Border News Agency
စစ်တွေ၊ ဇန်နဝါရီ ၁၃။
စစ်တွေသာသနာပိုင်အင်္ဂလီကန်အနားယူသာသနာပိုင်ကြီး ဘီးရှော့ဗာနာဗထောင်ဝှေ့ ကွယ်လွန်မှုအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
အဲဒီသာသနာပိုင်ကြီးဟာသက်တော်ရှစ်ဆယ်နှစ်နှစ်အရွယ်ရှိပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းမှာ ခရစ်တော်ထဲ အိပ်ပျော်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သူ့ရဲ့ ဝါတော်ငါးဆယ်ခုနှစ်ဝါအတွင်း သာသနာရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်လို့ဆိုပါတယ်။
သာသနာပိုင်ကြီးရဲ့လူထုအကျိုးပြု လုပ်ဆောင်ချက်တွေကို လေးစားဂုဏ်ပြုကြောင်းနဲ့ အခုလို ဆုံးရှုံးမှုအတွက်ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရတယ်လို့ ULA ကဆိုပါတယ်။
ဘီးရှော့ ဗာနာဗထောင်ဝှေ့ဟာ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်ပေါင်းစုံအကြား ကြည်ညိုလေးစားခံရတဲ့ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
သာသနာပိုင်ကြီး ကွယ်လွန်မှုအတွက် ULA အပြင် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) နဲ့ အခြားဒေသခံ အဖွဲ့အစည်းတွေကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ အသီးသီးပို့ပေးခဲ့ကြပါတယ်။






