Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၁၁။
အာရက္ခဒေသအပါအဝင် မြန်မာတနိုင်ငံလုံးမှာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ စစ်ကော်မရှင်တပ်ကို နိုင်ငံတကာနဲ့ကမ္ဘာ့နိုင်ငံကြီးတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေက အရေးယူပေးဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တောင်းဆိုလိုက်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်၊ မနေ့ည ၉ နာရီအချိန်က စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံမှာဆေးကုသမှုခံယူနေကြတဲ့ မူဆလင်လေးဦးအပါအဝင် လူနာစုစုပေါင်းသုံးဆယ်သုံးဦးအစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီးခုနှစ်ဆယ်ခြောက်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသူတွေထပ်ထိုးလာနိုင်သလို ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှ အရပ်သားပြည်သူတွေကို နေ့စဉ်ရက်ဆက်တမင်တကာ ရည်ရွယ်ချက်ရှိရှိအဓိက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
အဲဒီလိုစစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုတွေကို နိုင်ငံတကာဟာ လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးကြပါဖို့ အားကိုးစွာအကူအညီတောင်းခံတယ်လို့ဆိုပါတယ်။






