Border News Agency
အိန္ဒိယ၊ မေ ၃၀။
မြန်မာပြည်သူလူထုတရပ်လုံးက ငြင်းပယ်ထားတဲ့ ခေတ်သစ်အာဏာရှင်တဦးကို အဆင့်တူသတ်မှတ်ပြီး ဆက်ဆံတာဟာ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒြာမိုဒီရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကိုပါပြင်းပြင်းထန်ထန်ထိခိုက်စေတယ်လို့ နယူးဒေလီမြို့မှာ ဆန္ဒပြဖို့ပြင်ဆင်နေကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ကို အဓိကကန့်ကွက်ရတဲ့အကြောင်းရင်းဟာ အိန္ဒိယနိုင်ငံကို ဒီမိုကရေစီရဲ့ မိခင်အဖြစ် တန်ဖိုးထားလေးစားကြတာကြောင့်ဖြစ်တယ်လို့ လှုပ်ရှားမှုမှာပါဝင်သူတွေက သူတို့ရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုကြတာပါ။
”မြန်မာပြည်သူတွေငြင်းပယ်ထားတဲ့ အဆိုးဆုံးအာဏာရှင်တဦးကို အခုလိုတန်းတူရည်တူဆက်ဆံတာဟာ ဝန်ကြီးချုပ်မိုဒီကိုယ်တိုင်ရဲ့ သိက္ခာနဲ့သမိုင်းကြောင်းကို ညှိုးနွမ်းစေတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။” လို့ ဒေလီရောက်မြန်မာတဦးက ဆိုပါတယ်။
အိန္ဒိယအစိုးရဟာဒီမိုကရေစီစံနှုန်းတွေကို ထိန်းသိမ်းရမယ့်အစား မိမိကိုယ်ကို သမ္မတအဖြစ်နာမည်တပ်ထားတဲ့ သမ္မတတုမင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့အပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေက စိတ်ပျက်မိတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်လည်း ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဝင်ခွင့်ပြုချက်တင်ပြီး ဆန့်ကျင်ကန့်ကွက်ဖို့ ပြင်ဆင်ခဲ့ကြတာလို့ဆိုပါတယ်။
မေလ ၂၉ ရက်နေ့ ညနေပိုင်းက Jantar Mantar မှာ ဆန္ဒပြဖို့ ပြင်ဆင်ခဲ့တဲ့ မြန်မာဒုက္ခသည် ၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်ခဲ့ပေမယ့် အားလုံးပြန်လည်လွတ်မြောက်လာခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့မြန်မာပြည်သူတွေရဲ့ သဘောထားကတော့ အိန္ဒိယမြေပေါ်မှာရှိနေဆဲလို့ ဆိုပါတယ်။













