Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၃၀။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ပြုလုပ်နေတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကြားနာပွဲမှာ ဂမ်ဘီယာနိုင်ငံဘက်က ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့်နဲ့ နစ်နာကြေးတွေပေးဖို့တောင်းဆိုခဲ့ပါတယ်။
အဲဒီ ဂမ်ဘီယာရဲ့တောင်းဆိုချက်တွေအပေါ်မြန်မာဘက်ကလည်း ဥပဒေကြောင်းအရ ခိုင်မာမှုမရှိတာကြောင့်ပယ်ချပေးဖို့ ပြန်လည်လျှောက်လဲခဲ့ကြပါတယ်။
ဂမ်ဘီယာဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ နောက်ဆုံးပိတ် လျှောက်လဲချက်မှာ ပြည်တွင်းပြည်ပရှိရိုဟင်ဂျာအားလုံးကို အပြည့်အဝနဲ့တန်းတူညီတူရှိတဲ့ “နိုင်ငံသားဖြစ်ခွင့်”အမြန်ဆုံးပေးဖို့ အဓိကတောင်းဆိုခဲ့ပါတယ်။
အဲဒီအပြင် ကျူးလွန်ခဲ့တဲ့ လူမျိုးသုဉ်းစေမှုတွေအတွက်နစ်နာကြေးပေးဖို့၊ အိမ်ယာနဲ့မြေယာတွေပြန်လည်ပေးအပ်ဖို့နဲ့ပါဝင်ပတ်သက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလွတ်လပ်တဲ့တရားရုံးမှာ စစ်ဆေးစီရင်ဖို့ကိုလည်းထည့်သွင်းတောင်းဆိုသွားခဲ့တာပါ။
အဲဒီတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့က ဇန်နဝါရီလ ၂၉ ရက်၊မနေ့က ပြန်ပြီးတုံ့ပြန်ရာမှာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေနဲ့ နစ်နာကြေးပေးဖို့အဆိုပြုချက်အားလုံးဟာ ဥပဒေကြောင်းအရရော၊အချက်အလက်ပိုင်းအရပါ ခိုင်မာမှုမရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။
အဲဒီထဲ အထူးသဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေဟာ လူ့အဖွဲ့အစည်းတခုတည်းကို ဦးတည်ထားတာမဟုတ်ဘဲ တနိုင်ငံလုံးအတွက် စနစ်တကျပြဋ္ဌာန်းထားတာလို့ ဆိုပါတယ်။
မြန်မာဘက်က တရားရုံးသို့တရားဝင်လျှောက်လဲရာမှာ ဂမ်ဘီယာရဲ့လူမျိုးသုဉ်းစေမှုစွပ်စွဲချက်တွေ၊ကြားဖြတ်စီမံဆောင်ရွက်ချက်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နစ်နာကြေးတောင်းဆိုမှု အပါအဝင် အခြားအဆိုပြုချက်အားလုံးကို ပယ်ချပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်နေပြီး ဂမ်ဘီယာရဲ့ တောင်းဆိုချက်တွေဟာအခြေအမြစ်မရှိဘူးလို့လည်း ချေပခဲ့ပါတယ်။
ဒီနှစ်ဖက်အပြန်အလှန် လျှောက်လဲချက်တွေပြီးဆုံးခဲ့ပြီဖြစ်ကာ ICJ တရားရုံးအနေနဲ့ ဂမ်ဘီယာရဲ့ တောင်းဆိုချက်တွေနဲ့ မြန်
မာဘက်က တုံ့ပြန်ချေပချက်တွေအပေါ် ဘယ်လိုမျှတစွာ စီရင်ဆုံးဖြတ်မှာကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။






