Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။
မြန်မာနိုင်ငံရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို တပတ်အတွင်းထွက်ခွာဖို့ ဖိအားပေးနှင်ထုတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။
စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုင်ကြားမှုကို တီမောတရားရုံးက လက်ခံအမှုဖွင့်ခဲ့ပြီးနောက်မှာ စစ်ကော်မရှင်တပ်က အခုလိုတီမောသံတမန်ကို နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်ရဲ့ခုလိုလုပ်ရပ်ဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention) ကို ချိုးဖောက်တာဖြစ်ပြီး သံတမန်ရေးအရ ခြိမ်းခြောက်အကျပ်ကိုင်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တီမောနိုင်ငံကို သီးသန့်ရွေးချယ်အရေးယူတာဟာ နိုင်ငံတကာစံနှုန်းတွေကို မလေးစားတာဖြစ်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးတဲ့တီမောနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ကျေးဇူးတင်တယ်လို့လည်း NUG ကဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီမှုတွေတိုးမြှင့်ပေးဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။






