Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၂၆။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာနေတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအမှုအတွက် တရားလိုဂမ်ဘီယာနိုင်ငံဘက်က ဒုတိယအကျော့ လျှောက်လဲချက်တွေကို ဇန်နဝါရီလ ၂၆ ရက်၊ ဒီနေ့ မနက်ပိုင်းမှာ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
အဲဒီ ကြားနာမှုကို နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် Live တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ ICJ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဂမ်ဘီယာဘက်က ဒီနေ့နဲ့ မနက်ဖြန် ၂ ရက်ကြာ လျှောက်လဲချက်ပေးမှာဖြစ်ပြီး မြန်မာဘက်ကတော့ ဇန်နဝါရီ ၂၈ နဲ့ ၂၉ ရက်တွေမှာ နောက်ဆုံးပိတ်လျှောက်လဲချက်တွေ ပြန်လည်တင်သွင်းရမှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ သက်သေတွေကို တံခါးပိတ်စစ်ဆေးတာနဲ့ ဂမ်ဘီယာဘက်က ကျွမ်းကျင်သူတွေကို ပြန်လှန်မေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
အခုကြားနာပွဲဟာ ၂၀၁၉ ခုနှစ်ကတည်းက နှစ်ရှည်ကြာမြင့်နေပြီဖြစ်တဲ့ အမှုဖြစ်စဉ်အတွက် အရေးပါတဲ့အချေအတင် လျှောက်လဲမှုတွေဖြစ်ပြီး နှစ်ဖက်တင်ပြချက်တွေအပြီးမှာတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် ဒီအမှုဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ ရှိ၊ မရှိဆိုတဲ့အပေါ် နိုင်ငံတကာက အာရုံစိုက်နေတဲ့ အမှုဖြစ်တာကြောင့် အခုနောက်ဆုံးအဆင့် ကြားနာမှုရလဒ်ဟာ မြန်မာ့အရေးအတွက် အလွန်အရေးကြီးနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ထားကြပါတယ်။






