Border News Agency
မန္တလေး၊ အောက်တိုဘာ ၂၃။
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်ကြောင့် ပြည်သူခြောက်ထောင့်ရှစ်ရာကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ကြောင့် အရပ်သားတွေသေဆုံးတာနဲ့ ပတ်သက်လို့ နိုင်ငံတကာပါလီမန်များ(IPU)၁၅၁ ကြိမ်မြောက်ညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောခဲ့တာပါ။
အကျပ်အတည်းကာလတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းတွေကို မြှင့်တင်တာနဲ့လူသားချင်းစာနာမှုလုပ်ငန်းတွေကို ပံ့ပိုးကူညီခြင်း”ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့အစီအစဉ်မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင်ဒေါ်ဇင်မာအောင် ထည့်ပြောခဲ့တာပါ။
“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကတည်းက အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ပြည်သူတွေအပေါ်ကို စစ်ပြန်တိုက်နေပါတယ်။ ဒီနေ့ထိပြည်သူ ၆,၈၀၀ကျော်အသတ်ခံထားရပြီးဖြစ်ပါတယ်။”လို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။
အာဏာသိမ်းနေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကို နေ့စဥ်သတ်ဖြတ်နေတာဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်တာတွေအပါအဝင် လေကြောင်းတိုက်ခိုက်သတ်ဖြတ်တာတွေလည်း နေ့စဥ်ကျူးလွန်နေပါတယ်။
မြန်မာနိုင်ငံဟာ အဆိုးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
“အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါဟာသဘာဝကြောင့်ဖြစ်တဲ့ ပဋိပက္ခတခုမဟုတ်ပါဘူး။ လူတဦးရဲ့ရက်စက်ကြုမ်းကြုတ်မှုကြောင့်ဖြစ်တဲ့ ပဋိပက္ခပါ။ တမင်ဖန်တီးထားတဲ့နိုင်ငံရေး ပဋိပက္ခဖြစ်တယ်။ မြန်မာနိုင်ငံဟာ တိုင်ဖုန်းယာဂီနဲ့ ၂၀၂၅ ခုနှစ်၊ မတ်လငလျင်အပါအဝင် ထိခိုက်ပျက်စီးစေတဲ့ သဘာဝဘေးတွေကိုလည်း ခံစားခဲ့ရပြီးဖြစ်ပါတယ်။ ငလျင်ကြောင့် အသက်ပေါင်း ၅,၃၀၀ သေဆုံးခဲ့ရပါတယ်။”လို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။
ဒီလိုအဖြစ်ဆိုးတွေရှိနေပေမယ့် စစ်တပ်ဟာအပစ်ခတ်ရပ်စဲရေးကာလမှာပဲ ပြည်သူခြောက်ရာကျော်ကို သတ်ဖြတ်ခဲ့သလို ပြည်သူတွေရဲ့ ကယ်ဆယ်ရေးထက်နိုင်ငံရေးအရ ထိန်းချုပ်မှုကို ဦးစားပေးလုပ်ခဲ့တယ်လို့.ဆိုပါတယ်။
အဲဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်သလို စစ်အာဏာရှင်ဟာ ပြည်သူကို ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိနိုင်မှုကို ပိတ်ပင်တားဆီးနေပြီး အကူအညီတွေကို သိမ်းယူနေတာဟာ လူသားဆန်မှု၊ ကြားနေမှု၊ ဘက်မလိုက်မှုနဲ့ အမှီအခိုကင်းမှုဆိုတဲ့ အခြေခံမူတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။






