Border News Agency
ကူဝိတ်၊ မတ် ၃။
ကူဝိတ်ကောင်းကင်ယံမှာ မတ်လ ၂ ရက်နေ့က မှားယွင်းပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့တဲ့ အမေရိကန် F-15E Strike Eagle တိုက်လေယာဉ်ပေါ်က အမျိုးသမီးလေယာဉ်မှူးကို ဒေသခံကူဝိတ်နိုင်ငံသားတွေက ဝိုင်းဝန်းကူညီကယ်ဆယ်ပေးခဲ့ကြတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖေဖော်ထားပါတယ်။
လေယာဉ်ပစ်ချခံရပြီးနောက် လေယာဉ်မှူးဟာ အရေးပေါ်ထိုင်ခုံနဲ့ ခုန်ထွက်ခဲ့ရာမှာ ကူဝိတ်လူနေရပ်ကွက်အနီးကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
အနီးနားရှိကူဝိတ်ပြည်သူတွေဟာ လေယာဉ်မှူးဆီ ချက်ချင်းသွားရောက်ပြီး လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။
အဲဒီ အမျိုးသမီးလေယာဉ်မှူးအပါအဝင် လေယာဉ်အဖွဲ့သားအားလုံးဟာ ဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။
အမေရိကန်စစ်တပ်ကလည်း ကူဝိတ်နိုင်ငံသားတွေနဲ့ ကူဝိတ်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မြန်ဆန်တဲ့ ကူညီကယ်ဆယ်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။






