Border News Agency
ဆော၊ အောက်တိုဘာ ၃၁။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာနံနက်လေးနာရီမှ ညကိုးနာရီအတွင်းသာသွားလာကြဖို့ အောက်တိုဘာ ၃၁ရက်၊ ဒီနေ့ ဆောမြို့နယ်ပြည်သူ့အုပ်ချုက်ရေးအဖွဲ့ ထုတ်ပြန်ပါတယ်။
အဲဒီအရပ်သားပြည်သူတွေ လိုက်နာရမယ့်စည်းကမ်းရှစ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီး ဆောမြို့နယ်ရှိပြည်သူလူထုတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ဖို့အတွက်လို့ ဆိုပါတယ်။
အဲဒီဆောမြို့ပေါ် နယ်နမိတ်အတွင်း နံနက်လေးနာရီမှ ညကိုးနာရီအတွင်းသာသွားလာခွင့်ရှိပြီး တော်လှန်ရေးကိစ္စတွေ တာဝန်ထမ်းဆောင်ရန်လိုအပ်ချက်ရင် တာဝန်ရှိသူတွေသာ သွားလာရမယ်လို့
ဆိုပါတယ်။
အဲဒီအပြင်ဆောမြို့ပေါ်နယ်နမိတ်အတွင်းရှိ ဈေးဆိုင်တွေ၊ အရက်ဘီယာဆိုင်တွေ၊ ဘိလက်ယက်ခုံတွေ၊ ဆိုင်ထိုင်သုံးဖွင့်ထားတဲ့စတားလင့်ဆိုင်တွေဟာ ညရှစ်နာရီခွဲထိသာ ဖွင့်ခွင့်ပြုထားပြီး မလိုက်နာရင်တလရပ်ဆိုင်းတာ၊ ငွေဒဏ်တပ်တာစတဲ့အရေးယူသွားမယ်လို့ ဆိုပါတယ်။
နောက်ပြီး ညအိပ်ညနေတည်းခိုရန်ရှိပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ မပျက်မကွက်ဧည့်စာရင်းတိုင်ကြားရန်၊ အရေးပေါ်သွားလာရန်ကိစ္စရှိပါ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဆီ အကြောင်းကြားပြီးဖြတ်သန်းသွားလာနိုင်သလို အိမ်သုံး၊ လုပ်ငန်းသုံးမီးစက်တွေကိုလည်း ညကိုးနာရီထိသာ အသုံးပြုရမယ်လို့ ဆိုပါတယ်။
အဲဒီစည်းကမ်းချက်တွေကို မလိုက်နာရင် ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်သလို နောက်ထပ်ကြေညာချက်မထုတ်ပြန်သေးချိန်ထိ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့အမျိုးသားကာကွယ် ရေးနဲ့လုံခြုံရေးကောင်စီက အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ ခြောက်ဆယ်သုံးမြို့နယ်ကို ရက်ပေါင်းကိုးဆယ်အရေးပေါ်ဆက်ကြေညာပြီး မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်လည်းပါဝင်ပါတယ်။






