Border News Agency
မတူပီ၊ ဧပြီ ၁၀။
အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၇ နှစ်ပြည့်နေ့အတွက် ချင်းညီနောင်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး AA ရဲ့ စစ်ရေးနဲ့နိုင်ငံရေးဆိုင်ရာ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေအပေါ် အထူးဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။
ချင်းညီနောင်အနေနဲ့ သူတို့ရဲ့ချင်းဒေသတော်လှန်ရေးခရီးလမ်းမှာ AA ဆီကနေ စစ်ရေး၊ နိုင်ငံရေးနဲ့လေ့ကျင့်ရေးပိုင်းဆိုင်ရာ အကူအညီတွေ အများကြီးရခဲ့တာကြောင့် AA ဟာ သူတို့အတွက် တကယ့်ကိုအားကိုးရတဲ့ အိမ်နီးချင်းကောင်းမဟာမိတ်ဖြစ်တယ်လို့ဆိုပါတယ်။
AA အနေနဲ့ အာရက္ခပြည်သူတွေရဲ့ အမျိုးသားရေးရည်မှန်းချက်ကိုအကောင်အထည်ဖော်နေရုံတင်မကဘဲ တနိုင်ငံလုံးကစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ပါ အရေးပါတဲ့အင်အားစုအဖြစ် ရပ်တည်နေတာကိုလည်း လေးစားအသိအမှတ်ပြုတယ်လို့လည်းဆိုပါတယ်။
ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ပြီး တန်းတူညီမျှတဲ့ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်နိုင်တဲ့အထိ AA နဲ့အတူ လက်တွဲပြီးရှေ့ဆက်သွားမယ်လို့လည်းဆိုပါတယ်။
AAရဲ့အာရက္ခအိပ်မက်တွေ အမြန်ဆုံးအကောင်အထည်ပေါ်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း၊ တိုက်ပွဲဝင်နေကြတဲ့ အာရက္ခစစ်သည်တော်တွေကိုလည်း လေးစားစွာဂုဏ်ပြုဦးညွှတ်ထားပါတယ်။






