Border News Agency
ကွတ်ခိုင်၊ မတ် ၁၅။
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာရှိတဲ့ တအာင်းတပ်မတော် (PSLF/TNLA) ရဲ့တပ်စခန်းတွေကို မဟာမိတ်ဖြစ်တဲ့ကိုးကန့်တပ် (MNDAA) မတ်လ ၁၄ ရက်၊ မနက်ပိုင်းမှာဒရုန်းတွေ၊လက်နက်ကြီးတွေနဲ့ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေဟာ ကွတ်ခိုင်မြို့ပေါ်က ဗျူဟာတပ်ကုန်း၊ကာကင်းကုန်းနဲ့ မြို့နယ်အတွင်းက တပ်စခန်း ၅ ခုထက်မနည်းမှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီမူဆယ် ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့ဂိတ်တွေမှာ တာဝန်ကျနေတဲ့ TNLA တပ်ဖွဲ့ဝင် ၄၇ ဦးကို မတ်လ ၁၄ ရက်၊နေ့လည်ပိုင်းမှာလည်း MNDAA ဘက်က လက်နက်တွေနဲ့အတူဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် နမ့်ဖတ်ကာရွာက TNLA စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
MNDAA ဘက်က မတ်လ ၂ ရက်နေ့ကတည်းက TNLA စခန်းတွေကို လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး အခုလို တိုက်ခိုက်ခံရမှုတွေရှိနေပေမယ့် TNLA ဘက်ကတော့ မဟာမိတ်အချင်းချင်းကြား စစ်ရေးအရ ပြန်လည်တုံ့ပြန်တာမျိုး မလုပ်ဘဲ ခုခံကာကွယ်တဲ့ပုံစံနဲ့ပဲ နေထိုင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း TNLA တပ်ဖွဲ့ဝင် ၆၇ ဦးကို MNDAA က ဖမ်းဆီးခဲ့ဖူးပြီး အချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လက်နက်တွေကိုတော့ ပြန်မပေးသေးဘူးလို့ ဆိုပါတယ်။
TNLA ဘက်ကတော့ အခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို မိတ်ဖက်အဖွဲ့အစည်းအချင်းချင်းကြား တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသွားဖို့ အသင့်ရှိနေတယ်လို့လည်းဆိုပါတယ်။






