Border News Agency
နေပြည်တော်၊ မတ် ၁၅။
မြန်မာစစ်အုပ်စုဆီ စီးဆင်းနေတဲ့ လက်နက်၊ ခဲယမ်းနဲ့ လေယာဉ်ဆီတွေကို အမြန်ဆုံး ဖြတ်တောက်ပေးဖို့ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
နယူးယောက်မှာကျင်းပတဲ့ အမျိုးသမီးများအခြေအနေဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ သံအမတ်ကြီးက အခုလိုပြောခဲ့တာပါ။
စစ်အုပ်စုဟာ အဲဒီလက်နက်တွေကိုသုံးပြီး အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ ဆိုးရွားနေတယ်လို့လည်း ထောက်ပြပါတယ်။
အဲဒါကြောင့် စစ်အုပ်စုရဲ့ ငွေကြေးအရင်းအမြစ်တွေကို ဖြတ်တောက်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်မှသာ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ကြိုးပမ်းမှုတွေကိုနိုင်ငံတကာက အသိအမှတ်မပြုဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် ဝိုင်းဝန်းကူညီပေးဖို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဲဒါကြောင့် ခုလက်ရှိကြုံနေရတဲ့ ဘေးဒုက္ခတွေထဲကနေ မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ နှောင့်နှေးမနေဘဲ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေကို အချိန်မီလုပ်ပေးဖို့လည်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။






