Border News Ahency
မဲဆောက်၊မတ် ၃။
မဲဆောက်မြို့ရှိ ရင်းမွေဈေးအတွင်းမှာ တရားမဝင်ထိုင်နေတဲ့ အသက် ၃၆ နှစ်အရွယ်မြန်မာနိုင်ငံသားတဦးကို မတ်လ ၂ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီဖမ်းဆီးမှုကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင်တွေနဲ့အတူခရီးသွားရဲတပ်ဖွဲ့၊ရာ့ချ်မနူး စစ်ကြောင်းတို့ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးရာကနေ ဖမ်းမိခဲ့တာပါ။
အဲဒီအမျိုးသားဟာ နိုင်ငံကူးလက်မှတ် (ဒါမှမဟုတ် အထောက်အထားတစုံတရာ မရှိဘဲ ထိုင်းနိုင်ငံအတွင်း ခိုးဝင်နေထိုင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကို ခွင့်ပြုချက်မရှိဘဲထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှု နဲ့ အမှုဖွင့်ထားပြီး ထိုင်းနိုင်ငံရဲ့ ညှဉ်းပန်းနှိပ်စက်မှုတိုက်ဖျက်ရေးဥပဒေ (Section 22) အရ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် သူ့ကို တာ့ခ်ခရိုင် တမက ရုံးဆီ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက် အရေးယူကာ နေရပ်ပြန်ပို့သွားမယ်လို့ဆိုပါတယ်။
အခုနောက်ပိုင်း မဲဆောက်နယ်စပ်တကြောမှာ တရားမဝင်ခိုးဝင်သူတွေကိုထိုင်းအာဏာပိုင်တွေက အရင်ကထက် ပိုမို တင်းတင်းကျပ်ကျပ်စစ်ဆေးဖမ်းဆီးနေတာကြောင့် နယ်စပ်ဖြတ်ကျော်သူတွေအနေနဲ့သတိထားနေကြဖို့ ထိုင်းရောက်မြန်မာတွေက သတိပေးထားပါတယ်။
အဲဒီဖမ်းဆီးမှုတွေဟာ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားမဝင် ခိုးဝင်မှုတွေကို တားဆီးဖို့အတွက် ထိုင်းအာဏာပိုင်တွေက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတဲ့ စစ်ဆေးမှုတွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။






