Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၁။
ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တာ ငါးနှစ်တိတိပြည့်တဲ့နေ့ဖြစ်ပါတယ်။
ပြည်သူတွေရဲ့မဲဆန္ဒတွေ၊ အသံတွေနဲ့ အနာဂတ်တွေကို စစ်အာဏာရှင်တွေကအတင်းအဓမ္မလုယူသွားခဲ့တာ ငါးနှစ်ရှိပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်အဲရစ် (ကိုထိန်လင်း) က ပြောလိုက်ပါတယ်။
“ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို မတရားဖမ်းဆီးပြီး ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်ထားတာငါးနှစ်ရှိပြီ” လို့ သူကဆိုပါတယ်။
အဲဒီငါးနှစ်အတွင်းမှာ စစ်တပ်ဟာအုပ်ချုပ်တာမဟုတ်ဘဲ ပြည်သူတွေကိုသတ်ဖြတ်၊ အိမ်တွေကိုမီးရှို့ပြီး တနိုင်ငံလုံးကိုအကြမ်းဖက်နေတာလို့ ဆိုပါတယ်။
“မေမေ့စိတ်ကို ကျွန်တော်သိတယ်၊ သူ့ပြည်သူတွေဂုဏ်သိက္ခာရှိရှိနေနိုင်ဖို့ပဲ သူအမြဲဆန္ဒရှိတာ၊ ဒီအတွက်ပဲသူ့ဘဝတခုလုံးကို ပေးဆပ်ခဲ့တာတဲ့” လို့ ကင်အဲရစ်က သူ့မေမေရဲ့ စိတ်ဓာတ်ကိုအခုလို ပြောပြပါတယ်။
ဒါပေမယ့်အခုတော့ မေမေဘယ်မှာရှိနေမှန်းဘယ်သူမှမသိသလို၊ မိသားစု၊ ရှေ့နေ၊ ဆရာဝန်တွေနဲ့ပါ ပေးမတွေ့ဘဲ အပိတ်အဆို့ခံထားရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် မြန်မာနိုင်ငံဟာ ငရဲခန်းထဲ ရောက်သွားရုံတင်မကဘဲ အခုဆိုရင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ လိမ်လည်ဂိုဏ်းတွေ (Scam factories) အခြေစိုက်တဲ့နေရာဖြစ်လာပြီး တကမ္ဘာလုံးရဲ့လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီလို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်လုပ်တဲ့ ရွေးကောက်ပွဲဆိုတာကလည်း တရားဝင်မှုရအောင် လုပ်ကြံထားတဲ့ “အတုအယောင်” ပဲလို့ သူက ဆိုပါတယ်။
အဲဒီအပြင် လွတ်လပ်မှုမရှိဘဲ တရားဝင်မှုဆိုတာမရှိနိုင်သလို နိုင်ငံရေးအကျဉ်းသားတွေကိုဖျောက်ထားပြီး ဒီမိုကရေစီအကြောင်း ပြောလို့မရဘူး” လို့ ကင်အဲရစ်က ပြောပါတယ်။
“မေမေ့ကိုကျွန်တော်တွေ့ချင်တယ်။ ဒါကိုတောင်းဆိုပေးဖို့ ကမ္ဘာကြီးမှာအင်အားရှိပါတယ်” တဲ့။ နှုတ်ဆိတ်နေတာဟာ တရားမျှတမှုဘက်မှာမရှိတာပဲလို့ သူကသတိပေးရင်း။ ငါးနှစ်ဆိုတာအရမ်းကြာနေပါပြီ၊ မေမေနဲ့လူအားလုံးကို လွှတ်ပေးပါ။” လို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။






