Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၂၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်က တောင်သူတွေဟာစပါးဈေးကွက်မရှိတာကြောင့် ဒီနှစ်စပါးရိတ်သိမ်းချိန်မှာအရင်းမကျေဘဲ အရှုံးပေါ်နေကြရတယ်လို့ တောင်သူတွေကဆိုကြပါတယ်။
အဲဒီစပါးစိုက်တောင်သူတွေဟာ အရင်က ကျွဲ၊ နွားတွေနဲ့ ထွန်ယက်နိုင်ပေမယ့် ခုအခါမှာတော့ စက်သုံးဆီသုံး စက်ကိရိယာတွေကိုပဲအားထားနေရတာကြောင့် စိုက်ပျိုးစရိတ်ပိုကြီးမားလာနေတယ်လို့ဆိုကြပါတယ်။
အဲဒီစပါးတွေအတွက် စပါးဈေးကွက်လည်းမရှိတာကြောင့် လယ်သမားတွေဟာ မိသားစုစားဝတ်နေရေးအတွက် ရှိတာလေးတွေပေါင်နှံရောင်းချပြီး စားသောက်နေကြရတယ်လို့ဆိုကြပါတယ်။
”ဒီနှစ်ကလယ်သမားတွေပိုပြီးအရှုံးပေါ်တယ်။ စပါးဈေးကလည်း မကောင်းတော့ အရမဖြစ်ဘူး။ စပါးပေါ်စကောက်သေးဆိုရင် တရာကိုသုံးသိန်းခွဲလောက်နဲ့ပဲရောင်းရတယ်။ ကုန်ဈေးနှုန်းတွေကတက်နေတော့ ရတဲ့စပါးက မိသားစုစားဝတ်နေရေးအတွက်တောင်အလည်အပတ် မကောင်းဘူးဖြစ်နေတယ်။”လို့ မြောက်ဦးမြို့နယ်၊ ဝေသာလီရွာရှိစပါးစိုက်တောင်သူတဦးဖြစ်တဲ့ ဦးသိန်းထွန်းက Border News Agency ကိုပြောပါတယ်။
အဲဒီစပါးဈေးမရတဲ့အပြင် စက်ရိတ်ခနှုန်းထားတွေကလည်း မြင့်မားနေတာကြောင့် တောင်သူအချို့ဟာရလာတဲ့စပါးတွေကို အိမ်ထဲအထိမသွင်းနိုင်တော့ဘဲ ကွင်းထဲမှာတင်ဖြစ်တဲ့ဈေးနဲ့ ရောင်းချနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီကောက်သေးစပါး တရာရိတ်ရင် စက်ခကတသိန်းခွဲလောက်ပေးနေရတာကြောင့် စိုက်ခ၊ ကြဲခနဲ့တွက်ရင် အလုပ်သမားခတောင် ပြန်မရဘူးလို့လည်းဆိုကြပါတယ်။
အဲဒီအပြင် လယ်သမားတွေဟာ နောက်နှစ်မိုးရာသီမှာပြန်စိုက်နိုင်ဖို့အတွက် ကောက်ကြီးစပါးတချို့ကိုအိမ်မှာ အကျပ်အတ
ည်းကြားက သိမ်းထားရပြီး မြေဆီဖိုးနဲ့ဆီဖိုးတွေအတွက် ရှိတဲ့ ကျွဲ၊ နွားတွေကို ရောင်းချဖို့ ကြိုးစားပေမယ့်လည်း ဝယ်သူမရှိတာကြောင့် အခက်အခဲ ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
”လယ်သမားဘဝကတနှစ်ထက်တနှစ် ကိုယ့်လယ်ကိုယ်မရှုံးရအောင်ကာကွယ်နေရတဲ့ အဆင့်ပဲ။ အရင်းစိုက်ဖို့စုထားတဲ့ ပစ္စည်းလေးတွေ ရောင်းချပေါင်နှံထားတာ ပြန်မဖော်နိုင်ရင်အားလုံး ဆုံးရှုံးပြီ။ တောင်းဆိုချင်တာကတော့ စပါးဈေးကို ပုံမှန်လည်ပတ်အောင် လုပ်ပေးစေချင်တယ်။ ကောက်သေး တရာကိုငါးသိန်း၊ ခြောက်သိန်းလောက်ရမှ လယ်သမားတွေ တန်းညီညီနဲ့ ရှေ့ဆက်နိုင်မှာပါ။”လို့ ဦးသိန်းထွန်းက ဆက်ပြောပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ တောင်သူတွေအရှုံးမပေါ်စေဖို့အတွက် စံနှုန်းမီစပါးအခြေခံဈေးနှုန်းတခုကို တိတိကျကျ သတ်မှတ်ပေးဖို့ လိုအပ်နေတယ်လို့ တောင်သူတွေကဆိုကြပါတယ်။
အဲဒီအပြင် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်သုံးဆီဈေးနှုန်းတွေကို ဒေသတွင်းမှာ ထိန်းညှိပေးဖို့နဲ့တောင်သူတွေရဲ့ ထွက်ကုန်တွေကိုခိုင်မာတဲ့ဈေးကွက်တခု ဖော်ဆောင်ပေးဖို့ပြည်သူတွေက တောင်းဆိုနေကြပါတယ်။






