Border News Agency
မြောက်ဦး၊ ဖေဖော်ဝါရီ ၂။
အာရက္ခဒေသမှာရှိတဲ့ အာရက္ခပြည်သူ့ရေးရာမူဝါဒနဲ့ စီမံအုပ်ချုပ်ရေးကျောင်း (ASPPA) မှာလစ်လပ်နေတဲ့ နေရာတွေအတွက် ဝန်ထမ်းအသစ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကတည်းက စတင်ခေါ်ယူနေတာ ဖြစ်ပါတယ်။
အဲဒီကျောင်းမှာ တာဝန်ထမ်းဆောင်မယ့်သူတွေဟာစည်းကမ်းတွေကို သေချာလိုက်နာနိုင်ရမယ့်အပြင် အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါမှာလည်း အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်သူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပညာရေးပိုင်းအတွက်ဆိုရင်တော့ ဘွဲ့တခုခုရထားသူ ဖြစ်ရမှာဖြစ်သလိုအင်္ဂလိပ်စာ သင်ပြပေးနိုင်ရမယ့်အပြင်ကွန်ပျူတာအခြေခံကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
နောက်ပြီး ပြည်သူ့ရေးရာမူဝါဒတွေနဲ့ ဆက်စပ်ဘာသာရပ်တွေကို စိတ်ဝင်စားသူ၊ သုတေသနလုပ်ငန်းတွေကို ဝါသနာပါသူတွေလည်း လျှောက်ထားနိုင်ပြီး အသက်၂၇ နှစ်ကနေ ၄၅ နှစ်အတွင်း ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
နည်းပညာပိုင်းမှာတော့ အင်တာနက်အသုံးပြုတာကို နားလည်ရမှာဖြစ်သလို ကွန်ပျူတာဆော့ဝဲလ်တွေကို ကျွမ်းကျင်ရမယ့်အပြင် ပြုပြင်ထိန်းသိမ်းတတ်သူတွေကို ဦးစားပေးခေါ်ယူနေပြီး အသက် ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်း ဖြစ်ရမယ်လို့ဆိုပါတယ်။
အဲဒီအပြင် စာသင်ခန်းသုံး ပစ္စည်းကိရိယာတွေနဲ့ အဆောင်ပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်တဲ့သူတွေကိုလည်း အသက် ၂၅ နှစ်ကနေ ၃၂ နှစ်အတွင်းခေါ်ယူနေတာ တွေ့ရပါတယ်။
နောက်ပြီးရုံးပိုင်းဆိုင်ရာ တာဝန်တွေအတွက် ရုံးလုပ်ငန်းတွေကို အခြေခံနားလည်ရမှာဖြစ်သလို အထူးသဖြင့် Microsoft Excel ကို ကောင်းကောင်းသုံးတတ်ပြီး လူတွေကို ဦးဆောင်နိုင်သူ အသက်ကတော့ ၂၅ နှစ်ကနေ ၃၅ နှစ်အတွင်း ဖြစ်ရမယ်လို့ဆိုပါတယ်။
အဲဒီလိုဝန်ထမ်းခေါ်ယူမှုမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနတွင်း ဝန်ထမ်းတွေသာမက စိတ်ဝင်စားသူ ဘယ်သူမဆို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။






