Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၅။
မြန်မာနိုင်ငံတဝှမ်း ဒီဇင်ဘာလအတွင်း စစ်ကောင်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတရာ့တဆယ့်ကိုးဦး သေဆုံးပြီး သုံးရာ့နှစ်ဆယ့်ငါးဦး ဒဏ်ရာရသွားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDIS) က ဇန်နဝါရီလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အာရက္ခဒေသအပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ တရာ့တဆယ့်ကိုးကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် စုစုပေါင်းအရပ်သား တရာ့တဆယ့်ကိုးဦးသေဆုံးပြီး သုံးရာ့နှစ်ဆယ့်ငါးဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ငါးဆယ်အထိပြုလုပ်ခဲ့ပြီး မကွေးတိုင်းကို နှစ်ဆယ့်နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အာရက္ခဒေသနဲ့ ပဲခူးတိုင်းကိုဆယ့်တကြိမ်၊ မန္တလေးကိုဆယ်ကြိမ်၊ ဧရာဝတီကိုလေးကြိမ်၊ ကချင်နဲ့ ရှမ်းပြည်ကိုနှစ်ကြိမ်၊ ကယားနဲ့ ကရင်ကို တကြိမ်ထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း လေကြောင်းတိုက်ခိုက်မှု ခြောက်ဆယ့်ခြောက်ကြိမ်ပြုလုပ်ခဲ့သလို ဒီဇင်ဘာလမှာ ပိုတိုးလာတယ်လို့ ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်တာတွေကို အရပ်သားတွေအိပ်မောကျနေတဲ့ ညပိုင်းအချိန်တွေမှာဦးတည်ထားပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်းနဲ့ ဆေးရုံတွေအပြင် သဘာဝသယံဇာတထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကိုပါ ဖိအားပေးတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ တိုက်လေယာဉ်တွေကို အများဆုံး အသုံးပြုပြီး စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ကုန်ကျစရိတ်သက်သာတဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကို အများဆုံး အသုံးပြုနေတယ်လို့ ဆိုပါတယ်။






