Border News Agency
အဘူဒါဘီ၊ ဇန်နဝါရီ ၂၄။
ယူကရိန်းစစ်ပွဲလေးနှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ယူကရိန်း၊ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေမျက်နှာချင်းဆိုင်တွေ့ဆုံတဲ့လုံခြုံရေးဆိုင်ရာ သုံးပွင့်ဆိုင်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဇန်နဝါရီလ ၂၃ ရက်နေ့က အာရပ်စော်ဘွားများပြည်ထောင်စု၊အဘူဒါဘီမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုကို လုံခြုံရေးဆိုင်ရာ သုံးပွင့်ဆိုင်လုပ်ငန်းအဖွဲ့အစည်းအဝေးလို့ ခေါ်ဆိုပြီး စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ထိုင်တဲ့ သမိုင်းဝင်ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို အမေရိကန်သမ္မတရဲ့အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် (Steve Witkoff) နဲ့ ဂျရက်ကူရှနာ (Jared Kushner) တို့ တက်ရောက်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ မော်စကိုမှာ ရုရှားသမ္မတ ပူတင်နဲ့ အရင်တွေ့ဆုံခဲ့တာက ကဏ္ဍပေါင်းစုံမှာ အသုံးဝင်တဲ့ ဆွေးနွေးမှု” ဖြစ်ခဲ့တယ်လို့ ရုရှားအရာရှိ ယူးရီဦးရှာကော့ဗ် (Yury Ushakov) က မနေ့ကပြောခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ရုရှားဘက်က GRU စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲ အက်ဒမီရယ် အီဂေါ ကို့စ်ဂျူကော့ဗ် (Igor Kostyukov) ကဦးဆောင်ခဲ့ပြီး ယူကရိန်းဘက်ကတော့ သမ္မတ ဇယ်လင်စကီး စေလွှတ်လိုက်တဲ့ အဆင့်မြင့်လုံခြုံရေးကိုယ်စားလှယ်တွေ ပါဝင်ခဲ့ကြပါတယ်။
ဒီသုံးနိုင်ငံဆွေးနွေးပွဲဟာ နှစ်ရက်ကြာမြင့်မှာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက ပြောကြားထားပါတယ်။
အဲဒီဆွေးနွေးပွဲအတွင်း ရုရှားဘက်က အဓိကတောင်းဆိုချက်နှစ်ခု ဖြစ်တဲ့ယူကရိန်းတပ်ဖွဲ့တွေ အရှေ့ပိုင်းဒွန်ဘတ်စ် (Donbas) နယ်မြေကနေ လုံးဝထွက်ခွာပေးဖို့နဲ့ ယူကရိန်းအနေနဲ့ နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းမှုကို အပြီးတိုင်စွန့်လွှတ်ဖို့ပဲ ဖြစ်ပါတယ်။
အဲဒီအပြင် ယူကရိန်းမြေပေါ်မှာနေတိုးတပ်ဖွဲ့တွေ လုံးဝမရှိစေရဘူးဆိုတဲ့ အချက်ကိုလည်း ရုရှားက တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် နယ်မြေခွဲဝေမှုကိစ္စတွေမှာတော့ နှစ်ဖက်အကြား ညှိနှိုင်းမရသေးတဲ့ အချက်တွေ အများကြီး ကျန်နေပါသေးတယ်လို့ဆိုပါတယ်။
အဲဒီရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် (Dmitry Peskov) ကတော့ ယူကရိန်းတပ်တွေ ဒွန်ဘတ်စ်ကနေ ထွက်ခွာပေးဖို့ဆိုတာဟာ ငြိမ်းချမ်းရေးအတွက် မဖြစ်မနေ လိုအပ်တဲ့အချက်ဖြစ်တယ်လို့ ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။
အဲဒီအပြင် တဖက်မှာလည်း သမ္မတ ဒေါ်နယ်ထရန့်က ပဋိပက္ခတွေကို ဖြေရှင်းဖို့ နိုင်ငံတကာဘုတ်အဖွဲ့တခု စတင်ဖွဲ့စည်းခဲ့ပြီး ရုရှားကိုအဲဒီဘုတ်အဖွဲ့ဆီ ဒေါ်လာတ ဘီလီယံ ထည့်ဝင်ဖို့ ကမ်းလှမ်းထားပါတယ်။
အဲဒီငွေတွေကို အမေရိကန်မှာ အပိတ်ခံထားရတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှု (Frozen Assets) တွေထဲကနေ ပေးချေဖို့ သမ္မတ ပူတင်က အဆိုပြုထားကြောင်း သိရပါတယ်။






