်သေနတ်ကို ဘတ် ၁၈,၀၀၀ နဲ့ ရောင်းချဖို့ပို့စ်တင်ခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကလောက်ဆိုသူက သေနတ်လာရောက်ပို့ဆောင်စဉ် နောင်ဟင်းမြို့နယ်အတွင်းရှိ လမ်းဘေးပြုပြင်ရေးဆိုင်တခုအနီးမှာ အာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူ ကလောက်ရဲ့ ထွက်ဆိုချက်အရ လက်နက်ပြုပြင်ပေးသူ အသက် ၅၇ နှစ်အရွယ် ဆရာပုန်း ဆိုသူကိုလည်း သူရဲ့နေအိမ်မှာ ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီတရားခံတွေနဲ့အတူ လက်လုပ်သေနတ် ၄ လက်၊ ကျည်ဆံတွေ၊ သေနတ်ကိုယ်ထည် ၂ ခု၊ ကျည်အိမ် ၅ ခုနဲ့ လက်နက်အစိတ်အပိုင်း အများအပြားကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးကို တရားမဝင်လက်နက်ခဲယမ်းလက်ဝယ်ထားရှိမှု၊ ပူးပေါင်းရောင်းချမှုတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၉။ ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တလျှောက်ရှိ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်း သစ်တောတွေမှာ တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်ရာနဲ့ချီ မီးထဲမှာပိတ်မိသေဆုံးနေတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ တောမီးလောင်ကျွမ်းမှုဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဥဒ္ဒရမိန်ကျေ၊ ဗန်တေးမိန်ကျေနဲ့ ပရိဝိဟာပြည်နယ်ရှိ နယ်စပ်တလျှောက် သစ်တောတွေမှာဖြစ်ပွားနေတာပါ။ ဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှေ့တန်းရှိ ထိုင်းစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေပိတ်ဆို့ဖို့အတွက်ရည်ရွယ်ပြီး တောမီးရှို့မှုတွေလုပ်ဆောင်ခဲ့ရာကနေ စတင်ခဲ့တာလို့သိရပါတယ်။ ဖနွန်ကူလန် အမျိုးသားဥယျာဉ်မှ သစ်တောအရာရှိတဦးကတော့ တောမီးရှို့မှုကြောင့် စပါးကြီးမြွေကြီးတွေအပါအဝင် တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးဘေးကမလွတ်ဘဲ အလွန်သနားစရာကောင်းအောင် သေဆုံးနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေရဲ့အိုးအိမ်ဖြစ်တဲ့ သစ်တောတွေကိုမဖျက်ဆီးကြဖို့ကိုလည်း သူကဆက်လက်တောင်းဆိုထားပါတယ်။ ဒီတောမီးရှို့မှုကြောင့် သစ်တောအတွင်းရှိ တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်းများစွာဟာ မီးဘေးလွတ်ရာကို မပြေးနိုင်ဘဲ မီးပုံအတွင်းပိတ်မိကာ အရှင်လတ်လတ် မီးလောင်ကျွမ်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင်ထိုးဆေးတွေကို အခြားပစ္စည်းအမည်တွေနဲ့လွှဲပြောင်းပြီး အွန်လိုင်းကနေလှည့်ဖြားရောင်းချနေတဲ့ ဂိုဏ်းကြီးတခုကို အာဏာပိုင်တွေက ဖော်ထုတ်အရေးယူလိုက်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့ (CPPD) နဲ့ FDA တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ ဇန်နဝါရီလကုန်ပိုင်းကစပြီး ရာ့ချ်ဘူရီ၊ ဘန်ကောက်နဲ့ နခွန်ပထုံရှိ နေရာတွေကို အဆင့်ဆင့်ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် ၂၄ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီစီးနင်းမှုအတွင်း စုစုပေါင်းကာလတန်ဖိုး ဘတ် ၁၇ သန်းကျော်ရှိတဲ့ သက်သေခံပစ္စည်းပေါင်း ၁ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီဂိုဏ်းဟာ စစ်ဆေးမှုတွေကို ရှောင်ရှားဖို့အတွက် Shopee နဲ့ Lazada လို အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတွေမှာ ဆေးဝါးတွေကို ရောင်စုံခဲတံ၊ အရုပ်တွေနဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းဆိုတဲ့ အမည်လွှဲတွေနဲ့ရောင်းချခဲ့တာပါ။ အဲဒိီအပြင် ပါဆယ်ပို့ရာမှာလည်း တရားမဝင်ထိုးဆေးပုလင်းတွေကို လစဉ်သုံးဂွမ်းထုပ်တွေကြားထဲ ထည့်သွင်းဖုံးကွယ်ပြီး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒိီဆေးတွေဟာ မှတ်ပုံတင်ထားတာမရှိတဲ့ အဆီကျဆေးနဲ့ အသားဖြူဆေးတွေဖြစ်ပြီး အသုံးပြုမိပါက အသက်ဆုံးရှုံးနိုင်တဲ့အပြင် ကျောက်ကပ်ပျက်စီးတာ၊ သိုင်းရွိုက်ကင်ဆာဖြစ်တာနဲ့ စိတ်ကျရောဂါခံစားရတာမျိုးတွေအထိ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်း FDA က သတိပေးထားပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဆေးဝါးအက်ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆဲန်မြို့နယ်ရှိ မဲခေါင်မြစ်ကမ်းစပ်မှာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေ စွန့်ပစ်ထားခဲ့တဲ့ စိတ်ကြွဆေးပြား ၉ သန်းခန့်ကို ဖေဖော်ဝါရီလ ၁၈ ရက်၊ ညပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရေတပ်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ မြစ်တွင်းလုံခြုံရေးတပ်ဖွဲ့ (နရခ) မှ တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဖြတ်ကျော်မှုခင်းကာကွယ်ရေးအတွက် ကင်းလှည့်နေစဉ်အတွင်း ဘန်ဆဲဝ်ကျေးရွာအုပ်စုရှိ မြစ်ကမ်းဘေးမှာရပ်တန့်ထားတဲ့ သံသယဖြစ်ဖွယ်မော်တော်ယာဉ်တစီးကို စစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီယာဉ်ပေါ်မှာ အနက်ရောင်အိတ်တွေနဲ့ စနစ်တကျထည့်သွင်းထားတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၉ သန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ဒီမူးယစ်ဆေးဝါးတွေဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းတွေက မဲခေါင်မြစ်ကြောင်းကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို သယ်ဆောင်ဖို့ကြိုးပမ်းတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မော်တော်ယာဉ်ကို ချင်းဆဲန်ရှိ နရခအခြေစိုက်စခန်းဆီ သယ်ဆောင်သွားပြီဖြစ်ပြီး ဥပဒေအရအရေးယူနိုင်ဖို့နဲ့ ဆက်စပ်တရားခံတွေကိုဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်လက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read moreဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ဘာစီလန်ရှိ ကမ်းလွန်ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားတဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကို ရှာဖွေရေးလုပ်ငန်းတွေအဆက်မပြတ် လုပ်ဆောင်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၈ ရက်၊မနေ့က ရုပ်အလောင်းနှစ်လောင်းကို ထပ်ပြီးရှာတွေ့ခဲ့ပါတယ်။ အဲဒါကြောင့် လက်ရှိမှာ သေဆုံးသူအရေအတွက်ဟာ ၆၄ ဦးအထိ ရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ထုတ်ပြန်ထားပါတယ်။ အဲဒီဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ရေငုပ်သမားတွေဟာ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ဖို့အတွက် ရေအောက်ပေ ၁၀၀ ကျော် (မီတာ ၃၀ ခန့်) အနက်အထိ သွားရောက်ရှာဖွေခဲ့တာပါ။ အခုအချိန်အထိ အသက်ရှင်လွတ်မြောက်သူ ၂၉၃ ဦး ရှိနေပေမယ့် ပျောက်ဆုံးနေသူ ၁၅ ဦး ကျန်ရှိနေသေးတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read moreအာရက္ခပြည်၊ စစ်တွေခရိုင်အတွင်းမှာ နီပါးဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းအဖွဲ့တွေက အသိပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး စစ်တွေခရိုင်အတွင်းက လူစည်ကားရာ လမ်းမတွေ၊ဈေးတွေ၊ ကားဂိတ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ အသိပညာပေးဗီနိုင်းတွေ ချိတ်ဆွဲတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ နီပါးဗိုင်းရပ်စ် ကူးစက်ခံရရင် ကနဦးလက္ခဏာတွေအနေနဲ့ ဖျားနာတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အော့အန်တာအပြင် ပြင်းထန်ရင် ဦးနှောက်ယောင်တာနဲ့ တက်တာတွေအထိ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ် လက္ခဏာတွေ ခံစားရရင် အနီးအနားမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဌာနတွေကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြဖို့နဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ဒေသခံပြည်သူတွေ ရောဂါဘယကင်းဝေးစေဖို့အတွက် အခုလို အသိပညာပေးတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
Read moreထိုင်းနိုင်ငံ၊ ချောင်ပူရီခရိုင်၊ ဖန်ထောင်မြို့နယ်အတွင်းရှိ ဆေးစပ်စက်ရုံတခုမှာ ဖေဖော်ဝါရီလ ၁၈ ရက်၊နေ့လည်ပိုင်းက အပြင်းအထန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ အရှေ့ပိုင်းဒေသ မီးသတ်စေတနာ့ဝန်ထမ်းအသင်းက ထုတ်ပြန်ထားပါတယ်။ အဲဒီ ဆေးစပ်စက်ရုံမှာ နေ့လည် ၃ နာရီ ၁၀ မိနစ်လောက်ကစပြီး မီးတင်လောင်ခဲ့တာဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်တွေ ချက်ချင်းရောက်ရှိ ငြှိမ်းသတ်ခဲ့ပေမယ့်လည်း စက်ရုံအတွင်းမှာရှိတဲ့ ဆေးနဲ့ ဓာတုပစ္စည်းတွေကြောင့် မီးအရှိန်ဟာ ထိန်းမနိုင်သိမ်းမရ ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ညနေ ၄ နာရီခွဲအထိ တစ်နာရီခွဲကျော်ကြာတဲ့တိုင် မီးကိုမထိန်းချုပ်နိုင်သေးဘဲ အနက်ရောင် မီးခိုးလုံးကြီးတွေ ကောင်းကင်ယံအထိ တက်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒါကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ စေတနာ့ဝန်ထမ်းတွေနဲ့ အင်အားဖြည့်တင်းကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ ညနေ ၆ နာရီခွဲမှာတော့ မီးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီမီးလောင်မှုကြောင့် အသက်ဆုံးရှုံးသူ မရှိပေမယ့် မီးခိုးမွှန်တာနဲ့ ဒဏ်ရာအနည်းငယ် ရရှိခဲ့တဲ့ အလုပ်သမားနှစ်ဦးကိုတော့ ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ မီးဟာ စက်ရုံရဲ့ထုတ်လုပ်မှုလိုင်းကနေ စတင်ခဲ့တာဖြစ်ပြီး