Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၂။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘာသာဝင်အားလုံး၊ လူမျိုးအားလုံးနဲ့အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို လက်ခံထားတဲ့ မြန်မာဟိန္ဒူယူနီယံ (MHU) ကစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် သူတို့ရဲ့ သဘောထားကို ဖေဖော်ဝါရီလ ၁ ရက်၊ မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ စစ်ဆေးနေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက် တရားခံတွေကိုထိထိရောက်ရောက် အရေးယူနိုင်ဖို့ လုပ်ဆောင်ချက်တွေကို အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါတယ်။
အဲဒီတရားမျှတမှုကို မှန်မှန်ကန်ကန် ဖော်ဆောင်နိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်ပြီး မြန်မာဟိန္ဒူယူနီယံက အလေးအနက် ယုံကြည်နေတာပါ။
ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမဆို အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ အကြမ်းဖက်တာတွေ ကျူးလွန်နေတာကို သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ဟိန္ဒူဘာသာရေး အဆုံးအမတွေအရလည်း ဘယ်သက်ရှိသတ္တဝါကိုမဆို အသက်အန္တရာယ်ပြုတဲ့ လုပ်ရပ်ဟာ ဓမ္မနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြထားပါတယ်။
အဲဒါကြောင့် ICJ တရားရုံးက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးနိုင်ဖို့နဲ့ ကျူးလွန်ခံရသူတွေ တရားမျှတမှုရဖို့အတွက် ICJ နဲ့အတူ ရပ်တည်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို အားပေးကူညီတာ ဒါမှမဟုတ် ပူးပေါင်းပါဝင်တာတွေဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို ဖျက်ဆီးတာပဲ ဖြစ်တယ်လို့ မြန်မာဟိန္ဒူယူနီယံက ဆိုပါတယ်။
ငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ အဲဒီလို လုပ်ရပ်မှန်သမျှကို ရှုံ့ချကြောင်းနဲ့ တရားမျှတမှုကသာ နောက်ဆုံးမှာ အောင်နိုင်ရမယ်လို့ဆိုပါတယ်။






