Border News Agency
ပုဏ္ဏားကျွန်း၊ မတ် ၃ ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ စုစုပေါင်း ၇,၈၄၃ ဦး ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊မတ်လ ၂ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရသူ အရေအတွက်ဟာ ၈,၀၀၀ နီးပါး ရှိလာတာဖြစ်ပြီး ဖမ်းဆီးခံရသူ ၃၀,၅၃၈ ဦး အထိရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအထဲကမှ ၂၂,၈၁၈ ဦး ဟာ လက်ရှိအချိန်ထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၁၁,၅၇၇ ဦးမှာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က အကျဉ်းသား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့်၊ AAPP ရဲ့ စောင့်ကြည့်မှတ်တမ်းများအရ မတ်လ ၂ ရက်နေ့ ညနေပိုင်းအထိ အကျဉ်းထောင် ၉ ခုကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၂၄၆ ဦး ခန့်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူပေါင်း ၂,၂၃၅ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၁၉၇ ဦး ဟာ အကျဉ်းထောင်တွေအတွင်းမှာပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
AAPP ကတော့ အခုဖော်ပြထားတဲ့ ကိန်းဂဏန်းတွေဟာ လက်လှမ်းမီသမျှ ကောက်ယူထားတာဖြစ်လို့ မြေပြင်မှာ ဒီထက်မက ပိုများနိုင်တယ်လို့ အသိပေးထားပါတယ်။
၅ နှစ်ကျော်ကြာလာတဲ့အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေအတွင်း ပြည်သူတွေရဲ့ ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးချုပ်နှောင်ခံရမှုတွေဟာ လျော့ပါးမသွားဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။






