Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၄။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး သူ့အပေါ် စွဲဆိုထားတဲ့အမှုတွေကိုတော့ ရွေးကောက်ပွဲပြီးရင်လည်း တရားဥပဒေအတိုင်းပဲဆက်သွားမယ်လို့ စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့မှာပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေဟာ နိုင်ငံရေးထက်လာဘ်ပေးလာဘ်ယူမှုလိုမျိုး ရာဇဝတ်မှုတွေနဲ့ပတ်သက်နေတာကြောင့် ဥပဒေအတိုင်းပဲဆက်ဖြစ်လာမှာပါလို့ မြဝတီမီဒီယာနဲ့အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကတော့ နိုင်ငံရေးအမှုဆိုတာထက် လာဘ်ပေးလာဘ်ယူနဲ့စွဲဆိုခံထားရတာမို့ ဒါတွေဟာရာဇဝတ်မှုနဲ့ ပတ်သက်နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တရားဥပဒေအတိုင်းဆက်ဖြစ်ပါလိမ့်မယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီကျန်းမာရေးနဲ့ပတ်သက်လို့လည်း အရပ်ဘက်နဲ့စစ်ဘက်ကပါရဂူတွေနဲ့ ပုံမှန်စစ်ဆေးပေးနေတယ်လို့ဆိုပေမယ့် လက်ရှိအချိန်ထိဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပနဲ့အဆက်အသွယ် ဖြတ်ထားဆဲဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာဏာသိမ်းချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်းဆယ့်ကိုးမှုနဲ့ ထောင်ဒဏ်သုံးဆယ်သုံးနှစ်ချမှတ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ လွတ်ငြိမ်းခွင့်တချို့ပေးခဲ့လို့ ထောင်ဒဏ်နှစ်ဆယ့်ခုနှစ်နှစ် ကျန်ရှိနေတာပါ။
စစ်ကော်မရှင်ဘက်ကတော့ ကျန်းမာရေးကောင်းတယ်လို့ပြောနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအမှန်ကိုပြသနိုင်တဲ့ သက်သေအထောက်အထား တစုံတရာကိုတော့ အခုထိထုတ်ပြန်ပေးတာ မရှိသေးပါဘူး။