ဆေးနဲ့ သီနာဂိုဒေါင်တခုလုံး ပြာကျသွားခဲ့ရာ ပဏာမခန့်မှန်းချက်အရ ဆုံးရှုံးမှုတန်ဖိုးဟာ ဘတ် ၁၀ သန်းကျော် ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆေးစပ်စက်ရုံဖြစ်တဲ့အတွက် မီးခိုးငွေ့တွေမှာ အဆိပ်သင့်ဓာတုပစ္စည်းတွေ ပါဝင်နိုင်တာကြောင့် အနီးအနားရှိ ပြည်သူတွေအနေနဲ့ လေအောက်အရပ်မှာ မနေကြဖို့နဲ့ နှာခေါင်းစည်း (Mask) များ တပ်ဆင်ထားကြဖို့ကိုလည်း အသိပေးထားပါတယ်။ ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ ဒီမီးလောင်မှုဟာ ဆေးစပ်စက်အတွင်း ဓာတုပစ္စည်းတွေ ပေါက်ကွဲရာကနေတစ်ဆင့် စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၉။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခဒေသကမြို့နယ်တွေမှာ ယာဉ်မတော်တဆမှုတွေ လျော့ပါးသွားအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အခုရက်ပိုင်းမှာတင်းတင်းကျပ်ကျပ် စစ်ဆေးလာနေပါတယ်။ အဲဒီလို စစ်ဆေးတဲ့နေရာမှာ အသိပညာပေးတဲ့အစီအစဉ်တွေကိုပါ ထည့်သွင်းလုပ်ဆောင်နေတာဖြစ်ပြီး မြို့ထဲမှာဆိုင်ကယ်စီးရင်း ဦးထုပ်မဆောင်းသူတွေနဲ့ လူပိုတင်သူတွေကို DLEPS အဖွဲ့တွေက ခေတ္တခေါ်ယူ စစ်ဆေးနေတာပါ။ စည်းကမ်းမလိုက်နာတဲ့သူတွေကို ယာဉ်စည်းကမ်းဆိုင်ရာမေးခွန်းတွေ စာရွက်ပေါ်မှာဖြေဆိုခိုင်းပြီး မဖြေနိုင်တဲ့သူတွေကိုတော့ အသိပညာပေးစာအုပ်တွေ ဖတ်ရှုခိုင်းတာ၊ ရှင်းပြပေးတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအပြင် တချို့မြို့တွေမှာတော့ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေ ပုဒ်မ-၈၇ အရ ထောင်ဒဏ် (ဒါမှမဟုတ်) ဒဏ်ငွေ သုံးသောင်းကျပ်စီကို သက်ဆိုင်ရာတရားရုံးကနေ အရေးယူတာမျိုးတွေလည်း ရှိနေပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ယာဉ်မောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီးသားဖြစ်သလို လမ်းသွားလာတဲ့အခါ ယာဉ်အင်္ဂါရပ်နဲ့အညီ ပစ္စည်းစုံလင်စွာ တပ်ဆင်သွားလာဖို့လည်း ညွှန်ကြားထားပါတယ်။ အာရက္ခပြည်သူတွေအနေနဲ့လည်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးတာတွေ မရှိရအောင် သတ်မှတ်ထားတဲ့ စည်း ကမ်းတွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အစိုးရဘက်က တိုက်တွန်းထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၈။ ထိုင်း - လာအိုနယ်စပ်၊ မုဒါဟန်ခရိုင်အတွင်း တရားမဝင်တင်သွင်းလာတဲ့ ဆန်နက် (Riceberry) ၁၅ တန် (အိတ် ၃၀၀) နဲ့ ၁၀ ဘီးကုန်တင်ကားတစီးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၂ အကောက်ခွန်ဒေသရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီမုဒါဟန်မြို့နယ်၊ ဘန်ကန်းကျေးရွာရှိ ဘုရားကျောင်းရှေ့မှာ သတင်းအရစောင့်ဆိုင်းစစ်ဆေးခဲ့ရာ ရွိုင်အက်လိုင်စင်ပါ ISUZU ၁၀ ဘီးကားပေါ်ကနေ အထောက်အထားမဲ့ ဆန်နက်အိတ်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ယာဉ်မောင်းဖြစ်သူ နိုင်ချမ်နန်ဖွန်းကို စစ်ဆေးရာမှတဆင့် ကုန်ပစ္စည်းပိုင်ရှင်နိုင်စူရချိုင်ကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပိုင်ရှင်ဖြစ်သူရဲ့ ဝန်ခံချက်အရ ပါဆန်တွေကို လာအိုနိုင်ငံသားတဦးထံကနေ ဈေးပေါပေါနဲ့ဝယ်ယူကာ သုရင် (Surin) ခရိုင်သို့ပို့ဆောင်ရောင်းချဖို့ ခိုးယူတင်သွင်းလာတာ ဖြစ်ပါတယ်။ အဲဒီ သိမ်းဆည်းရမိတဲ့ ဆန်နဲ့ကုန်တင်ကား စုစုပေါင်းအလေးချိန် ၂၄.