Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၃၀။
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေဟာ မြန်မာတနိုင်ငံလုံးက လူအားလုံးအတွက် ရည်ရွယ်တာဖြစ်ပြီး လူ့အဖွဲ့အစည်းတခုတည်းကိုပဲ ဦးတည်ပြီးရေးဆွဲထားတာမဟုတ်ဘူးလို့ စစ်ကော်မရှင်ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကပြောပါတယ်။
အဲဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဝန်ကြီးကပြန်လည်ရှင်းလင်းလိုက်တာဖြစ်ပါတယ်။
အဲဒီဥပဒေဟာ နိုင်ငံသားမဖြစ်သေးတဲ့သူတွေကို ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားစသဖြင့် အဆင့်ဆင့်စိစစ်ပေးသွားတာဖြစ်ပြီး နိုင်ငံအပေါ်သစ္စာရှိသူတွေ ဖြစ်လာတဲ့အခါမှာမှ နိုင်ငံသား ဖြစ်လာစေမယ့် ဥပဒေမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အပြင်ဘက်မှာတော့ဒီဥပဒေကြောင့် အခွင့်အရေးတွေဆုံးရှုံးရတယ်ဆိုပြီး ဥပဒေပြင်ဖို့နဲ့ ဘာမှမစိစစ်ဘဲနိုင်ငံသားတန်းပေးဖို့အထိ တောင်းဆိုတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ဒါဟာတကယ်တမ်း မြေပြင်မှာအဲဒီလူ့အဖွဲ့အစည်းထဲက နိုင်ငံသားကတ်တမျိုးမျိုးရထားပြီးသားသူ နှစ်သိန်းနီးပါးရှိနေပြီး မြန်မာနိုင်ငံအနှံ့မှာ ပျံ့နှံ့နေထိုင်နေကြတာလို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး ရွေးကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိသူ တသိန်းခွဲလောက်အထိ စာရင်းရှိနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကထုတ်ပြန်ထားသလို ဘာအခွင့်အရေးမှမရတော့တာ၊ မဲပေးပိုင်ခွင့်မရှိတာဆိုတဲ့ စွပ်စွဲချက်တွေဟာ အချက်အလက်အမှားတွေသာဖြစ်တယ်လို့ ဦးကိုကိုလှိုင်ကဆိုပါတယ်။






