Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၂၈။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ဟာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ Zoom ကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ အစည်းအဝေးမှာ NUG ဘက်က ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့မူဝါဒတွေအပြင် စစ်ဆင်ရေးနဲ့ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတာပါ။
အဲဒီလိုဆွေးနွေးရာမှာ အဓိကအားဖြင့် တော်လှန်ရေးအဖွဲ့တွေကြားပူးပေါင်းဆောင်ရွက်ဖို့နဲ့ မိတ်ဖက်အဖွဲ့တွေကြား ပဋိပက္ခရှိလာရင် အေးအေးချမ်းချမ်းဖြေရှင်းကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
SRA ဘက်ကတက်ရောက်ခဲ့တဲ့ BPLA ခေါင်းဆောင်မောင်ဆောင်းခကလည်း SRA အဖွဲ့ဝင်တွေအပြင် အဖွဲ့ထဲမပါဝင်သေးတဲ့ တပ်ဖွဲ့တွေရဲ့အရေးနဲ့ NUG လက်အောက်ခံမဟုတ်တဲ့ တပ်တွေအပေါ် ထားရှိတဲ့ သဘောထားတွေကိုပါ မေးမြန်းအတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်စလုံးက အပြန်အလှန် အသိအမှတ်ပြုရေး၊ညီညွတ်ရေးတည်ဆောက်ရေးနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပြီး စစ်ရေးနဲ့နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာဖို့အတွက် ဆက်လက်လုပ်ဆောင်သွားကြမယ်လို့လည်း ဆိုပါတယ်။






