Border News Agency
အမေရိကန်၊ မတ် ၁၄။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ဟာ အရှေ့အလယ်ပိုင်းဒေသဆီကို အင်အား ၂,၅၀၀ ရှိတဲ့အထူးရေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (31st MEU)နဲ့ ရေတိုက်ခိုက်ရေးသင်္ဘောအုပ်စုတွေကို စေလွှတ်ဖို့ အတည်ပြုလိုက်ပါတယ်။
ဒီတပ်ဖြန့်မှုကိုအမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကအမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ တောင်းဆိုချက်အရ ခွင့်ပြုခဲ့တာဖြစ်တယ်လို့လည်း နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီ အထူးတပ်ဖွဲ့ဟာ ဂျပန်နိုင်ငံမှာအခြေစိုက်တဲ့ USS Tripoli (LHA-7) ရေတိုက်ခိုက်ရေးသင်္ဘောနဲ့အတူ ခရီးစဉ်စတင်မှာဖြစ်ပြီးအဖွဲ့ထဲမှာ USS New Orleans နဲ့ USS San Diego ရေတပ်ဆင်းသင်္ဘောတွေလည်း ပါဝင်နိုင်တယ်လို့ သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။
ဒီတပ်ဖွဲ့ဟာ လျင်မြန်စွာလှုပ်ရှားနိုင်တဲ့အပြင် တိုက်ပွဲဝင်ဖို့ အသင့်အနေအထားရှိတဲ့ တပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။
အခုလို စစ်အင်အားတိုးမြှင့်ရတာဟာ ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေးရေလမ်းကြောင်းတွေကိုကာကွယ်ဖို့နဲ့ ဒေသတွင်း လုံခြုံရေးတိုးမြှင့်ဖို့အတွက် ဖြစ်ပါတယ်။
အထူးသဖြင့် ကုန်တင်သင်္ဘောတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် အခုလိုတပ်ဖြန့်လိုက်တာလို့ သုံးသပ်ကြပါတယ်။
ဒီရေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (MEU) ဟာ ရေတိုက်ခိုက်ရေးတင်မကဘဲ အရပ်သားတွေကိုဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာနဲ့ သံရုံးတွေရဲ့လုံခြုံရေးကို အကာအကွယ်ပေးတာ စတဲ့ ကဏ္ဍစုံမှာ စွမ်းဆောင်ရည်ရှိတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေအရ USS Tripoli သင်္ဘောဟာ ထိုင်ဝမ်ရေလက်ကြားအနီးကနေ ဖြတ်သန်းမောင်းနှင်နေတာကို ဂြိုဟ်တုကနေတဆင့် တွေ့ရှိထားပြီး အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိဖို့အတွက် ၁ ပတ်ကနေ ၂ ပတ်ဝန်းကျင်အထိ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတွေဘက်ကတော့ ဒီလိုစစ်အင်အားစေလွှတ်တာဟာ တပ်မတော်အတွက် မဟာဗျူဟာမြောက် ရွေးချယ်စရာတွေ ပိုများလာအောင်လုပ်ဆောင်တာဖြစ်ပြီး ဒါဟာ မြေပြင်စစ်ဆင်ရေးတွေ ချက်ချင်းစတင်တော့မယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘူးလို့ အလေးအနက် ပြောကြားထားပါတယ်။






