Border News Agency
လောက်ကိုင်၊ ဇန်နဝါရီ ၂၆။
ကိုးကန့်အထူးဒေသ ၁ မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းငါးရာနဲ့ အကျဉ်းသားကိုးဦးကို တရုတ်ရိုးရာ “တာကျောင်” ပွဲတော်အထိမ်းအမှတ်အဖြစ် MNDAA က မနေ့ကထပ်မံလွှတ်ပေးလိုက်ပါတယ်။
အဲဒီလွှတ်ပေးလိုက်သူတွေဟာ ချုပ်နှောင်ခံထားရစဉ်အတွင်း အကျင့်စာရိတ္တကောင်းမွန်သူတွေကို စိစစ်ရွေးချယ်ထားတာဖြစ်ပြီး ကျန်ရှိနေတဲ့အကျဉ်းသား လေးဆယ့်ကိုးဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုလွှတ်ပေးတာဟာ တရားဥပဒေစိုးမိုးရေးရဲ့ တိကျမှုကိုပြသတာဖြစ်သလို လူသားချင်းစာနာတဲ့မူဝါဒပိုင်းဆိုင်ရာ စေတနာကိုပါဖော်ပြတာလို့ ဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေအနေနဲ့ အမှားကနေသင်ခန်းစာယူပြီး လမ်းမှန်ပေါ်ပြန်ရောက်ဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အတူတကွပူးပေါင်းပါဝင်လာဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ထောင်နဲ့ချီဖမ်းဆီးရမိခဲ့ရာမှာ ဒဏ်ရာရသူတွေနဲ့အမျိုးသမီး၊ ကလေးငယ်တွေကိုအကြိမ်ကြိမ် ပြန်လည်လွှတ်ပေးခဲ့ပြီးလည်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကိုးကန့်တပ်ဟာ ကိုးကန့်အထူးဒေသ ၁ အဖြစ် လောက်ကိုင်၊ ကွတ်ခိုင်၊ သိန္နီနဲ့ မုံးကိုးဒေသတွေကိုစုစည်းပြီး ခရိုင်လေးခု၊ မြို့တော်တခုမှာ အုပ်ချုပ်ရေးယန္တရားသစ်ကို ပြန်လည်ဖွဲ့စည်းထားပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ တရုတ်ရဲ့ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကော်မရှင်တပ်ဆီပြန်လွှဲပေးခဲ့ရပါတယ်။






