Border News Agency
ဟားခါး၊ ဒီဇင်ဘာ ၂၄
ချင်းပြည်၊ ဟားခါးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပါတီပိုင်ပစ္စည်းတွေကို ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ချင်းကာကွယ်ရေးတပ်-ဟားခါးမှ ဒီဇင်ဘာလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ချင်းလဲန်းကောင်စီက တရားဝင်ပြဌာန်းခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေအရ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေကိုရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ အခန်း ၄ ၊ ပုဒ်မ ၁၆ အရ သူတို့ရဲ့ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်သိမ်းဆည်းလိုက်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ သူတို့ရဲ့ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းတာ၊ ဝယ်ယူတာမလုပ်ကြဖို့အသိပေးထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ပြည်သူ့အိုးအိမ်စည်းစိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှို့တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် လေကြောင်းတိုက်ခိုက်တာတွေကိုလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နေ့စဉ်ပြုလုပ်ကာ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ဖို့နဲ့အာဏာတည်မြဲဖို့အတွက် ရွေးကောက်ပွဲကို ပြုလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။






