Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၈။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အောက်တိုဘာလ ၁၈ ရက်၊ ဒီနေ့နေ့လယ်က ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့သို့ သွားရောက်ခဲ့ပါတယ်။
အဲဒီကိုကိုးကျွန်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေကို တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေ၊ တပ်မတော်အရာရှိကြီးတွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ကိုကိုးကျွန်းမြို့နယ်ချုပ်ရေးမှူးကလည်း ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုး၊ မွေးမြူရေး၊ သောက်သုံးရေ၊ လျှပ်စစ်နဲ့ပညာရေးအခြေအနေတွေကို တင်ပြခဲ့ပါတယ်။
အဲဒီနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုကိုးကျွန်းကို နှစ်ဆယ်ကြိမ်မြောက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုမိုမြင်သာလာပြီလို့ ဆိုပါတယ်။
အဲဒီအပြင် ဒေသခံပြည်သူတွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်သင့်ပြီး ကိုကိုးကျွန်းဒေသရဲ့ ဝမ်းစာဖူလုံရေးအတွက် သက်ဆိုင်ရာဌာနတွေက တာဝန်ယူဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
နောက်ပြီး လယ်ယာဖော်ထုတ်မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး၊ အုန်းပင်၊ အုန်းထွက်ပစ္စည်းထုတ်လုပ်မှုတွေ တိုးတက်အောင် ဆောင်ရွက်သွားမယ့်ကိစ္စတွေကိုလည်း ပြောခဲ့ပါတယ်။
အဲဒီကိုကိုကျွန်းမှာ တရုတ်ရေတပ်အခြေစိုက်ထားပြီး အိန္ဒိယကိုထောက်လှမ်းနေတယ်လို့ ပြောဆိုမှုတွေရှိနေသလို အိန္ဒိယကသွားရောက်လေ့လာခွင့် တောင်းထားပါတယ်။






