Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၃၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာအနီးရှိ ဝန်ထမ်းအိမ်ရာလေးထပ်ဆောင်ကို စက်တင်ဘာလ ၃၀ ရက်နေ့၊ည ၉ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်နေတာမို့ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ကူတွေပေးနေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေကဆိုကြပါတယ်။
“ကျောက်ဆိပ်ရွာနားက လေးထပ်ဆောင်ကိုချခဲ့တာပါ။ လေယာဥ်ဝဲနေတုန်းပါ။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်နေ့၊မနက်ကစတင်ပြီးအာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေပစ်ခတ်နေတာဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ညထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊တန်ဘက်လှန်းရွာကို စက်တင်ဘာလ ၃၀ ရက်နေ့၊မနက် ၆ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်။
အဲဒီတန်ဘက်လှန်းကျေးရွာအပါအဝင်ကျေးရွာတချို့ဟာ စစ်ဘေးရှောင်သွားကြပေမယ့် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်တွေ လာရောက်ပစ်ခတ်နေတာမို့ အရပ်သားပြည်သူတွေ စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။
“လေယာဥ်တွေ ထပ်လာနေပါတယ်။ လေယာဥ်ကချလိုက်ပြန်သွားလိုက်လာချလိုက်လုပ်နေတာပါ။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေနဲ့ဗုံးလာကြဲနေတာဟာ မြောက်ဦးမြို့နယ်ထိနေအိမ်တွေတုန်ခါသွားတယ်လို့ ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို တိုက်လေယာဥ်တွေအကြိမ်ကြိမ်လာရောက်ပစ်ခတ်နေပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုကြပါတယ်။










