Border News Agency
ဂွ၊ ဇန်နဝါရီ ၃၀။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့ကို ဇန်နဝါရီလ၂၉ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဂွမြို့ကို ဇန်နဝါရီလ ၂၉ ရက်၊ မနက် ၉ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်က တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းမှဗုံးလေးလုံးနဲ့တိုက်ခိုက်ခဲ့သလို နေ့လည် ၁၂ နာရီ ၃ မိနစ်အချိန်ခန့်ကလည်း ဗုံးငါးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင် ဂွမြို့အနီးပင်လယ်ပြင်ရှိစစ်ကော်မရှင်ရဲ့ ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးနဲ့ဆယ့်ကိုးကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ပေါက်တောမြို့နယ်ရှိ ကျေးရွာနှစ်ကို ဇန်နဝါရီလ၂၈ ရက်နေ့ကလည်းစစ်ကော်ရှင်မှ လေကြောင်းတိုက်ခိုက်ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကိုလည်း အသေခံဒရုန်းနဲ့ မီးလောင်းဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကမိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