၇ တန်ကို ၂၀၁၇ အကောက်ခွန်အက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး ကုန်ပစ္စည်းအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းဖို့ပိုင်ရှင်က သဘောတူညီခဲ့ပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့သက်သေခံပစ္စည်းတွေကို လိုအပ်တဲ့ဒဏ်ငွေပေးဆောင်မှုနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်ဖို့ မုဒါဟန်အကောက်ခွန်ဌာနဆီ လွှဲပြောင်းပေးအပ်ထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၈။ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာန (ATPD) ဟာဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာအွန်လိုင်းကလေး လူကုန်ကူးမှုကွန်ရက်ဖြတ်တောက်ခြင်း အထူးစစ်ဆင်ရေး ၃ ခုကို တပြိုင်နက်ဖော်ဆောင်ခဲ့ပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ အသက် ၂၈ နှစ်အရွယ် အထက်တန်းကျောင်း ကွန်ပျူတာဆရာနွန်ထဝပ်ကိုဖမ်းဆီးခဲ့ပြီး သူဟာဆိုရှယ်မီဒီယာမှာ အကောင့်တုတွေနဲ့ ကလေးငယ်တွေကို ချဉ်းကပ်ကာ ၅ နှစ်တိုင်တိုင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ ငွေညှစ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒေတာဖိုင်တွေထဲမှာ ကလေးညစ်ညမ်းဖိုင် ၁,၅၀၀ ကျော်တွေ့ရှိခဲ့ရပြီး သားကောင်ဖြစ်ရသူ ကလေး ၁၀၀ ကျော် ရှိနေပါတယ်။ ယသောထုံခရိုင်မှာတော့ အသက် ၂၃ နှစ်အရွယ်လိင်ပြောင်းအမျိုးသမီးဂျေဒါကို ဖမ်းဆီးခဲ့ပါတယ်။ သူမဟာ Line အပလီကေးရှင်းကနေ ကလေးညစ်ညမ်းဗီဒီယိုတွေ ရောင်းချနေသူဖြစ်ပြီး အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေးတွေကိုပစ်မှတ်ထားကာ အခပေးဂရုတွေမှာ ဗီဒီယိုတွေပြန်လည်ရောင်းချခဲ့တာပါ။ ယဲလားခရိုင်မှာလည်း အသက် ၁၉ နှစ်အရွယ် ဟတ်ဆန်ဆိုသူကို ထပ်မံဖမ်းဆီးခဲ့ပြီး သူဟာ Instagram မှာ အမျိုးသမီးပုံစံ အကောင့်တုနဲ့ကလေးတွေကို ရည်စားဟန်ဆောင် ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီနောက် Video Call ကနေတဆင့် ညစ်ညမ်းတဲ့အပြုအမူတွေလုပ်ခိုင်းပြီး ခိုးယူမှတ်တမ်းတင်ကာ ခြိမ်းခြောက်ငွေညှစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ CIB ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူအားလုံးကို လူကုန်ကူးမှု၊ ကလေးသူငယ်ညစ်ညမ်းရုပ်ပုံတွေ ဖြန့်ဖြူးမှု၊ အဓမ္မပြုကျင့်မှုနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာပုဒ်မတွေနဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ စစ်ဆေးနေပါတယ်။ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အခုလိုအွန်လိုင်းကတဆင့် ကလေးငယ်တွေကိုလှည့်ဖျားပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နေတဲ့ ကွန်ရက်တွေကို အမြစ်ပြတ်အောင်ဆက်လက်နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။
Read moreHey! Don't Copy my content.