Border News Agency
မကွေး၊ ဇန်နဝါရီ ၂၃။
မကွေးတိုင်း၊ အောင်လံမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာကို ဇန်နဝါရီလ၂၂ ရက်၊ နေ့လည်အချိန်က စစ်ကော်မရှင်တပ်က မင်္ဂလာဆောင်တခုကို လေကြောင်းမှရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်ဟာ လေကြောင်းမှပေါင် ၁၀၀ ဗုံးတွေနဲ့ သုံးကြိမ်ထိတိုက်ခိုက်ခဲ့တာကြောင့် ရွာထဲကမင်္ဂလာမဏ္ဍပ်ကို တည့်တည့်ထိမှန်ခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်လာတဲ့ဧည့်သည်တွေနဲ့ ဒေသခံတွေထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် နေအိမ်နှစ်လုံးလည်း မီးလောင်ပြာကျသွားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီတပ်ကုန်းကျေးရွာကို ခုလိုလေကြောင်းတိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တာမို့ ရွာသူရွာသားတွေဟာ ကြောက်လန့်တကြားနဲ့ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်လို့ သိရပါတယ်။






