Border News Agency
မြောက်ဦး၊ဖေဖော်ဝါရီ ၂။
စစ်အာဏာသိမ်းပြီးနောက်ငါးနှစ်နီးပါးကာလအတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့အမျိုးသမီးပေါင်း ၂,၆၅၂ ဦးအထိ အသက်ဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန (MOWYCA) က ဖေဖော်ဝါရီလ ၁ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။
အဲဒီသေဆုံးမှုတွေမှာ အာရက္ခဒေသဟာ စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းပြီးရင် အမျိုးသမီးသေဆုံးမှု တတိယအများဆုံး ပြည်နယ်အဖြစ် ပါဝင်နေတာကို တွေ့ရပါတယ်။
တော်လှန်ရေးကာလအတွင်း စုစုပေါင်းသေဆုံးသူဦးရေရဲ့ ၂၃.၁ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး အာရက္ခဒေသက အမျိုးသမီးတွေဟာလည်း စစ်ကော်မရှင်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ဆိုးဆိုးရွားရွား ခံစားနေရတာပါ။
အဲဒီထဲ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်မှာ ၁၀၆ ဦးပဲ ရှိခဲ့ပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ ၈၁၃ ဦးအထိ ၈ ဆလောက်များပြားလာခဲ့တာကြောင့် အမျိုးသမီးတွေရဲ့အသက်အန္တရာယ်ဟာ ပိုပြီးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
အထူးသဖြင့် ၂၀၂၅ ခုနှစ်ရဲ့မေလဟာ အမျိုးသမီးတွေ အသေအပျောက် အများဆုံးလဖြစ်ခဲ့ပြီး တလတည်းမှာတင် အမျိုးသမီး ၁၀၀ ကျော်အထိ အသတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။
အာရက္ခဒေသအတွင်းမှာ စစ်ကော်မရှင်က လက်နက်ကြီးတွေနဲ့လေကြောင်းကနေ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာကြောင့် အပြစ်မဲ့တဲ့အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ပေးခဲ့ရတဲ့ အာရက္ခဒေသက အမျိုးသမီးတွေနဲ့ တနိုင်ငံလုံးက အမျိုးသမီးတွေအတွက် တရားမျှတမှု အမြန်ဆုံးရရှိဖို့ ဆက်လက် ကြိုးပမ်းနေတယ်လို့လည်းဆိုပါတယ်။






